သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက် မတည်ငြိမ်၊ စတော့ဈေးတချို့ ပြန်တက်


အမေရိကန် နဲ့ ဥရောပ မှာ ရှိကြတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေ မှာ အစိုးရ က ဝင် ရောက် ဆောင်ရွက်လာလို့ ဖြစ်လာမယ့် သက်ရောက်မှု ကို ရင်းနှီးမြှုပ်နှံသူတွေ က ချင့်ချိန် အကဲဖြတ် နေကြပါတယ်။ ဒီ အချိန်မှာ ငွေကြေးဈေးကွက် က အလွန်ကို မတည်မငြိမ် ဆက်ဖြစ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် ဘယ်ရီ ဝုဒ် (Barry Wood) သတင်းပေးပို့ထားတာကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒီ တစ်ကြိမ်မှာတော့ ဒေါဂျုံး စက်မှု စတော့ဈေး က ကြာသပတေးနေ့ နှောင်းပိုင်း မှာ ၅% ထိုးတက် သွားခဲ့ပါတယ်။ စတော့ အညွှန်း အမှတ်အားဖြင့်ဆိုရင်၊ ၄၀၁ မှတ် တက်သွားပြီး ၈,၀၇၉ ရောက်သွားခဲ့ ပါတယ်။ တနင်္လာနေ့တုန်းက တော်တော်ကြီး တက်ခဲ့ပြီးတဲ့နောက်၊ ဗုဒ္ဓဟူးနေ့တုန်း ကတော့ အဲဒီ နီးနီးလောက် တော်တော် ပြန်ဆင်းသွားခဲ့ပြန်ပါတယ်။ ဥရောပ နဲ့ အာရှ ဈေးကွက်တွေ မှာလည်း စတော့ အညွှန်းကိန်း ကျနေရာ က သောကြာနေ့ မှာတော့ ပြန်တက်လာ ခဲ့ပါတယ်။ ဂျပန်နိုင်ငံ နစ်ကေး အညွန်းကိန်း က ၂.၅ % ပြန်တက်လာခဲ့ပါတယ်။ ကြာသပတေးနေ့ တုန်းကတော့ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး ကျခဲ့တာပါ။ ရှန်ဟိုင်းမှာလည်း စတော့ရှယ်ယာ ဈေး က ပြန်တက်လာပါတယ်။ ဒါပေမယ့် ဟောင်ကောင် က Hang Seng အညွှန်းကိန်းကတော့ ၄.၅ % ကျသွားပါတယ်။

ကမ္ဘာ့စီးပွားရေး ထိုင်းလာတာနဲ့အတူ၊ ဝယ်လိုအားတွေလည်း ကျလာလိမ့်မယ် လို့ ရင်းနှီးမြှုပ်နှံသူတွေ က ယူဆကြတဲ့ အတိုင်း ကုန်ပစ္စည်း ဈေးနှုန်းတွေလည်း အကျ နဲ့ ဈေးပိတ်ခဲ့ကြပါတယ်။ ရေနံတစ်စည် ဒေါ်လာ ၇၀ အောက် လျှိုသွားပါတယ်။ ၄ ဒေါ်လာ ကျသွားတာပါ။ ဇူလိုင် ၁၁ ရက်နေ့ တုန်းကတော့ ရေနံ တစ်စည် ကို ၁၄၇ ဒေါ်လာအထိ ရှိခဲ့တာမို့ ဈေး က ၅၂ % ကျသွားခဲ့တာပါ။ ၁၄ လအတွင်း ရေနံစိမ်းဈေး အနိမ့်ဆုံး ဖြစ်ပါတယ်။ ရွှေဈေးကလည်း ၄ % ကျသွားပါတယ်။

တစ်အောင်စ ကို ၈၀၄ ဒေါ်လာ ဖြစ်ပြီး၊ တလအတွင်း အနည်းဆုံးဈေး ဖြစ်ပါတယ်။ ဒေါ်လာဈေး ကျနေတဲ့အချိန်မှာ ရွှေဈေးက နောက်ဆုံး တက်လာလိမ့်မယ်လို့ နယူးယောက်မြို့ (Midas Fund) လုပ်ငန်းရဲ့ ရွှေဈေးကွက် ပိုင်းခြား သုံးသပ်သူ သောမတ်စ် ဝင်းမီးလ် (Thomas Winmill) က မျှော်လင့်ပါတယ်။

“ကျွန်တော်တို့ တော်တော်ကြီး စိတ်ဝင်စားနေတဲ့ ကိစ္စကတော့ ဒေါ်လာဈေး က ဒီကနေ့ လှုပ်နေတာမျိုး ဖြစ်နေတဲ့ အချိန်မှာ ရွှေဈေး က ကျလာတာပါပဲ။ ဒါပေမယ့် ရေရှည်မှာတော့၊ ဒေါ်လာ က ကျလာမှာပါ။ ငွေတွေအများကြီး ထုတ်ရမှာကိုး။ အစိုးရ ရဲ့ ရသုံးဘဏ္ဍာရေး မူဝါဒ နဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေ က တော်တော် အားနည်းပါတယ်။ ဒေါ်လာဈေးကျသွားတာနဲ့ ရွှေဈေး က ပြန်တက်လာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။”

ဝင်းမီးလ် က ဘလွန်းဘဂ် ရုပ်မြင်သံကြား မှာ ပြောကြားခဲ့တာပါ။ ဒေါ်လာဈေးက ငြိမ်နေပါတယ်။ တစ် ယူရိုငွေ က တစ်ဒေါ်လာ ၃၄.၅ ဆင်န့် ဖြစ်နေပြီး၊ ဂျပန် မှာတော့ တစ်ဒေါ်လာ ၁၀၁.၁၇ ယန်း ပေါက်နေပါတယ်။ ကြာသပတေးနေ့ က ဈေးထက် .၄၁ ယန်း ကျသွားခဲ့တာပါ။ စက်တင်ဘာလ မှာ အမေရိကန်ရဲ့ စက်မှုထုတ်ကုန် က ကျသွားခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ မှာ အကြီးမားဆုံး ကျတဲ့လ ဖြစ်ပါတယ်။ အိမ်ဈေးကွက် ကျလာတာ က စီးပွားရေး တစ်ခုလုံးအပေါ်ထိ ပြန့်သွားခဲ့တယ်လို့ မော်ဂန် စတင်လေ ရင်းနှီးမြှုပ်နှံမှု ဘဏ် က Stephen Roach က ဆိုပါတယ်။

“ဒီနှစ် ပထမ ၈ လအတွင်း အိမ်ဈေးကွက် ကျလာခဲ့တာ က ဝယ်ယူ စားသုံးသူတွေ ရဲ့ စီးပွားရေး လုံးလုံး ကျသွားတဲ့အထိ ပြောင်းသွားခဲ့ပါတယ်။ အိမ်ဈေးကျတာ က စီးပွားရေး အပေါ် ယေဘုယျအားဖြင့် နည်းနည်း သက်ရောက်ခဲ့တာပါ။ ဝယ်ယူ စားသုံးသူတွေရဲ့ စီးပွားကျလာတာကတော့ အမေရိကန် စီးပွားရေး အပေါ် အများကြီး ပို ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်ပါတယ်။”

ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကြောင့် မြန်မာနိုင်ငံ အပေါ် သက်ရောက်မှု ရှိနိုင်မလား လို့ မေးကြည့်တဲ့အခါ၊ စီးပွားရေး ပညာရှင် ဦးခင်မောင်ညို က အခုလို ပြောပါတယ်။

“အခုကတော့ ပြန်တက်မယ့် အလားအလာကို မမြင်ရသေးဘူးနော်။ ၈ ရက်လား ၉ ရက်လား ဆိုက်တိုက်ထိုးကျခဲ့ပြီးတော့ တရက်လေး နည်းနည်း ပြန်မော့တယ် ဆိုတဲ့ သဘောလေးပဲ အမေရိကန်နိုင်ငံမှာ တွေ့ရတယ်။ ဒါပေမယ့် လောလောဆယ် မှာတော့ ထူးထူးခြားခြား ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အလားအလာမျိုး မတွေ့ရသေးဘူး။ မတွေ့ရသေးတော့ ဆက်လက် ကျနေအုံးမယ်လို့ ယူဆရတယ်။ ဘယ်လောက်ထိ ကျမလဲ ဆိုတာကတော့ ပြောလို့မရသေးဘူးပေါ့နော်။ ခန့်မှန်းလို့ မရသေးဘူး။ အမေရိကန် ဘဏ္ဍာရေးနဲ့ မြန်မာနိုင်ငံနဲ့က တိုက်ရိုက် ဆက်နွယ်မှု မရှိဘူး။ တိုက်ရိုက် ဆက်နွယ်မှု မရှိတော့ ဘဏ္ဍာရေးအရ အခြေအနေ ဆိုးရွားမှုတွေကနေပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ တိုက်ရိုက် ရိုက်ခတ်မှု မရှိဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဘာတွေ့လာရလဲ ဆိုတော့ အခု အမေရိကန်စီးပွားရေးက ကျမယ့်သဘော၊ ဒီကနေတဆင့် ကမ္ဘာ့ စီးပွားရေးပါ နှေးသွားမယ့်သဘောပေါ့လေ။ ဒါလေးတွေ တွေ့လာရတဲ့အခါမှာ မြန်မာနိုင်ငံက လုံးဝကြီး လွတ်နေတာတော့ မဟုတ်ဘူး။ ကုန်သွယ်မှုမှာ မြန်မာနိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံတွေကို ကုန်သွယ်မှုတွေ ရှိနေတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကလည်း ဒီဘက်နဲ့ ဆက်နွယ် ကုန်သွယ်မှုတွေ ရှိနေတယ်။ အဲတော့ ကမ္ဘာမှာ စီးပွားရေး ကျတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ စီးပွားရေး ကျတယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကို ထိခိုက်နိုင်တယ်။ အဲဒါကြောင့် အဲဒီအတွက်ကြောင့် မြန်မာရဲ့ စီးပွားရေးလည်း အနည်းနဲ့အများတော့ ထိခိုက်နိုင်ပါတယ်။”

ဇူလိုင်ကနေ စက်တင်ဘာလ အထိ သုံးလပတ် စီးပွားရေး အခြေအနေတွေ နဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေက အပြုသဘော ပြသနေပါတယ်။ စီးပွားရေးပညာ သဘောအရဆိုရင်တော့ အမေရိကန် စီးပွားရေး ကျဆင်းတဲ့ အဆင့် ထိတော့ မရောက်သေးပါဘူး။ စက်တင်ဘာလ စောစောပိုင်း ငွေကြေး အကျပ်အတည်း နက်ရှိုင်းလာခဲ့ကတည်း စီးပွားရေး လုပ်ငန်းတွေ ရဲ့ လုပ်ကွက်တွေကလည်း တော်တော်ကြီး နည်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG