သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ


အတိုးနှုန်းတွေ လျှော့ချလိုက်ပေမယ့်လည်း အမေရိကန်နိုင်ငံက ငွေကြေးဈေးကွက်မှာ စတော့ရှယ်ရာ ရောင်းချမှုတွေ မနေ့က ရာခိုင်နှုန်း ထပ်ပြီး ကျသွားပါတယ်။ ဒီကနေ့လည်း အာရှနဲ့ ဥရောပ စတော့ဈေးကွက်တွေမှာ ဈေးတွေ ထပ်ကျခဲ့ပါတယ်။ ဒီအခြေအနေတွေပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေက အစိုးရိမ် ကြီးနေကြတဲ့ အကြောင်း ဗွီအိုအေ သတင်းထောက်တွေ က သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မနေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က Wall Street ငွေကြေးဈေးကွက် အကြီးအကျယ် အရောင်းထိုင်းခဲ့တဲ့ နောက်ပိုင်း ဥရောပနဲ့ အာရှ က စတော့ရှယ်ရာ ဈေးကွက်တွေ မှာလည်း ဒီကနေ့ ဈေးတွေ ထိုးကျခဲ့ပါတယ်။ အင်္ဂလန်၊ ပြင်သစ် နဲ့ ဂျာမဏီ နိုင်ငံတွေက စတော့ဈေးကွက်တွေ စဖွင့်တဲ့အချိန်မှာ အရောင်းအဝယ်တွေက ၁၀ % ကျဆင်း ခဲ့ပါတယ်။ ဂျပန်နိုင်ငံက နစ်ကေး စတော့ဈေးကွက် မှာလည်း ဈေးပိတ်တဲ့အချိန်မှာ ၁၀ % လောက် ကျဆင်းခဲ့ပါတယ်။ ဒါဟာ ၁၉၈၇ ခုနှစ် နောက်ပိုင်း အကြီးမား ဆုံးရှုံးမှု ဖြစ်ပါတယ်။

အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ နယူးဇီလန်၊ မလေးရှား နိုင်ငံတွေ မှာလည်း ရှယ်ရာ ဈေးတွေ ဒီကနေ့ ကျပါတယ်။ ထိုင်ဝမ် စတော့ဈေးကွက် ကတော့ ဒီကနေ့ နိုင်ငံရဲ့ အမျိုးသားနေ့ ဖြစ်လို့ ပိတ်ပါတယ်။အင်ဒိုနီးရှား နိုင်ငံက ဈေးကွက်ကတော့ ဒီကနေ့ အထိ ၃ ရက် ဆက်တိုက် ပိတ်ထားတုန်းပါ။ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ် ပေးတဲ့ အနေနဲ့ရော၊ နောက်ထပ် ဈေးတွေ ဆက်ပြီး မကျအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ရော အခုလို ပိတ်ထားတာလို့ ဆိုပါတယ်။ တနင်္လာနေ့ကျရင်တော့ ပြန်ဖွင့်နိုင်လိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ အရင်းဈေးကွက် စောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင် ဖက်ဒ် ရာမနီ ကပြောပါတယ်။

"တနင်္လာနေ့ကျရင် ပြန်ဖွင့်နိုင်ဖို့ ကျွန်တော်တို့ ပိုကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ရပါလိမ့်မယ်။ ဈေးကွက်က တော်တော် သဘာဝမကျပဲ ဖြစ်နေတာပါ။ ဈေးကွက်ထဲကို မှန်ကန်တဲ့ သတင်း အချက်အလက်တွေ ကျနော်တို့ ပေးရပါလိမ့်မယ်။ အဲဒါဆိုရင် ပိုပြီး ယုတ္တရှိရှိ၊ သဘာဝကျကျ ဈေးကွက်က ဆုံးဖြတ်နိုင်လိမ့်မယ်လို့ အင်ဒိုနီးရှား ဈေးကွက် စောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင် ပြောသွားခဲ့တာပါ။ ဒီတပတ်အတွင်း အင်ဒိုနီးရှား စတော့ဈေးကွက်မှာ ၂၀ % ကျော် ကျဆင်းခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံက အကြီးဆုံး ပုဂ္ဂလိက ဘဏ်ဖြစ်တဲ့ ICICI ရဲ့ ရှယ်ရာတွေလည်း ဒီကနေ့ ၂၀ % ကျော် ကျခဲ့တဲ့ အတွက် တော်တော် အထိနာခဲ့ပါတယ်။"

ဒီလိုအခြေအနေတွေကြောင့် အာရှက အစုရှယ်ရာ ရင်းနှီးမြှုပ်သူတွေဟာ သူတို့ရဲ့ ရှယ်ရာတွေကို တုန်တုန်လှုပ်လှုပ်နဲ့ ထုတ်ရောင်းခဲ့ကြပါတယ်။ ဒီတပတ်ထဲမှာ ကမ္ဘာတဝှမ်းက စတော့ရှယ်ရာ ဈေးကွက်တွေ အတွင်း ၆ ထရီလျှံ ကျော်ကျော် ဆုံးရှုံးခဲ့တာပါ။ နောက်နှစ်ထဲ အထိကို အခု ငွေကြေး ပြဿနာ က ဆက်ပြီး သွားနေ လိမ့်ဦးမယ်လို့ စီးပွားရေး သုံးသပ်သူတွေ တော်တော်များများ တွက်ချက် ထားကြပါတယ်။

မနေ့ကလည်း နယူးယောက်က ဒေါင်းဂျုံး စတော့ဈေးကွက် ပိတ်တဲ့အချိန်မှာ ၇ % ဈေးကျသွားလို့ ဒါဟာဆိုရင် ၂၀၀၃ ခုနှစ် သြဂုတ်လ က စပြီး ဒေါင်းဂျုံးရဲ့ အနိမ့်ဆုံး အခြေအနေပါပဲ။

David Gertz ဟာ High Mark ငွေကြေးလုပ်ငန်းက ကုန်သည်တဦးပါ။ သူ က - "ဈေးကွက်တွေကို လည်ပတ်ဖို့ အတွက် အခုလိုမျိုး ကျနော်တို့ ကြောက်မနေချင်ပါဘူး။ ဒါပေမယ့်လည်း အဲဒီလို ကြောက်ရမယ့် အနေအထား က ရောက်လာနေပါပြီ။ လုပ်ငန်းမှာက အခုလို ဖြစ်နေတဲ့ အခြေအနေတွေက သိပ်ပြီး အရေးပါတဲ့ ကိစ္စပါ။" - လို့ ပြောပါတယ်။

ချီကာဂို ငွေကြေးကုန်သွယ်မှု လုပ်ငန်းက Scott Nations ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း အခုလို ပြောပါတယ်။

"အစိုးရက ဒေါ်လာဘီလျံ ၇၀၀ သုံးပြီး ဝင်ကူညီမယ် ဆိုတဲ့ ကိစ္စဟာ တကယ်ပဲ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ငွေကြေးစံနစ်ထဲကို ငွေတွေ ရောက်လာဖို့က ၄၅ ရက်လောက် ကြာနေမယ် ဆိုရင် ဒီ ၄၅ ရက် ကြားထဲမှာ ကျနော်တို့ က ဒုက္ခရောက်နေဦးမှာပါ။"

ဒီကနေ့ သောကြာနေ့မှာ G-7 လို့ ခေါ်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီး တွေရဲ့ အစည်းအဝေးကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ ကျင်းပဖို့ ရှိပါတယ်။ ပြီးခဲ့တဲ ၁၄ လမှာ အမေရိကန် နိုင်ငံ က စပြီး ဖြစ်ပါွးခဲ့ပြီး ဥရောပနဲ့ ကမ္ဘာတဝှမ်းကို ပြန့်နှံသွားခဲ့တဲ့ ချေးငွေ အကျပ်အတည်း ကိစ္စ အရေးပေါ် အခြေအနေတွေကို ဘဏ္ဍာရေး ဝန်ကြီးတွေ ဆွေးနွေးကြပါလိမ့်မယ်။ အဲဒီမှာ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဌ ရောဘတ်ဇိုးလစ်ခ် လည်း ပါဝင်မှာပါ။ ငွေထုတ်ချေးမှု တွေ ပုံမှန် ပြန်စနိုင်ရေး ဈေးကွက်တွေကို ရပ်တန့်မနေအောင် လုပ်ဖို့ ကိစ္စတွေကို ဘဏ္ဍာရေး ဆိုင်ရာ အရာရှိကြီးတွေ က ဆွေးနွေးကြလိမ့်မယ်လို့ ဆိုပါတယ်။ မနက်ဖြန် စနေနေ့ မှာလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ ပေါ်လ်ဆန် ကလည်း စက်မှုထွန်းကားပြီး ဖွင့်ဖြိုးတဲ့ ကမ္ဘာ့နိုင်ငံ ၂၀ က ဗဟိုဘဏ် အကြီးအကဲတွေ ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ အထူး ဆွေးနွေးပွဲတခုကို ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG