သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်


ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးချီတက်လာတော့ မေးစရာရှိတာက သူတို့တွေ ဘာကိုလိုချင်တာလဲ ဆိုတာထက် စစ်အစိုးရက ဘယ်တော့ နှိမ်နှင်းတော့မလဲ ဆိုတာပါပဲ။ အဖြေကတော့ သိပ်မကြာပါဘူး။ စက်တင်ဘာ ၂၆မှာ လက်နက်တွေနဲ့ စစ်သားတွေ၊ လုံထိန်းရဲ့တွေပါတဲ့ စစ်ကားတွေဟာ ရန်ကုန်မြို့ လမ်းမတွေအပေါ်မှာ အပြည့်၊ မျက်ရည်ယို ဗုံးတွေ ဖောက်ခွဲ၊ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူတွေနဲ့ ငြိမ်းချမ်းစွာ ကံဆောင်နေတဲ့ သံဃာတော်တွေကို သေနတ်တွေနဲ့ ပစ်၊ ရိုက်နှက်ပြီး ချီတက်လာတဲ့ လူအုပ်ကြီးကို စစ်တပ်က အပီအပြင် ဖြိုခွင်းခဲ့ပါတယ်။ သုံးရက်တာပဲ ကြာခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုမှာ လူ ၃၁ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

စစ်အစိုးရက လောင်စာဆီ ဈေးနှုန်း ရုတ်တရက် မြှင့်တင်တာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ရတာက စပြီး မြန်မာပြည်သူတွေ စားဝတ်နေရေး ပိုပြီး ကျပ်တည်းလာရတဲ့ အဖြစ်ကို မြင်တွေ့နေရတဲ့ သံဃာတော်တွေက တိုင်းပြည်ကြီး အကျပ်အတည်းက လွတ်မြောက်ပြီး ငြိမ်းချမ်းပါစေဆိုပြီး လမ်းမပေါ်ထွက် ဆုတောင် မေတ္တာပို့ခဲ့တာကနေ ရွှေဝါရောင်တော်လှန်ရေး စတင်ခဲ့ရတာပါ။

၁နှစ်ကြာလာတဲ့ ဒီနေ့အချိန်မှာတော့ ရဟန်းသံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ခါးသီးဖွယ် အထိမ်းအမှတ်တခု ဖြစ်နေပါတယ်။

၁၉၉၈ခုနှစ်ကတည်းက နိုင်ငံရေး လှုပ်ရှားခဲ့ပြီး ၂၀၀၁ခုနှစ်မှာ စစ်အစိုးရက လိုက်လံ ဖမ်းဆီးမှုကြောင့် မြန်မာပြည်ကနေ ထွက်လာခဲ့ရတဲ့၊ “Burma Democratic Concern” အဖွဲ့ရဲ့ ဒါရိုက်တာ ကျော်လင်းဦးက သူ့ရဲ့ သူငယ်ချင်း ၄၅ယောက် အဖမ်းခံခဲ့ရတဲ့ အကြောင်းနဲ့ ရွှေဝါရောင်လှုပ်ရှားမှုအပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်ခဲ့ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။

“တနှစ်ပတ်လုံး ဖမ်းဆီးမှုတွေ၊ မိသားစုနဲ့ ကွဲကွာရတာတွေ၊ သတ်ဖြတ်တဲ့ မြင်ကွင်းတွေကို မြင်တွေ့နေ၊ ကြားနေကြရတဲ့အတွက် မြန်မာပြည်သူတွေက စစ်အစိုးရကို အတော်လေး ဒေါသထွက်နေကြပါတယ်။”

မြန်မာ့အရေး လေ့လာသုံးသပ်သူ လယ်ရီ ဂျေဂငက်က မြန်မာပြည်သူတွေဟာ ကိုယ့်ရဲ့ ဆန္ဒတွေကို လူထုကြားမှာ အရင်ကထက် ပိုပြီး ပြောရဲ ဆိုရဲ ရှိလာတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေက အရင်ကထက် ဒေါသတွေ ပိုပြီး ထွက်လာနေကြပါတယ်။ တိုင်းပြည်မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ အများကို ပြောပြဖို့အတွက်လည်း အရင်ကထက် အကြောက်တရား နည်းပါလာတယ်လို့ သုံးသပ်မိပါတယ်။ မြန်မာပြည်သူတွေရဲ့ စိတ်ထဲ၊ နှလုံးသားတွေထဲမှာ ရွှေဝါရောင် လှုပ်ရှားမှုကို မမေ့သေးပါဘူး။ စစ်တပ်ရဲ့ ရက်ရက်စက်စက် နှိမ်နှင်းခဲ့တာကိုတော့ ပိုပြီးတော့ မေ့နိုင်မှာ မဟုတ်ပါဘူး။”

ထိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာရောက် မြန်မာ့ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားသူတွေနဲ့ သံဃာတော်တွေကတော့ ရွှေဝါရောင် နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက ကိုကျော်လင်းဦးက မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဆက်ပြီး လုပ်သွားမယ်လို့ ပြောပါတယ်။

“စစ်အစိုးရက ပြည်သူတွေ ကောင်းကျိုးအတွက် မလုပ်သေးသ၍ ကျွန်တော်တို့ ဆက်ပြီး လှုပ်ရှားသွားရမှာပါ။ စစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျွန်တော်တို့ ရှေ့မှာ ပိုပြီး စည်းလုံးညီညွတ်သွားမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၂ဆတိုးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်တွင်းမှာ နောက်ထပ် ဥပဒေမဲ့ နေအိမ် အကျယ်ချုပ် သက်တမ်း ထပ်တိုးထားလိုက်တယ်လု့ိ သူ့ရဲ့ ရှေ့နေက ဆိုပါတယ်။

စစ်အစိုးရကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ၂၀၀၈ခုနှစ် မေလမှာ ကန့်ကွက်သူတွေ ရှိတဲ့ ကြားကပဲ အတည်ပြုခဲ့ပြီး လာမယ့် ၂၀၁၀မှာ ရွေးကောက်ပွဲ နောက်တခု လုပ်ဖို့အတွက်လည်း ပြင်ဆင်နေပါပြီ။

ပြီးခဲ့တဲံ ရက်ပိုင်းတွေ အတွင်းက နိုင်ငံရေး အကျဉ်းသားတချို့ လွှွတ်ပေးခဲ့တာ ရှိပေမယ့် တချို့ကို လွှတ်ပေးပြီး နာရီပိုင်းအတွင်းမှာ ပြန်လည် ထိန်းသိမ်းခဲ့တာတွေ ရှိပါတယ်။ ရန်ကုန်မြို့နဲ့ အချို့ နယ်မြို့တွေမှာလည်း လုံခြုံရေးအတွက် ဆိုပြီး လမ်းထောင့်တိုင်းမှာ စစ်ကားတွေနဲ့ လုံခြုံရေးတပ်တွေ အပြည်ချထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG