သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခ သံတမန်ရေးအရ ကြိုးစားအဖြေရှာ


ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံကြားက ရှေးဟောင်းဘုရားကျောင်းတခုကို ဗဟိုပြုပြီး
ဖြစ်ပွားနေကြတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး ကြိုးပမ်းတဲ့အနေနဲ့ နှစ်နိုင်ငံ သံတမန်ရေး
လုပ်ငန်းတွေ အသစ်ပြန်စနေပါပြီ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Mr. Ban Ki-moon) ကလည်း ကမ္ဘောဒီးယားဘက်က နှစ်ယောက်သေဆုံးပြီး တချို့
ဒဏ်ရာတွေရခဲ့ကြတဲ့ ပဋိပက္ခကို ရပ်တန့်ကြဖို့ နှစ်နိုင်ငံလုံးကို တိုက်တွန်းခဲ့ပါတယ်။
ဒီအကြောင်း ကိတ် ပေါင် ဒေါ်ဆန် (Kate Pound Dawson) ထိုင်းနိုင်ငံ ဘန်ကောက်မြို့
ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

နှစ်နိုင်ငံကြား အငြင်းပွားစရာကိစ္စတွေ ဆက်ဖြစ်
အောင် မလုပ်ချင်ကြတဲ့အကြောင်း နှစ်ဖက်အရာရှိ
တွေကြား ရှင်းလင်းပြောဆို နေကြပါတယ်။
ဒီကနေ့မနက်ပိုင်း ကျင်းပခဲ့တဲ့ နယ်စပ်မှာ အကြမ်း
ဖက်မှုအသစ်တွေ မဖြစ်ရအောင် ရှောင်ရှားနိုင်ဖို့
နည်းလမ်းတွေ ရှာဖွေရေးနဲ့ ပတ်သက်တဲ့ အစည်း
အဝေးတခုမှာ နှစ်နိုင်ငံက စစ်ဖက်အရာရှိတွေ
တက်ရောက်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့
ပစ်ခတ်မှုတွေမှာ စစ်သားတော်တော်များများ
ဒဏ်ရာတွေရခဲ့ကြပြီး ဘယ်သူက စပစ်ကြတယ်
ဆိုတာနဲ့ ပတ်သက်ပြီး တဖက်နဲ့တဖက် အပြန်
အလှန် စွပ်စွဲနေကြတာပါ။

နှစ်ပေါင်း ၉၀၀ လောက်ရှိတဲ့ ပရဝိဟေရဆိုတဲ့ ဘုရားကျောင်းနဲ့ပတ်သက်ပြီး သူပိုင်
တယ်၊ ငါပိုင်တယ် အငြင်းပွားနေကြပါတယ်။ ၁၉၆၂ ခုနှစ်တုန်းကတော့ နိုင်ငံတကာ
တရားရုံးချုပ်ကနေ ဒီကျောင်းတော်ကို ကမ္ဘောဒီးယားဘက်က ပိုင်ဆိုင်တဲ့အကြောင်း
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ဘုရားကျောင်းကို လူတွေ အဓိကဝင်ထွက်နေကြ
တာက ထိုင်းနိုင်ငံဘက်က ဖြစ်နေပါတယ်။ ဆယ်စုနှစ်တော်တော်များများ ဒီကိစ္စနဲ့
ပတ်သက်လို့ ငြိမ်သက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဒီကျောင်းတော်ကို ကမ္ဘာ့အမွေ
အနှစ်တခုအဖြစ် ကုလသမဂ္ဂက ကြေညာပေးဖို့ ကမ္ဘောဒီးယားရဲ့ မေတ္တာရပ်ခံချက်
အောင်မြင်သွားတဲ့အခါမှာတော့ ထိုင်းအမျိုးသားရေးဝါဒီတွေက ဆန္ဒပြခဲ့ကြပါတယ်။
နှစ်နိုင်ငံကြား အငြင်းပွားနေတာတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ဆွေးနွေးပွဲကတော့
မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရပါတယ်။ တနင်္လာနေ့တုန်းကတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်
ဟွန်ဆန် (Hun Sen) က ထိုင်းစစ်တပ်ဘက်က နယ်စပ်ကို စပြီးဖြတ်ကျော်ခဲ့တာလို့
ကြေညာပါတယ်။

ထိုင်းနိုင်ငံက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ ကိုယ်စားလှယ် ဆူနိုင်း ပါဆုက်
(Sunai Pasuk) ကတော့ ဝန်ကြီးချုပ်ဟွန်ဆန်က ထိုင်းတပ်တွေကို ပြန်ဆုတ်ခွာဖို့
ရာဇသံပေးလိုက်ပြီးတဲ့နောက်ပိုင်း နိုင်ငံတကာက စိုးရိမ်မှုတွေ ပိုများလာရတယ်လို့
ဆိုပါတယ်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက ထိုင်းနိုင်ငံဘက်မှာ ရှိနေတယ်လို့ ကျနော်ယုံကြည်ပါ
တယ်။ အဲဒါကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဘက်က ပြန်စဉ်းစားဖို့ လိုနေ
ပါပြီ။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ နှစ်နိုင်ငံပဋိပက္ခကို ငြိမ်းငြိမ်း
ချမ်းချမ်း ဖြေရှင်းကြဖို့၊ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ထုတ်ပြော
ထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်မှုတွေမဖြစ်
အောင် ရှောင်ရှားကြဖို့ ထိုင်းအစိုးရကိုရော ကမ္ဘောဒီးယားအစိုးရကိုရော တိုက်တွန်း
ထားပါတယ်။

နယ်စပ်ပြဿနာဆိုတာက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအကြားမှာ အခုထိ ပြောဆိုနေကြရ
တဲ့ ကိစ္စတခုပါ။ တခါတခါမှာလည်း တိုက်ခိုက်မှုတွေနဲ့ သေကျေမှုတွေ မြန်မာတပ်ဘက်
မှာရော၊ ထိုင်းတပ်ဘက်မှာရော ရှိခဲ့တာပါ။ အခုဖြစ်နေတဲ့ ထိုင်း-ကမ္ဘောဒီးယား
ပြဿနာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရောက်နေပြီး နိုင်ငံတကာအရေး စိတ်ဝင်စားသူ
တဦးဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုက သုတေသနမှူး ဦးဌေးအောင်
ရဲ့အမြင်ကို မေးမြန်းထားပါတယ်။

"ကျနော်မြင်တာကတော့ အခုလက်ရှိ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံမှာ ဘုရားကျောင်းမြေ
ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုကနေ လက်နက်ကိုင်တိုက်ပွဲအဆင့်အထိ ဖြစ်ပေါ်လာ
တာမှာ မူလဖြစ်ပေါ်နေတဲ့ ပြဿနာအပေါ်မှာ အခု နှစ်ဖက်ဖြစ်နေတဲ့ အစိုးရတွေရဲ့
နိုင်ငံရေး အာရုံလွှဲမှုတွေလည်း ပါဝင်လာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။
ထိုင်းနိုင်ငံမှာဆိုရင်လည်း လက်ရှိအစိုးရက ပြည်သူလူထုရဲ့ ဆန့်ကျင်မှုတွေကို ခံနေရ
တာရှိတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘောဒီးယားနဲ့ ဘုရားကျောင်းကိစ္စ ပေါ်လာတယ်။ နိုင်ငံ
ရေးပြဿနာတွေ နောက်ကွယ်မှာ ပါလာနိုင်တဲ့ အနေအထားရှိတယ်လို့ ကျနော်ထင်ပါ
တယ်။

"နောက်တချက်က ကမ္ဘောဒီးယားဘက်မှာလည်း လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့
အလားတူ သူ့ရဲ့ ပြည်တွင်းရေးပြဿနာတွေရှိတယ်။ သူကလည်း သူ့ရဲ့မဲဆန္ဒရှင်တွေကို
အမျိုးသားရေးစိတ်ဓာတ် မြှင့်ပေးပြီးတော့ သူ့ရဲ့ထောက်ခံမှု ပိုရလာအောင် ဒီဟာကို
အာရုံစိုက်ပြီး လုပ်ပြနေတယ်လို့ ထင်ပါတယ်။ ဒီကိစ္စဟာ နှစ်နိုင်ငံ စစ်ပွဲကြီးအဆင့်ထိ
တော့ ဖြစ်လာမယ့် အနေအထားမျိုး မရှိပါဘူး။ အဲဒီလိုဖြစ်လာမယ်ဆိုရင်လည်း ဒေသ
အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံအနေနဲ့ ကြားကနေ ပါဝင်ပေးမယ့် အနေအထားမျိုး
ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။"

အဲဒါကတော့ အခုဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားက ပြဿနာတွေ
အပေါ် ဦးဌေးအောင်ရဲ့အမြင် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG