သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်


မြန်မာပြည်ကို နိုင်ငံခြားကနေ တင်သွင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း အမျိုးအစားပေါင်း ၁၆ ခုထဲက ၉ ခုမှာ မယ်လမင်း လို့ ခေါ်တဲ့ ဓာတုပစ္စည်းပါဝင်တာကို တွေ့ရှိခဲ့ရတယ်ဆိုပြီး ဒီကနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ရေးသားထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အစိုးရကနေ မြန်မာပြည်မှာ ရောင်းချနေတဲ့ နိုင်ငံခြားက တင်ပို့တဲ့ နို့ထွက် ပစ္စည်းတွေကို စမ်းသပ် စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေသလို တရုတ်ပြည်ထုတ် နို့ထွက်ပစ္စည်း အားလုံးကို မြန်မာပြည် တင်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

အခုလို ပြည်သူတွေကို သတိပေးတာမျိုးတွေ၊ ပြီးတော့ နိုင်ငံခြားက တင်ပို့တဲ့ နို့ထွက်ပစ္စည်း တွေကို စမ်းသပ် စစ်ဆေးတာ၊ ပိတ်ပင်တာတွေ လုပ်လာတဲ့အတွက် အဓိက တရုတ်ပစ္စည်းတွေ အပေါ် မှီခိုနေကြတဲ့ မြန်မာ ပြည်သူတွေရဲ့ အခြေအနေ၊ ဒါ့အပြင် နို့နဲ့ နို့ထွက်ပစ္စည်း အရောင်းဆိုင်တွေ အခြေအနေ သိရအောင်လို့ ရန်ကုန်မှာ ရှိတဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ မန်နေဂျာတဦး ကို မနန္ဒာချမ်းက ဆက်သွယ်မေးကြည့်ခဲ့ပါတယ်။

အခု ဒီနေ့ မြန်မာ့အလင်းသတင်းစာမှာ နိုင်ငံခြားက တင်သွင်းတဲ့ နို့ မုန့်တွေထဲမှာ ဓါတုပစ္စည်းတွေ ပါတယ်လို့ သိရပါတယ်။ အဲဒါ ဈေးကွက် အခြေအနေ ဘယ်လို ရှိပါသလဲ ရှင့်။ -

“ဒီမှာကတော့လေ တရုတ် နို့မုန့် ဆိုရင် လန့်နေကြတယ်။ လူတွေ မစားရဲတော့ဘူး။ အဲဒီ နို့မုန့်နဲ့ ပတ်သက်တာတင် မဟုတ်ဘူး။ သူ့ဆီက အစားအစာတွေ မုန့်တွေရော အားလုံး မုန့်မျိုးစုံတွေ ဝင်ကြတယ်လေ။ အဲဒါတွေကိုပါ အခု လူတွေက နည်းနည်း လန့်သွားကြတယ်။ ခုနက ပြောသလို နို့မုန့်တွေလည်း ဝင်တယ်၊ အထူးသဖြင့် နို့မုန့်ဈေးကွက် ဆိုပြီးတော့ကို သီးခြား တရုတ်ကနေ ဝင်တယ်။ အခုဟာကတော့ အဲဒါနဲ့ ဆက်နွယ်နေတဲ့ မုန့်မျိုးစုံပဲ နည်းနည်း တန့်သွားတယ်။ ကျန်တာကတော့ ဘာမှ မပြောင်းလဲဘူး။ အဲဒီလို ဖြစ်လိုက်တဲ့အခါကျတော့ ပြည်တွင်းပစ္စည်းကိုပဲ တရုတ်က လွဲရင်ပေါ့လေ။ သို့သော်လည်းပဲ တရုတ်ကလည်းပဲ တံဆိပ်တွေများ ပြောင်းရိုက်ပြီး ဘယ်လိုလုပ်အုံးမလဲ ဆိုတာတော့ မသိကြဘူးလေ ဒါကတော့။ စီးပွားရေး ဆိုတာကလည်း တော်တော်တော့ ပြောရခက်တာကိုး။ တံဆိပ် ဆိုတာကလည်း ဒီပေါ်မှာတင် ထပ်ပြီး ရိုက်လိုက်ရုံပဲ။ အဲဒီလို အပြောင်းအလဲတွေ လုပ်လာတော့လည်း ပြည်သူတွေ အနေနဲ့က အဲဒီလောက်ထိ အဆင့်မမှီတော့ ဘာမှ သိမှာမဟုတ်ဘူးလေ။ ဈေးကွက်ထဲမှာ တင်တော့လည်း ဒါက တရုတ်၊ ဒါက မြန်မာပြည်က ထွက်တာ၊ ဒါက ထိုင်းက ထွက်တာ၊ ဒါက အိန္ဒိယ က ထွက်တာ ဆိုတာမျိုး ဘာမှ မခွဲနိုင်တာကိုး။ နဂိုတုန်းကသာ စာတွေနဲ့ တံဆိပ်တွေနဲ့မိုလို့ ခွဲလို့ ရတာကိုး။ အဲဒီ တံဆိပ်တွေကို လိမ်ပြီး ပြောင်းလဲရိုက်ပြီး ထုတ်ကြမယ်ဆိုရင်လည်း စားသုံးသူကတော့ ယောင်ဝါးဝါး နဲ့ စားသုံးမိကြမှာပဲ။”

မြန်မာပြည်က ထုတ်တဲ့ ပစ္စည်းတွေကျတော့ လူတွေက သိပ် မသုံးကြဘဲ ဘာဖြစ်လို့ တရုတ်ပစ္စည်းကို အရမ်း မှီခိုတာလဲ ရှင့်။ -

“အဲဒါက ဘယ်လို ပြောမလဲ ဆိုတော ပေါချောင်ကောင်း ပေါ့။ တရုတ်က နည်းနည်း ဈေးလည်း သက်သာတယ်။ အရည်အသွေးလည်း ပြည်တွင်းပစ္စည်းတွေထက် မြင့်တယ်။ မြင့်တယ် ဆိုတာက အရောင် အဆင်း အနံ့ အရသာ ပေါ့ခင်ဗျာ။ အခု packing ပိုင်းက အစ စားသုံးသူကို စွဲဆောင်မှုအား ပိုကောင်းတာပေါ့။ အဲဒီ အခြေအနေကြောင့်မိုလို့ တရုတ်ပစ္စည်းကို ကောက်ပိုင်မိတာပေါ့။ မြန်မာပြည်တွင်းက ထုတ်တဲ့ ပစ္စည်းနဲ့ ဘေးပတ်ဝန်းကျင်ပေါ့လေ။ အခြားသော ထိုင်း၊ တရုတ် က ဝင်တဲ့ပစ္စည်းတွေနဲ့ packing ပိုင်းက အစ အားလုံး လူတယောက်ကို အာရုံပိုင်းနဲ့ ပတ်သက်ပြီး စွဲဆောင်မှုအားတွေကြတော့ တော်တော်လေး နည်းပရိယာယ်တွေပေါ့လေ။ သူတို့ လုပ်ထားပုံက သာတယ်ဗျ။ ပြည်တွင်းရဲ့ အားနည်းချက်က ဒါတွေပဲဗျ။”

အခုလိုမျိုးဖြစ်တော့ အဲန်ကယ်လ်တို့ စီးပွားရေး ဈေးကွက်တွေရော ရိုက်ခတ်မှု ရှိလား။ -

“သိရသလောက်တော့ ကိုယ့်ဈေးကွက်နဲ့ကိုယ် အခိုင်အမာ ရှိတဲ့သူတွေအတွက်တော့ မထိခိုက်ဘူး။ အကုန်လုံးကတော့ ယှဉ်ပြိုင်ပြီး သွားနေတဲ့သူတွေကတော့ ပိုပြီးတော့ ထိခိုက်တာပေါ့။”

တခြား တရုတ်ပစ္စည်း အစားအစာတွေရော အဝယ် ဘယ်လို အခြေအနေ ရှိလဲ။ လူတွေက ဆက်သုံးနေတုန်းပဲလား။ -

“တရုတ်ကလုပ်တဲ့ မုန့်တော်တော်များများကိုတော့ လူတွေက တော်တော်လေး ဆင်ခြင်သွားတယ်ပေါ့။ အစား နည်းနည်း လန့်သွားတယ်ပေါ့။ အရမ်းမစားရဲတော့ဘူးပေါ့။ ခါတိုင်းလို။ ခုနက အဲန်ကယ်လ် ပြောသလိုပဲ သူတို့ကလည်း လှည့်ကွက်နဲ့ တရုတ် အစာလို့ မရိုက်တော့ဘဲနဲ့ ပြောင်းလဲပြီး ရိုက်လာလို့ရှိရင် အင်္ဂလိပ်လို ရိုက်လာလို့ ရှိရင် ဒီလူက ခွဲတတ်မှာ မဟုတ်ဘူး။ ဒါကလည်း ချက်ချင်း ပြောင်းလဲလိုက်လို့ရှိရင် ချက်ချင်း ဖြစ်သွားတာကိုး။ တရုတ်နဲ့ကလည်း သိပ်မှ မဝေးတာကိုး။ တချို့ ကုန်တွေ ဝင်နေတာက။”

အလားတူပဲ နောက်ထပ် ရန်ကုန်မှာ ရှိတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်း အရောင်းဆိုင်မှ အရောင်းစာရေး အမျိုးသမီးတဦးကို မေးကြည့်တော့ - သူတို့ဆိုင်မှာ ရောင်းနေရတဲ့ အခြေအနေနဲ့ အခုလို ပြောပြခဲ့ပါတယ်။

“ကျမတို့က ပုံမှန်ပဲရှင့်။ ရောင်းကောင်းပါတယ်။”

တခြားနိုင်ငံက ထွက်တဲ့ နို့တွေ ဘာတွေရော တင်ရောင်းတာမျိုး ရှိလား။ အစ်မတို့ ဆိုင်မှာ။ -

“နွားနီ တံဆိပ် နို့မုန့်ပဲ ရှိတယ်ရှင်။ အဲဒါတွေက သိပ်မရောင်းရဘူး။ မရောင်းရဘူးကို ဖြစ်နေတာပါ ရှင်။”

ဒီနောက်ပိုင်း နွားနီရော တင်သေးလားရှင့်။ -

“တင်ပေမယ့် မရောင်းရဘူး ဖြစ်နေတယ်။ အခု မေးကို မမေးကြဘူး ဖြစ်နေတယ်။”

ဒါ့အပြင် ဘေးဖြစ်စေတဲ့ နို့မုန့်တွေနဲ့ ပတ်သက်တဲ့ ဒီကြေညာချက်တွေကြောင့်မိုလို့ ရန်ကုန်မြို့တွင်းက စတိုးဆိုင်ကြီး တွေမှာ ဒီရက်ပိုင်း နို့မုန့်တွေကို အထူး လျော့ဈေးနဲ့ ရောင်းချနေပါတယ်။ ဝယ်ယူသူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက စတိုးဆိုင်ကြီးတွေက ရောင်းချမှု အခြေအနေကို အခုလို စပြီး ရှင်းပြပါတယ်။

“မြို့ထဲက ဆူပါမားကက် တွေကို ပြောမယ်ဆိုလို့ရှိရင် တပတ်လောက်က လသာ က စတိုးဆိုင်တွေမှာ စပြီးတော့ နို့မုန့်တွေကို promotion ချပေးတယ်။ ချတယ် ဆိုတာက အဲဒီအချိန်တုန်းက လှုပ်လှုပ်ရှားရှား မရှိသေးဘူးပေါ့နော်။ promotion ချပေးတယ်။ ဒါကလည်း တဆိုင်၊ နှစ်ဆိုင်လောက် ကိုပဲ။ အခု မနေ့ကကျတော့ မနေ့တနေ့က စပြီးတော့ပေါ့နော် နှစ်ရက်လောက် ဆက်တိုက် ဒီဘက် မြို့ထဲပိုင်းက ဗိုလ်အောင်ကျော် နားက Central တို့ ဘာတို့မှာ ဆိုလို့ရှိရင် သတင်းစာတွေထဲမှာ ပါတဲ့ တံဆိပ်တွေပေါ့။ အဲဒီ တံဆိပ်တွေကို ထက်ဝက် ဈေးလောက်ထိကို လျော့ပြီးတော့ ရောင်းတယ်။ ဒါ promotion ချပေးထားတာပေါ့နော်။ ပန်းဆိုးတန်းထောင့်က The Home Mark မှာကျတော့ ဘာမှကို မချတာ။ နို့မုန့်ဘူး တောင်မှ ဘာမှ promotion ချထားတာမျိုးတောင် မရှိဘဲနဲ့ ဒီအတိုင်းပဲ ပေါ်ပေါ်တင်တင်ပဲ ရောင်းနေတယ်။ စောစောတုန်းကတော့ ကြက်ငှက်တုတ်ကွေး ဖြစ်တုန်းကလိုပဲ ကြက်ငှက် တုတ်ကွေး မဖြစ်ခင်တုန်းက ကြက်သား မစားရဘူး။ ကြက်ငှက်တုတ်ကွေး ဖြစ်လို့ ကြက်သားဈေးလည်း ကျသွားရော ကြက်သား ဝယ်စားတယ်။ အဲဒီလိုပဲ အခုလည်း ချတယ်။ ချလို့ ဝယ်တဲ့သူ မရှိဘူးလား ဆိုတော့ ဝယ်တဲ့သူ ရှိတယ်။ Central ဆို ဟိုနေ့ကလည်း ရောက်တယ်။ မနေ့ကလည်း ရောက်တယ်။ တနေ့က ချထားတဲ့ ပစ္စည်းတွေက မနေ့က လုံး၀ မရှိတော့ဘူး။ ဝယ်ကြတယ်။”

လောလောဆယ် စမ်းသပ်စစ်ဆေးတာတွေ လုပ်နေပြီး လိုက်လံ သိမ်းဆည်းနေတယ်လို့ အာဏာပိုင်တွေဘက်က ကြေညပေမယ့် ဈေးကွက်ထဲကို အကြောင်းအမျိုးမျိုးနဲ့ ပြန်ဝင်လာမှာကို စားသုံးသူတွေအကြား စိုးရိမ်နေကြပါတယ်။

“ရှေ့က ဖြစ်သွားလည်း နောက်က အဲဒီလိုမျိုး ဈေးကွက်ပေါ် ပြန်ရောက်လာတဲ့ ပစ္စည်းတွေက အများကြီး ရှိတယ်လေ။ ပြီးခဲ့တဲ့ သိပ်မကြာသေးဘူး။ Happy အချိုရည်တုန်းက ဈေးကွက်ပေါ် ပြန်ရောက်လာတယ် ဆိုတာ သတင်းဌာနတွေက နေပြီးတော့ပဲ ပြန်လွှင့်တာပဲ။ အဲဒီလို ပုံစံမျိုးတွေကတော့ ရှိနေတာပဲ။ ဒီ ၂၆ လမ်းမှာ ရှိတဲ့ ရောင်းတဲ့ဆိုင်တွေ ဆိုလို့ရှိရင် သူတို့ကိုယ်တိုင် ပြောပြတယ်။ - ကျနော်တို့ ဟိုက ဝင်လာတဲ့ ပစ္စည်းတွေက parking အထုတ်အကြီးကြီးတွေ နဲ့ ဝင်လာတယ်။ box တွေနဲ့ ဝင်လာတယ်။ ဒီရောက်တော့မှာ ကျနော်တို့ဘာသာ ကျနော်တို့ တံဆိပ်ရိုက်ပြီးတော့ ရောင်းတယ်။ သူတို့ကိုယ်တိုင်လည်း ပြောပြတာတွေ ရှိတယ်။ အဲဒီတော့ ဟိုက သူတို့ သွင်းလိုက်တဲ့ ကုန်ကြမ်းက ဘာလဲ ဆိုတာ မသိနိုင်ဘူး။ ဒီ နို့မုန့် သွားဝယ်မှ သိတာမဟုတ်ဘူးလေ။ တခြား ဈေးကွက်ထဲမှာရှိတဲ့ အလွယ်တကူ ဝယ်စားလို့ရတဲ့ မုန့်တွေပေါ့နော်။ ဘီစကွတ် ပဲ ပြောပြော၊ ချောကလက် ပဲ ပြောပြော၊ ဝေဖာ ပဲ ဖြစ်ဖြစ် အကုန်လုံးက ဒါ နို့ထွက်ပစ္စည်းတွေ ပါနေတာပဲလေ။ ပါနေတော့ အဲဒီ ပစ္စည်းတွေ ကလည်း ဘယ်က ကုန်ကြမ်းကို ယူထားသလဲ ဆိုတာ လိုက်ကြည့်လို့ မရဘူးပေါ့။ အခုဆိုရင် ဒီမှာ ရောင်းနေတဲ့ထဲက သက် နို့မုန့်ဆိုရင် သူတို့ နယူးဇီလန် က နေပြီးတော့ နို့မုန့်ကို တင်သွင်းတာပါ ဆိုပြီးတော့ ကြော်ငြာ နေတယ်။ နောက်ပြီးတော့ နို့ဆီ တမျိုးကလည်း သူတို့ သြစတြေးလျ ကနေ သွင်းတာပါ။ အန္တရာယ် မရှိပါဘူး ဆိုပြီးတော့ပေါ့။”

ရန်ကုန်မြို့က စားသုံးသူ တယောက် ပြောပြသွားတာပါ။

နိုင်ငံခြားကနေ တင်သွင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ မယ်လမင်းဓါတ် ပါဝင်တာ တွေ့ရတယ်လို့ အစိုးရက သတိပေးခဲ့တဲ့အတွက် ဈေးကွက် အခြေအနေနဲ့ ပြည်သူတွေရဲ့ ပြည်သူတွေရဲ့ သုံးစွဲမှု အခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG