သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဝယ်လိုအား ကျဆင်းမှုကြောင့် အာရှစတော့ခ်ဈေး ထိုးကျ


အမေရိကန်ပြည်ထောင်စုတဝှမ်း ထုတ်ကုန် လက်လီရောင်းဝယ်မှုတွေ ကျဆင်းခဲ့ပြီး
နောက်ပိုင်း အာရှ စတော့ခ်ရှယ်ယာဈေးတွေလည်း ထိုးကျခဲ့ပါတယ်။ အမေရိကန်
ပြည်ထောင်စုအတွင်း ကုန်ပစ္စည်းတွေ အရောင်းထိုင်းပြီဆိုရင် အာရှစီးပွားရေးလုပ်ငန်း
ရှင်တွေ အထူးသဖြင့် အထိနာလေ့ရှိပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ မြန်မာနိုင်ငံအပေါ်မှာ
ရော ရိုက်ခတ်မှု ရှိနိုင်ပါသလား။ ဗွီအိုအေသတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel
Schearf) ရဲ့ ဘေဂျင်းက သတင်းပေးပို့ချက်နဲ့အတူ ကိုသိန်းထိုက်ဦးက စုစည်းတင်ပြ
ပေးထားပါတယ်။

တိုကျို စတော့ခ်ဈေးကွက် နစ်ကေး (Nikei) ညွှန်းကိန်းဟာ ဒီနေ့ ၁၁% အထိ ထိုးကျခဲ့
တာပါ။ ၂၁ နှစ်အတွင်း အနိမ့်ဆုံးဈေးကို ထိုးကျခဲ့တာဖြစ်ပါတယ်။ ကိုရီးယားရဲ့ အဓိက
စတော့ခ်ရှယ်ယာ အညွှန်းတွေလည်း ၉% လောက်အထိ ထိုးကျခဲ့ပါတယ်။

တောင်ကိုရီးယားငွေကြေး ဝမ်ဟာ အမေရိကန်
တဒေါ်လာနဲ့ ငွေလဲနှုန်း ၁၀% အထိ ထိုးကျခဲ့ပြီး
တဲ့နောက် ဘဏ်တွေရဲ့ အခြေအနေတွေပေါ်မှာ
အသေးစိတ် စိစစ်တာတွေ လုပ်နေပါတယ်။
ဟောင်ကောင်ရှယ်ယာတွေကတော့ ဈေးစဖွင့်
ချိန်မှာ ၉% အထိ ထိုးကျခဲ့ပေမယ့် နောက်ပိုင်းမှာ
၄.၈% အထိ ပြန်ရခဲ့ပါတယ်။

ဒီလို အာရှစတော့ခ်ဈေးတွေ အရှုံးပေါ်နေတဲ့အချိန်
ဥရောပ ငွေကြေးဈေးကွက်မှာလည်း လန်ဒန်၊
ဖရန့်ခ်ဖို့ဒ်၊ ပြင်သစ် အားလုံး ရှယ်ယာဈေး စဖွင့်ပြီ
ဆိုတာနဲ့ ၅% လောက် ကျဆင်းခဲ့ပါတယ်။

ဟောင်ကောင်အခြေစိုက် နိုင်ငံရေးနဲ့ စီးပွားရေး
ဆိုင်ရာ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို စစ်တမ်းကောက်ခံတဲ့ အကြံပေးအဖွဲ့ စီမံ
ညွှန်ကြားရေးမှူး Bob Broadfoot ကတော့ လက်ရှိစီးပွားရေး အခြေအနေကို အခုလို
မြင်ပါတယ်။

"အခု ငွေကြေးအကျပ်အတည်းက မပြီးသေးပါဘူး။ အနောက်နိုင်ငံတွေမှာ ငွေကြေး
ဈေးကွက် ယုံကြည်မှုပြန်ရအောင် ခြေလှမ်းသစ်တွေ စလှမ်းနေတာ တွေ့နေရပါတယ်။
ဒါပေမယ့် စီးပွားရေးကျဆင်းမှုတွေ ရှေ့နှစ်အထိ ဆက်ပြီး ရှိနေပါလိမ့်မယ်။ နောက်ပြီး
အာရှတွင်းက ဈေးကွက်တွေ၊ အထူးသဖြင့် တရုတ်လိုနိုင်ငံတွေက ဒီအကျပ်အတည်း
ကြောင့် ဈေးကွက်အားလုံး ဆုတ်ယုတ်မယ်ဆိုတာ စပြီး သဘောပေါက်လာကြပါတယ်။"

ဒီလို ကမ္ဘာ့ငွေကြေး အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ချက်ချင်း
ထိခိုက်တာမျိုးတော့ မရှိနိုင်ဘူးဆိုပြီး စီးပွားရေးပညာရှင်တချို့ သုံးသပ်ပါတယ်။
ဒါပေမယ့်လည်း ရေရှည်မှာ လုံးဝကွင်းလုံးကျွတ် လွတ်မြောက်တာမျိုးတော့ မဖြစ်နိုင်
ဘူးလို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။

"ရေရှည်မှာထိမှာပေါ့။ လောလောဆယ်မှာတော့ တိုက်ရိုက် Relationship မရှိဘူး၊
ကမ္ဘာ့ဈေးကွက်နဲ့ ငွေကြေးအရ ဆက်စပ်မှုမရှိတော့ တိုက်ရိုက်ကြီးတော့ အတက်အကျ
ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ရေရှည်မှာတော့ အဲဒီရဲ့ စီးပွားရေးရိုက်ခတ်မှုဒဏ်က
သူလည်း ခံရမှာပဲ။ သွယ်ဝိုက်သောအားဖြင့် လာမယ်၊ သို့သော် နှေးမယ်။ နောက်တခု
က မြန်မာပြည်က ကမ္ဘာကြီးနဲ့ Isolated လုပ်ထားတယ်။ သူနဲ့အဆင်ပြေတဲ့ အိမ်နီးနား
ချင်းနိုင်ငံလောက်နဲ့ပဲ သွားနေတာကိုး။ Border Trade နဲ့ပဲ အဓိကထိန်းထားတာ။
Local Market က Local Consumption ကိုထိန်းထားတဲ့အခါကျတော့ အပြည်ပြည်
ဆိုင်ရာ စီးပွားရေးရိုက်ခတ်မှုကို တိုက်ရိုက်မခံစားရဘူး။

"၁၉၉၇ ခုနှစ်က အာရှစီးပွားရေးကပ်ကို ကြည့်လိုက်၊ ထိုင်းတို့ ဘာတို့က တိုက်ရိုက်ထိ
တာ။ မြန်မာပြည်က နောက်မှ ဖြည်းဖြည်းချင်းထိတာ။ ရေရှည်ကျတော့ Recover ရဖို့
လည်းခက်တယ်၊ သိပ်လည်း တက်စရာမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ဆို့ထားလို့။
မြန်မာပြည်က နိုင်ငံခြားနဲ့ စီးပွားရေးဆက်နွယ်မှုမှာ Border Trade ကိုပဲ အများဆုံး
ထားတာ။ ကမ္ဘာကြီးရဲ့ ရိုက်ခတ်မှုဒဏ်ကို တိုက်ရိုက်မခံရဘူး။ ဒါပေမယ့် သွယ်ဝိုက်သော
အားဖြင့်တော့ ရေရှည်မှာထိမှာပဲ။"

ဦးစိန်ဌေး ပြောသွားတာပါ။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကို အခြေခံတဲ့ စီးပွားရေးဖြစ်သလို
စစ်အစိုးရချပေးတဲ့ သွင်းကုန်ထုတ်ကုန် ပါမစ်တွေကို အခြေခံတဲ့ စီးပွားရေးဖြစ်တဲ့
အတွက် မြန်မာနိုင်ငံကို ချက်ချင်းမထိဘူးဆိုရင်တောင် စီးပွားရေးဆုတ်ယုတ်မှု အကျိုး
ဆက်ကိုတော့ ရှောင်လို့ရနိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန် စီးပွားရေးလုပ်ငန်းရှင်
တယောက်ကလည်း သုံးသပ်ပါတယ်။

"ကျနော်တို့ မြန်မာပြည်ရဲ့ စီးပွားရေးကတော့ တကယ် ထုတ်ကုန်လုပ်ငန်းတွေ ဘာတွေ
နဲ့ စက်မှုဖွံ့ဖြိုးမှုကို အခြေခံထားတာ မဟုတ်ဘူးလေ။ မြန်မာပြည်ကလုပ်နေတဲ့
အရင်းရှင် တော်တော်များများက အစိုးရနဲ့ပူးပေါင်းပြီး ဆောက်လုပ်ရေးတို့၊ တိုင်းပြည်
ကထွက်တဲ့ သယံဇာတပစ္စည်းတွေပေါ်မှာ သူတို့ရဲ့ နီးစပ်ရာကို ပါမစ်ယူပြီးတော့
လက်ဝေခံပြီး လုပ်ကိုင်စားကြတဲ့ လုပ်ငန်းရှင်တွေပဲ များတာ။ တကယ်တမ်း တိုင်းပြည်
က ကမ္ဘာ့စီးပွားရေးကြီးတွေလို တိုင်းပြည်တခုမှာ ထုတ်ကုန်တွေ ဘယ်လောက်ထုတ်
တယ်၊ တိုးတက်လာအောင် ဘယ်လောက်တီထွင်တယ်ဆိုတဲ့အဆင့်က ကျနော်တို့
နိုင်ငံမှာ ဘာမှမရှိဘူး။ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်သမားတွေဆိုတာ အာရှ
လောက်တောင် ထိုးဖောက်နိုင်တဲ့အဆင့် တယောက်မှမရှိဘူး။ ကျနော်တို့
မြင်သလောက်ကတော့။”

ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တယောက် ပြောသွားတာပါ။

ဒီလို ပြည်တွင်းလုပ်ငန်းတွေ သိပ်ပြီး မထိခိုက်ဘူး ဆိုပေမယ့်လည်း နယ်စပ်ကုန်သွယ်
ရေးမှာတော့ ကျဆင်းမှုတွေ ရှိနေတယ်လို့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာအခြေစိုက်
နယ်စပ်စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ ကချင်ဖွံ့ဖြိုးရေးကွန်ယက်
ဥက္ကဋ္ဌ ဦးအောင်ဝါက သုံးသပ်ပါတယ်။ ဒီလို စီးပွားရေးရပ်တန့်မှုတွေက ကမ္ဘာ့ဈေးကွက်
ရဲ့ ရိုက်ခတ်မှုလား၊ ပိတ်ပင်ကန့်သတ်မှုတွေကြောင့်လား ဆိုတာတော့ မသေချာဘူးလို့
ပြောပါတယ်။

"ကျောက်စိမ်းအရောင်းအဝယ်တွေလည်း ခါတိုင်းလိုမဟုတ်တော့ဘူး။ သစ်
လုပ်ငန်းတွေလည်း ခါတိုင်းလို သွားလာတာ မတွေ့တော့ဘူး။ ပိတ်တာလား၊ စီးပွားရေး၊
ကမ္ဘာ့ငွေရေးကြေးရေးကြောင့် တဖက်က ထိခိုက်တယ်လို့ပဲ မြင်တယ်။ ဒီဟာက
ပြည်တွင်းမှာလည်း Effect ဖြစ်တာကိုး။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးရော တဆက်
တည်းပဲ အဲဒီဟာကြောင့် အထိုက်အလျောက် ထိခိုက်နိုင်တယ်လို့ပဲ သုံးသပ်မိပါတယ်။
သစ်လုပ်ငန်း၊ တခြား ကုန်သွယ်ရေးလုပ်ငန်းတွေရော သိသိသာသာ ကျလာတဲ့သဘော
မျိုး ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေရေးကြေးရေး အရင်းအနှီးတွေကို အနောက်
နိုင်ငံက တရုတ်နိုင်ငံကတဆင့် သွားလာစီးဆင်းနေတယ်လို့ မြင်တယ်။ ဒါကြောင့်
သူ့ဟာနဲ့သူတော့ ထိခိုက်နေတာပဲ။"

ကချင်ဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ဝါ ပြောသွားတာပါ။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းက မြန်မာနိုင်ငံအတွင်းကို ချက်ချင်း သက်ရောက်မှု
မရှိသေးဘူးဆိုရင်တောင် အာရှစတော့ခ်ဈေးကွက် ထိုးကျမှုတွေက နာဂစ်မုန်တိုင်းဒဏ်
ခံရပြီး အခြေယိုင်နေတဲ့ မြန်မာ့စီးပွားရေးကို နောက်ထပ် ဘယ်အတိုင်းအတာအထိ
ထိုးနှက်ဦးမလဲဆိုတာ စီးပွားရေးအသိုင်းအဝိုင်းကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလို
စိုးရိမ်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံမှာ စီးပွားရေးဆုတ်ယုတ်မှုတွေ ရှိလာခဲ့မယ်ဆိုရင်
အခြားနိုင်ငံတွေမှာလို အရေးပေါ် ငွေကြေးကယ်ဆယ်ရေး အစီအစဉ်တွေ၊ စီးပွားရေး
ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မြန်မာနိုင်ငံမှာ ပေါ်လာမှာပါဆိုတဲ့ ယုံကြည်မှုနဲ့ ရဲရဲ
တင်းတင်း အာမခံနိုင်တာမျိုးတွေ မတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG