သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ (၈) ဦး ဖမ်ဆီးခံရ


မြန်မာနိုင်ငံတွင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို ထိန်းသိမ်းထားတာတွေ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေတာတွေနဲ့ ပတ်သက်လို့ ပြစ်တင် ဝေဖန်သံတွေ ရှိနေတဲ့ကြားထဲကပဲ အခုနောက်ဆုံး တက်ကြွလှုပ်ရှားသူ အနည်းဆုံး (၈) ယောက်ကို အာဏာပိုင်တွေက ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) လို့ခေါ်တဲ့ လူငယ် တက်ကြွ လှုပ်ရှားသူတွေ ပြီးခဲ့တဲ့ အပတ်အတွင်း နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့နောက်၊ နောက်ဆက်တွဲ အဖြစ် အခုလို ဖမ်းဆီးခံခဲ့ကြရတာလည်းဖြစ်ပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးက တင်ပြပေးပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့က ဒီမိုကရေစီရေး၊ လွတ်လပ်ခွင့်တွေအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ လှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့နောက် ဒီအထဲက တချို့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ Generation Wave ဖွဲ့စည်းပြီး ဒီမိုကရေစီရေး လှုပ်ရှားခဲ့တာ တနှစ်ပြည့်အဖြစ် အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းတွေကို ဖြန့်ချီခဲ့အပြီး သူတို့ရဲ့ အဖွဲ့ဝင် (၄) ဦးအပါအဝင် (၈) ဦး ဖမ်းဆီးခံခဲ့ရတာလို့ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမိုဃ်းသွေး က ပြောပါတယ်။

“၉ ရက်နေ့မှာ ညီညီ ခေါ် ရဲကိုကို ရယ်၊ ကိန်းကြီး ရန်မင်းအောင် ရယ်၊ နောက်ပြီး အောင်ပိုင်ဆိုတဲ့ တယောက်ရယ်၊ သူတို့က စာရွက်ဝေတယ်။ ပြီးတော့ အိမ်ပြန်လာတယ်။ သူတို့ နောက်က လိုက်လာတယ်လို့ ယူဆရတယ်။ ညနေ ၄နာရီ သူတို့ ရှိနေတဲ့ အချိန်မှာ ရဲကားတွေ လာပြီး ဖမ်းသွားတယ်။ ဖမ်းတော့ အိမ်မှာရှိနေတဲ့ သူတို့ရဲ့ အစ်ကိုရော၊ သူငယ်ချင်းတွေရော၊ အားလုံး လူ ၇ယောက်ကို ခေါ်သွားတယ်။ ညဘက်မှာ စစ်ကျောတယ်နဲ့ တူပါတယ်။ နောက်နေ့ မနက်မှာ ကိုငြိမ်းချမ်းဆိုတဲ့ လူကို ဖုန်းဆက်တယ်။ တနေရာမှာ ချိန်းတယ်။ ပြီးတော့ ကိုငြိမ်းချမ်းကိုပါ ဖမ်းသွားတယ်။ စာတွေဝေခဲ့တာက တမြို့လုံးမှာ အားလုံး ဝိုင်းပြီး လှုပ်ရှားကြတယ်။ အဓိကကတော့ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ စံပြဈေး ပတ်ဝန်းကျင်၊ သုဝဏ္ဏတို့လို နေရာမျိုးတွေမှာလို့ ပတ်ဝန်းကျင်က ပြောတာကြားတယ်။ ဝေတဲ့စာတွေက တနိုင်ငံလုံးမှာ ရှိတဲ့ မြို့တော်တော်များများမှာ အားလုံးပေါင်း စာရွက်ရေ တသိန်းခွဲလောက် ဝေခဲ့တယ်။ အဲဒီမှာက GW လက်မထောင်နေတဲ့ အမှတ်တံဆိပ်ပါတဲ့ စာရွက်မှာ အာဏာရှင်စံနစ် အဆုံးသတ်နှစ် ၂၀၀၈၊ ဆင်းရဲတွင်းက လွတ်မယ့် နှစ် ၂၀၀၈၊ ဒုက္ခတွင်းမှ လွတ်မယ့်နှစ် ၂၀၀၈၊ ဒီမိုကရေစီ ရမယ့်နှစ် ၂၀၀၈ဆိုတာပဲ ဖြစ်ပါတယ်။”

ဒီလို အာဏာပိုင်တွေဖက်က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ အပါအဝင် နည်းအမျိုးမျိုးနဲ့ နှိမ်နင်းတာတွေ လုပ်နေပေမယ့်လည်း တက်ကြွလှုပ်ရှားသူတွေကတော့ ဆက်လုပ်သွားဖို့လည်း ရှိနေကြပါတယ်။ အခုဆိုရင်လည်း Generation Wave အဖွဲ့က သူတို့အဖွဲ့ဝင်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံရတာတွေ ရှိနေပေမယ့်လည်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် ဆက်လုပ်သွားဖို့ သန္နိဓာန် ချထားပြီးသားလို့ ဆိုပါတယ်။

“အားလုံး အယောက် ၂၀ ဝန်းကျင်မှာရှိနေပါပြီ။ မတ်လမှာ အဖမ်းခံရတာ ဆယ်ယောက်ကျော်ရှိတယ်။ ဇွန်တို့ သြဂုတ်လတွေမှာ၊ စက်တင်ဘာလတွေမှာလည်း ရှိခဲ့ပါသေးတယ်။ စက်တင်ဘာလမှာဆိုရင် ကိုစောမောင်၊ ကိုကျော်ဦး ရှိတယ်။ အောက်တိုဘာ မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုမှာတော့ လူဖမ်းသွားတာကတော့ ၈ယောက်၊ ကျွန်တော်တို့ အဖွဲ့ဝင်ကတော့ ၄ယောက်ပါပါတယ်။ ဖမ်းဆီးတာကတော့ သူတို့ အလုပ်ပေါ့။ အာဏာရှင်စနစ်ကိုက ဖိနှိပ်ရေး ယန္တရားကိုပဲ အခြေပြု ရပ်တည်ရတာပေါ့။ သူတို့က သူတို့အလုပ်ကို လုပ်မှာဖြစ်သလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အလုပ်ကို လုပ်သွားမှာပါခင်ဗျ။ နအဖ အာဏာပိုင်တွေရဲ့ လုပ်ရပ်က မကြာသေးခင်က ထွက်တဲ့ အစီရင်ခံစာ တစောင်ရှိတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကိုယ်တိုင် လာရောက်စဉ်တုန်းက အမျိုးသား ညီလာခံ ကော်မတီက ထုတ်ဖော်ပြောထားတာ တခု ရှိတယ်။ သူတို့ ၉၂ရာခိုင်နှုန်းနဲ့ အတည်ပြုထားတဲ့၊ အခြေခံဥပဒေမှာ အခန်း ၁နဲ့ အခန်း ၈တို့မှာ ပြောထားတာက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုရုံးခွင့်၊ ဆော်သြလှုပ်ရှားခွင့်ဆိုတဲ့ အချက်တွေ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံတကာ လူ့အခွင့်ရေး အခြေခံအချက်တွေမှာပါတဲ့ အသင်းအဖွဲ့တွေ ဖွဲ့စည်း လှုပ်ရှားခွင့်၊ ငြိမ်းချမ်းစွာ စုဝေးလှုပ်ရှားခွင့် စတဲ့ အချက်တွေကို အာမခံထားတယ်ခင်ဗျ။ အခြေခံ ဥပဒေ အသစ်အရရရော၊ သူတို့ သွားမယ့် လမ်းညွန်မြေပုံမှာရော အာမခံထားတယ်ခင်ဗျ။ ကျွန်တော့်တို့ လှုပ်ရှားမှုဟာ မိမိတို့ လွတ်လွတ်လပ်လပ် ယုံကြည်တာကို၊ အယူအဆတွေကို ဖော်ထုတ်တာဖြစ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ ရည်ရွယ်ထားတယ်။ ငြိမ်းချမ်းတဲ့ နည်းနဲ့ လှုပ်ရှားဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒီလို အဖဲ့ွအစည်းမှာ ပါလို့ ဖမ်းတယ်ဆိုရင်၊ လှုပ်ရှားမှုတွေကို လုပ်လို့ ဖမ်းတယ်ဆိုရင်၊ သူတို့ ပြောတဲ့စကားကို သူတို့ ကိုယ်တိုင် အရင်ဆုံး ချိုးဖောက်နေတာဖြစ်တယ်။”

မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့က တာဝန်ခံတဦးဖြစ်တဲ့ ကိုမိုဃ်းသွေး ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အခုလို ဖမ်းဆီးနေတာ၊ အများအပြားကိုလည်း ဆက်လက်ထိန်းသိမ်းထားတဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေကလည်း ရှိနေတာပါ။ ဒီလို အဖမ်းအဆီးတွေ သတင်းတွေ ထွက်ပေါ်မလာခင် ပြီးခဲ့တဲ့ အပတ်ထဲမှာတုန်းကလည်းပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟဲ ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာစေဖို့အတွက် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့က စိန်ခေါ်မှုတွေအဖြစ် ရှိနေဆဲပဲဆိုပြီး ကုလသမဂ္ဂကို တင်သွင်းတဲ့ သူ့ရဲ့ အစီရင်ခံစာထဲမှာ ပြောဆိုခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ကဆိုရင်လည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကင်းမဲ့နေတာတွေနဲ့ ပတ်သက်လို့ ပြစ်တင်ဝေဖန်ခဲ့သလို၊ နိုင်ငံရေး လှုပ်ရှားလို့ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်လာဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက ဦးစားပေး ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG