သုံးရလွယ်ကူစေသည့် Link များ

ဘဏ်တွေအားဖြည့်ရန် အမေရိကန်အစိုးရ ဆောင်ရွက်


ငွေကြေးလုပ်ငန်းကြီးတွေကို ကျားကန်ပေးရင်းနဲ့
ချေးငွေတွေ ပြန်လည်ပတ်နိုင်စေရေးအတွက်
ညှိနှိုင်းကြိုးပမ်းမှုတွေကို နိုင်ငံတကာ အတိုင်း
အတာနဲ့ အစိုးရတွေက ဆက်လက်လုပ်ဆောင်နေ
ချိန်မှာ ဒုတိယနေ့ ဆက်တိုက်အဖြစ် ကမ္ဘာ့
စတော့ခ်ဈေးတွေ တက်ခဲ့ပါတယ်။ အမေရိကန်ရဲ့
ဘဏ်စနစ်ကို ကယ်တင်နိုင်မယ့် အရေးပေါ်
ဆောင်ရွက်ချက်အသစ်ကိုလည်း သမ္မတဘုရှ်က
ဒီနေ့ ကြေညာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်
ပြီး ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း
(Michael Bowman) သတင်းပေးပို့ထားတာကို
ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမေရိကန်ရဲ့ ပုဂ္ဂလိကပိုင် ဘဏ်တွေမှာ အစိုးရက အရင်က အစဉ်အလာ မရှိခဲ့တဲ့
အစီအစဉ်နဲ့ တိုက်ရိုက်ပါဝင်ပတ်သက်စေတဲ့ အသေးစိတ်အစီအစဉ်ကို အမေရိကန်
ငွေကြေးဈေးကွက်တွေ မဖွင့်မီ သမ္မတဘုရှ်က ကြေညာလိုက်တာဖြစ်ပါတယ်။ ဗဟို
အစိုးရအနေနဲ့ ဒီဘဏ်ကြီးတွေရဲ့ တချို့စတော့ခ်တွေကို ဝယ်ယူခြင်းအားဖြင့်
ဒီဘဏ်တွေရဲ့ ငွေလုံးငွေရင်းကို အားဖြည့်ပေးမှာ ဖြစ်ပါတယ်။

"အခုရင်းနှီးငွေတွေဟာ လက်ရှိ အခြေအနေကောင်းတဲ့ ဘဏ်တွေအနေနဲ့ စီးပွားရေး
လုပ်ငန်းတွေနဲ့ စားသုံးသူတွေကို ငွေထုတ်ချေးစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ
အကျပ်အတည်းတွေနဲ့ ရုန်းကန်နေကြရတဲ့ ဘဏ်တွေအတွက်လည်း သူတို့ဆုံးရှုံးခဲ့တဲ့
ငွေယိုပေါက်တွေကို ပိတ်စေပြီး တခါ ငွေပြန်ထုတ်ချေးစေနိုင်မှာဖြစ်သလို အလုပ်
အကိုင်လည်း ဖြစ်ထွန်းပြီး စီးပွားရေးလည်း အားကောင်းလာစေမှာ ဖြစ်ပါတယ်။"

ဒါ့အပြင် ဘဏ်အချင်းချင်းကြား ထုတ်ချေးတဲ့ ကာလတိုချေးငွေ အပါအဝင် စုဆောင်း
ငွေတွေအတွက် အာမခံထုတ်ပေးတဲ့ ဘဏ်တွေအတွက်လည်း ချေးငွေတွေကို ဗဟို
အစိုးရက တာဝန်ယူပြီး အာမခံပေးမှာဖြစ်တယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေအတွက်လည်း နေ့စဉ်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ငွေကို အခက်
အခဲမရှိ ချေးယူနိုင်စေမယ့် ခြေလှမ်းတွေကိုလည်း ဗဟိုအစိုးရက ယူမှာဖြစ်တယ်လို့
သိရပါတယ်။

ဒါပေမယ့် ယူမယ့်ခြေလှမ်းတွေဟာ ယာယီပဲဖြစ်တယ်လို့ သမ္မတက အလေးအနက်
ပြောပါတယ်။ လွတ်လပ်တဲ့ဈေးကွက်ကို အစိုးရက တာဝန်ယူ ထိန်းချုပ်ဖို့ မရည်ရွယ်ဘဲ
ဆက်လက်ရှင်သန်နိုင်ရေးအတွက် ပံ့ပိုးပေးတာပဲဖြစ်တယ်လို့လည်း မစ္စတာဘုရှ်က
ပြောပါတယ်။

အိမ်ဖြူတော်က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရေးပေါ် စီးပွားရေးတည်ငြိမ်မှု
သက္ကရာဇ် ၂၀၀၈ အက်ဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ အခက်အခဲ ကြုံတွေ့နေရ
တဲ့ ဘဏ်တွေထံက စတော့ခ် စသဖြင့်တို့ကို ဝယ်ယူရာမှာ ဒေါ်လာ ၃၅၀ ဘီလီယံအထိ
သုံးစွဲခွင့်ပြုထားတာ တွေ့ရပါတယ်။ ဒီငွေဟာ ဒီလစောစောပိုင်းက အထက်နဲ့ အောက်
လွှတ်တော် နှစ်ရပ်က အတည်ပြုခဲ့ပြီး သမ္မတဘုရှ် လက်မှတ်ရေးထိုးခဲ့တဲ့ ဒေါ်လာ
ဘီလီယံ ၇၀၀ ကယ်တင်ရေးအစီအစဉ်ကနေ ထုတ်ယူသုံးစွဲရမှာ ဖြစ်ပါတယ်။
ဒီအရေးယူဆောင်ရွက်မှုသစ်ရဲ့ တချို့အချက်တွေဟာ တနင်္လာနေ့က ဥရောပက
ထုတ်ပြန်တဲ့ အစီအစဉ်မှာလည်း ထင်ဟပ်ပေါ်လွင်တာ တွေ့ရပါတယ်။

ဒီအတောအတွင်း ကမ္ဘာ့စတော့ခ်ဈေးကွက်ကတော့ ဆက်ပြီး အားကောင်းနေတာ
တွေ့ရပါတယ်။ မနေ့က မယုံနိုင်လောက်အောင် စတော့ခ်ဈေးတွေ တက်ခဲ့ရာမှာ တိုကျို
နစ်ကေး (Nikkei) အညွှန်းကိန်းဟာ ၁၄% ကျော် တက်ခဲ့ပါတယ်။ ညနေပိုင်းအရောင်း
အဝယ်မှာလည်း ဥရောပဈေးကွက်တွေမှာ ၅% ကနေ ၇% အထိတက်ခဲ့တာ တွေ့ရပါ
တယ်။

အမေရိကန် ဒေါင်းဂျုံးစ် (Dow Jones) စက်မှုပျှမ်းမျှကတော့ တနင်္လာနေ့က ၁၁%
ကျော် တက်ခဲ့တဲ့အတွက် ဒါဟာ ၁၉၃၃ ခုနောက်ပိုင်းမှာ တနေ့တည်း အများဆုံး
ဈေးတက်တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG