သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတလောင်းနှစ်ယောက် တတိယအကြိမ် စကားစစ်ထိုး


ထိုးကျနေတဲ့ အမေရိကန်စီးပွားရေး အပါအဝင်
သမ္မတလောင်းနှစ်ယောက်ရဲ့ မဲဆွယ်စည်းရုံးရေး
လှုပ်ရှားမှုတွေအကြောင်း တဦးနဲ့တဦး ပြောဆို
ဝေဖန်ခဲ့ကြတဲ့ အမေရိကန်သမ္မတ ရွေးချယ်ရေး
တတိယနဲ့ နောက်ဆုံးစကားစစ်ထိုးပွဲ မနေ့ညက
ပြီးဆုံးသွားပါပြီ။ ဒီမိုကရက်တစ်သမ္မတလောင်း
ဘရက်ခ် အိုဘာမား (Barak Obama) နဲ့ ရီပတ်
ဘလီကန် သမ္မတလောင်း ဂျွန်မက်ကိန်း (John
McCain) တို့ စကားစစ်ထိုးပွဲ ကျင်းပခဲ့တဲ့
နယူးယောက်ခ်ပြည်နယ်က Hofstra တက္ကသိုလ်
ကနေ ဗွီအိုအေသတင်းထောက် မိုက်ကယ်
ဘိုးမန်း (Michael Bowman) သတင်းပေးပို့ထား
တာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါ
တယ်။

တိုင်းပြည်အတွင်း လတ်တလောကြုံတွေ့နေရတဲ့ ငွေကြေးပြဿနာက ဆင့်ကဲဖြစ်ပေါ်
လာတဲ့ အခက်အခဲတွေကနေ အမေရိကန်ပြည်သူတွေ ချမ်းသာရာရအောင် ဘယ်လို
ကာကွယ်မယ်၊ နောက် ကျဆင်းနေတဲ့ စီးပွားရေးကို ဘယ်လို ပြန်လည်ဦးမော့လာ
အောင် လုပ်ဆောင်မလဲဆိုတဲ့ အချက်တွေအပေါ် အထက်လွှတ်တော်အမတ်ဖြစ်ကြတဲ့
ဂျွန်မက်ကိန်းနဲ့ ဘရက်ခ် အိုဘားမားတို့က နိုဝင်ဘာ ၄ ရက်နေ့ အထွေထွေ
ရွေးကောက်ပွဲကြီးမတိုင်ခင် အမေရိကန်ပြည်သူတွေ ရှေ့မှောက်မှာ နောက်ဆုံးအကြိမ်
စကားစစ်ထိုးခဲ့ကြတာပါ။

ဝင်ငွေများတဲ့သူတွေထံက ဗဟိုအစိုးရက အခွန်ငွေတိုးကောက်မယ်ဆိုတဲ့ အိုဘားမားရဲ့
အဆိုပြုချက်ဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေကြတဲ့ သာမန် အမေရိကန်ပြည်သူ
တွေကို အထိနာစေမယ်ဆိုပြီး အိုဘားမားရဲ့ ရပ်တည်ချက်အပေါ် ဂျွန်မက်ကိန်းက
ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

"အခုအချိန်မှာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဘာဖြစ်လို့ အခွန်တိုးကောက်ချင်ရတာလဲ။
မောင်ဖြူလို၊ မောင်မဲလို ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတဲ့ သူတွေဆီက ဘာလို့ အခွန်
တိုးကောက်ချင်ရတာလဲ၊ တကယ်လို့ အဲဒီအခွန်သာ တိုးမကောက်ခဲ့ရင် သူ့မှာရှိတဲ့
ငွေကြေးကို တခြားသူတွေကို မျှဝေပေးလို့ရမယ်ဆိုရင် ဘာဖြစ်လို့ သူတို့ကို အခွန်
တိုးကောက်မလဲ၊ အထူးသဖြင့် အခုလို အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ
ဘာဖြစ်လို့ တိုးကောက်မလဲဗျာ။"

အိုဘားမားကတော့ အလယ်အလတ်ဝင်ငွေရှိတဲ့ အမေရိကန်တွေကို အခွန်တိုးကောက်
မှာ မဟုတ်သလို ဂျွန်မက်ကိန်းဟာ သမ္မတဘုရှ်ရဲ့ စီးပွားရေးပေါ်လစီကို ဆက်လက်
ဖော်ဆောင်သွားမယ့် စီမံကိန်းဖြစ်တယ်လို့ ထောက်ပြပါတယ်။

"အခွန်ကောက်ခံမယ့် စီမံကိန်း၊ လောင်စာဆီကိစ္စ၊ ဘာတွေကို ဦးစားပေးသုံးစွဲမယ်
စတဲ့ အမေရိကန်ပြည်သူတွေအတွက် အရေးပါတဲ့ အခြေခံအချက်တွေမှာ ခင်ဗျား
သမ္မတဘုရှ်ကို ခြေစုံပစ် ထောက်ခံလာတာပဲ။ အဲဒီ အလုပ်မဖြစ်တဲ့ ပေါ်လစီကြီး
နောက်ထပ်ရှစ်နှစ်လောက် ဆက်သွားဖို့ ခင်ဗျားက အဆိုပြုနေတာပဲ။ ဒီပေါ်လစီ အလုပ်
မဖြစ်တာ အမေရိကန်ပြည်သူတွေလည်း သိတယ်။ ဒါကြောင့် ကျနော်တို့ ဦးတည်ချက်
အသစ်ကို ရွေးချယ်လုပ်ဆောင်သင့်ပါပြီဗျာ။"

အရင်စကားစစ်ထိုးပွဲတွေမှာလို ပရိသတ်ရှေ့ မတ်တပ်ရပ်ပြောတာမဟုတ်ဘဲ အခု
နောက်ဆုံး စကားစစ်ထိုးပွဲမှာတော့ သမ္မတလောင်းနှစ်ယောက်ဟာ ဘေးချင်းယှဉ်ထိုင်
ပြီး စစ်ထိုးခဲ့ကြတာပါ။ နောက် ဒီစကားစစ်ထိုးပွဲမှာ ကိုယ်စားလှယ်လောင်းနှစ်ယောက်
ဟာ သူတပြန် ကိုယ်တပြန်၊ တယောက်ပြောတာကို တယောက် ချက်ချင်း တုံ့ပြန်နိုင်
အောင်၊ ကြိုတင်ပြင်ဆင်ထားတဲ့ မိန့်ခွန်းရှည်ကြီးတွေ မပြောနိုင်အောင် တမင်စီစဉ်
ပေးထားခဲ့တာပါ။ ဒီပုံစံနဲ့ စကားစစ်ထိုးတာ အလုပ်ဖြစ်ပုံ ရပါတယ်။

၁၉၆၀ ခုနှစ်တွေတုန်းက အစိုးရဆန့်ကျင်ရေး လှုပ်ရှားခဲ့တဲ့ အစွန်းရောက်သမား
William Ayers နဲ့ အိုဘားမား ပတ်သက်မှုရှိတဲ့အပေါ် ဂျွန်မက်ကိန်းက အကြိမ်ကြိမ်
ထောက်ပြပြောဆိုခဲ့ပါတယ်။ နောက် မဲပေးခွင့် စာရင်းသွင်းရာမှာ လိမ်လည်မှုတွေ
ရှိခဲ့တယ်ဆိုတဲ့ Acorn လူထုလှုပ်ရှားမှုအဖွဲ့နဲ့ အိုဘားမား ဆက်နွယ်မှုရှိတဲ့အပေါ်လည်း
ဂျွန်မက်ကိန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။

အိုဘားမားကတော့ သူ့ကိုတိုက်ခိုက်လာတာတွေကို စိတ်အေးအေးထား ဖြေဆိုဖို့
ဆုံးဖြတ်လာပုံရပြီး အေးအေးဆေးဆေးပဲ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက စွပ်စွဲတိုက်ခိုက်လာတဲ့ အကြောင်းအရာတွေကို
ကမ်ပိန်းအဖွဲ့က အပြင်မှာ ချက်ချင်း ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ နှစ်ဖက်စလုံးက
တော့ သူတို့ကိုယ်စားလှယ်လောင်းက အနိုင်ရတယ်လို့ စကားစစ်ထိုးပွဲ ပြီးပြီးချင်းမှာပဲ
ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ဒီစကားစစ်ထိုးပွဲမှာ ဘယ်သူသာတယ်ဆိုတာတော့
လာမယ့်ရက်အနည်းငယ်အတွင်း ကောက်ခံမယ့် လူထုစစ်တမ်းတွေမှာ အမေရိကန်
ပြည်သူလူထုက ဆုံးဖြတ်ချက် ပေးပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG