သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေး ပြဿနာ၏ အကြောင်အရင်း


အမေရိကန် စီးပွားရေးကို ကယ်တင်ဖို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အမေရိကန် ခေါင်းဆောင်တွေ ရုန်းကန်နေချိန်၊ စီးပွားရေး သတင်းတွေမှာ ချေးငွေ အခြေပြု အာမခံတို့၊ အကြွေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုတဲ့ ထူးထူးဆန်းဆန်း ဝေါဟာရတွေနဲ့ ပြည့်နှက်နေပါတယ်။ မောဂေ့ချ် ဆိုတာကို အိမ်ချေးငွေလို့ လူအများက သိကြပါတယ်။ ငွေ ထုတ်ချေးသူတွေက အတိုးဆိုတဲ့ အဖိုးအခကို အိမ်ချေးငွေထဲမှာ ထည့် ပေါင်းပြီး၊ ငွေချေးသူတွေက ချေးငွေရော အတိုးပါတဲ့ လစဉ် ပေးငွေကို နှစ်ပေါင်းများစွာ ပေးဆပ်ရတာဖြစ်ပါတယ်။ လူတွေဟာ အခုလို ဝေါဟာရအသစ်တွေနဲ့ ဦးနှောက်ခြောက်နေရကြောင်းကို ဗွီအိုအေ သတင်းထောက် ဂျင် ရန်ဒယ်လ်က Wall Streetရဲ့ အသုံးအနှုန်းတွေကို နားလည်အောင် ရှင်းပြထားတာကို ကေသွယ်ခိုင်က တင်ပြထားပါတယ်။

အမေရိကန် တောင်ပိုင်း အပ်တလန်တာနားမှာ အိမ်ဝယ်ထားတဲ့ ဒါနဲလ် ဟော်တွန်လို ဈေးပေါပေါနဲ့ရထားတဲ့ အိမ်ချေးငွေကို ပြန်မဆပ်နိုင်တော့တဲ့ လူတွေကြောင့် အမေရိကားမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြစ်ကုန်ကြရတာပါ။ Subprimeဆိုတာက အစမှာတော့ အတိုးနဲနဲပေးရပြီး နောက်ပိုင်းမှာ ခုန်တက်သွားတဲ့ အတိုးနှုန်းပါတဲ့ အန္တရယ်ရှိတဲ့ ချေးငွေဖြစ်ပါတယ်။ နောက်ပြီး ဒီချေးငွေကို ရဖို့လုပ်ရတဲ့အခါမှာလည်း ချေးတဲ့သူမှာ အလုပ်မှရှိရဲ့လားဆိုတဲ့ စစ်ဆေးမှုတွေ နည်းပါတယ်။

အိမ်ဈေးတွေ တတ်နေသ၍ ငွေချေးသူတွေဟာ အိမ်ကြွေးကို မပေးနိုင်တဲ့အခါ အိမ်ကို ပြန်ရောင်းပြီး အမြတ်ငွေနဲ့ အိမ်ကြွေးကို ပြန်ဆပ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်လို အိမ်ဈေးတွေကျနေတဲ့ အခါမှာတော့ ငွေကြေးအကျပ်ရိုက်နေတဲ့ အိမ်ရှင်တွေရဲ့ အိမ်တွေဟာ အကြွေးနဲ့ ပြန် အသိမ်းခံရပါတယ်။ ဘဏ်နဲ့ အခြား ငွေချေး အဖွဲ့အစည်းတွေက အရှုံး ပေါ်ရပါတယ်။

ချေးငွေ အခြေပြု အာမခံဆိုတာတွေက ပိုပြီး ဒီရိုက်ခတ်မှုကို ကြီးထွားစေပါတယ်။

George Mason တက္ကသိုလ်က ပါမောက္ခ ဂျရယ် ဟန်းဝက်ခ်က အဲဒီ အာမခံတွေဟာ ငွေချေးသူတွေဆီကနေ mortgageကို ဝယ်ထားတဲ့ ကုမ္မဏီတွေက ဖန်တီးတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

“ ချေးငွေ အခြေပြု အာမခံဆိုတာက အခြေခံအားဖြင့် လူတဦးချင်းရဲ့ အိမ်ချေးငွေတွေကို ပေါင်းထားဖြစ်ပါတယ်။ အဲဒီ ပေါင်းထားတဲ့ အာမခံတခုစီမှာ အနဲဆုံး အိမ်ချေးငွေအရေအတွက်ပေါင်း တထောင်နဲ့ တထောင့် ငါးရာကြားမှာ ရှိပါတယ်။ ”

ရင်းနှီးမြုပ်နှံမှု ကုမ္မဏီတွေဟာ ချေးငွေ အခြေပြု အာမခံအဖြစ် ဈေးပေါပေါ ချေးငွေတွေကို ဝယ်ရုံတင်မကဘဲ သူတို့တွေဟာ အဲဒီ အကြွေးဆုံးတွေကို ပြန်ဝယ်ဖို့အတွက်လည်း ငွေချေးပါတယ်။ အဲဒီလို ငွေချေးပြီး ရင်းနှီးမြုပ်နှံတာကဟာ အရှုံးအမြတ်ရဖို့ အင်မတန် မသေချာတဲ့ ကိစ္စဖြစ်ပါတယ်။

မယ်ရီလန်း ယူနီဗာစတီက အလင်ဒါ ကစ်စ် က

“ဒီလို ရင်းနှီးမြုပ်နှံမှုကနေ အမြတ်ကို မြင့်တင်နိုင်သလို အရှုံးကိုလည်း နက်ရှိုင်း စေနိုင်မှာ ဖြစ်ပါတယ်။”

အိမ်ပေါင် ငွေချေးလုပ်ငန်းတွေ ဖောင်းပွလာတဲ့အခါ တချို့တွေ အမြတ်ထွက်နိုင်ခဲ့သလို တချို့ကတော့ အကြွေးပိုနစ်ခဲ့ရတယ်၊ လုပ်ငန်းတွေ ဒေဝါလီခံလိုက်ရပါတယ်။ လီမန် ဘရားသားလို တချို့ ကော်ပရေးရှင်း တွေဟာ ကမ္ဘာ့ စီးပွားရေးမှာ အရေးပါတဲ့ ကဏ္ဍကနေပါဝင်တဲ့ ကြီးမားတဲ့ ကုမ္မဏီကြီးတွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ကျဆုံးမှုကြောင့် ရင်နှီးမြုပ်နှံသူတွေကို ထိတ်လန့်စေပြီး၊ ကမ္ဘာ့ အစုရှယ်ရာ ဈေးကွက်လည်း စောက်ထိုး ကျဆင်းစေပါတယ်။ ဘဏ်တွေနဲ့ ငွေချေးသူတွေဟာ အကြွေးပြန်မရစိုးလို့ အကြွေးပေးဖို့ မကမ်းလှမ်းတော့ပါဘူး။ ပါမောက္ခ ကစ်စ်က ချေးငွေမရတဲ့အခါ လုပ်ငန်းတွေ နှေးကွေးမယ်၊ တချို့ ကုမ္မဏီတွေက သူတို့ အလုပ်သမားတွေကို အလုပ်ဖြုတ်ပစ်မယ်။ အဲဒီအလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေက အသုံးကို လျော့ပစ်မယ်၊ ဒါတွေကြောင့်ပဲ တခြား လုပ်ငန်းတွေကို ထိခိုက်စေမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

“ သူတို့တွေက စားသောက်ဆိုင်တွေဆီကို မသွားတော့ဘူး၊ အကျီ ၤသစ် ဝယ်တော့ဘူး၊ အဲဒီ ဆိုင်တွေက သူတို့ လုပ်ငန်းတွေကို လက်လွှတ်ဆုံးရှုံးရပါတယ်။ ဒါကြောင့် အလုပ်သမားတွေကို အလုပ်ဖြုတ်တယ်။ ဒါတွေဟာ စီးပွားရေး အဆောက်အအုံကြီး တခုလုံးကို ရိုက်ခတ် သွားပါတယ်။”

နောက်ဆုံးတော့ စီးပွားရေးလုပ်ငန်းကြီးဟာ လည်ပတ်မှု ရပ်ဆိုင်းသွားရ ပါတော့တယ်။

အစိုးရရဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေကို ထောက်ခံသူတွေက အကြွေးဆုံး ချေးငွေ အခြေပြု အာမခံတွေကို ဝယ်မယ့် အစီအစဉ်တွေကြောင့် ယုံကြည်စိတ်ချမှု တိုးတက်လာမှာ ဖြစ်ပြီး၊ အကြွေးတွေ ကမ်းလှမ်းလာတဲ့အခါ စီးပွားရေး ပြန်တက်လာမှာ ဖြစ်ပါတယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် သာမန် အမေရိကန် နိုင်ငံသားတွေ ဝယ်ယူ သုံးစွဲတာတွေလုပ်ဖို့ ပြန်ပြီး အားတက်လာပြီး အမေရိကန် စီးပွားရေးကို ပြန်လည် နိုးကြားစေလာမလား ဆိုတဲ့ မေးခွန်းကတော့ ရှိနေဆဲပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG