သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့စီးပွားရေးညီလာခံကို သမ္မတဘုရှ် လက်ခံ ကျင်းပပေးမည်


အမေရိကန် သမ္မတ ဘုရှ်ရဲ့ Camp David အပန်းဖြေ စခန်းစီကို ရောက်လာကြတဲ့ ပြသစ်သမ္မတ နီကိုလပ် ဆာကိုဇီနဲ့ ဥရောပ ကော်မရှင် ဥက္ကဌ ဂျူဆေး မင်နူရယ် ဘရိုဆိုနဲ့ တွေ့ဆုံ အပြီးမှာ သမ္မတဘုရှ်က ကမ္ဘာ့ ဘဏ္ဍာရေး ပြဿနာတွေ ဖြေရှင်းနိုင်ရေး ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ ထိပ်သီး အစည်းအဝေးပွဲတခုကို ကျင်းပသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

"မကြာမီ အနာဂတ်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေပါ ပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲ တခုကို အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ကျွန်တော် မျှောင်လင့်ပါတယ်။ နိုင်ငံတွေရဲ့ ဘဏ္ဍာရေး စနစ်တွေကို ခိုင်မာဖို့နဲ့ ခေတ်မှီအောင် အသွင်ပြောင်းဖို့ ကျွန်တော်တို့ အားလုံး အတူတွဲပြီးတော့ လုပ်သွားကြပါမယ်။ ဒါမှ ဘဏ္ဍာရေး ပြဿနာတွေ နောက်တခါထက်ပြီးတော့ မဖြစ်ဖို့ အာမခံချက်ပေးနိုင်ပါမယ်။"

သမ္မတ ဘုရှ်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ ငွေကြေးပြဿနာတွေအတွက် အဖြေရှာနိုင်ဖို့ ပြင်သစ် သမ္မတ ဆာကိုဇီ၊ ဥရောပ ကော်မရှင် ဥက္ကဌ မစ္စတာ ဘရိုဆိုတို့နဲ့ စနေနေ့တုန်းက ဆွေးနွေးခဲ့ပါသေးတယ်။ ဒီနှစ် မကုန်ခင်မှာ ကမ္ဘာ့နိုင်ငံတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တခုကို ကျင်းပပေးဖို့ သမ္မတဘုရှ်ကို ဥရောပ ခေါင်းဆောင်တွေက ပြောကြားနေခဲ့တာဖြစ်တယ်လို့ ၀ါရှင်တန်က ဗွီအိုအေ သတင်းထောက် ကန် ကလိုင်းက ပြောပါတယ်။

နယူးယောက်မြို့ အစုရှယ်ယာ ဈေးကွက် ကနေ စတင်ခဲ့တဲ့ ဘဏ္ဍာရေး ပြဿနာကို နိုင်ငံတကာက အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် ပြစ်သစ် သမ္မတ ဆာကိုဇီက

"သမ္မတ ဘုရှ်ပြောသလိုပဲ ဒီပြဿနာကို အနှေးနဲ့ အမြန် ဖြေရှင်းရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နိုဝင်ဘာလ မကုန်ခင်မှာကို ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်တို့ ယုံကြည်ထားသလို နယူးယောက်က စခဲ့တဲ့ ပြဿနာကို တကမ္ဘာလုံးက ၀ိုင်းပြီးတော့ နယူးယောက်မှာ အဖြေရှာကြရမှာ ဖြစ်ပါတယ်။"

နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ ဆွေးနွေးပွဲကို ဒီဇင်ဘာလဆန်း မှာ လက်ခံ ကျင်းပဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကမ်းလှမ်းခဲ့ပါတယ်။ သမ္မတ ဘုရှ်ကတော့ ထိပ်သီး ဆွေးနွေးပွဲကို ဘယ်မှာ၊ ဘယ်တော့ ကျင်းပမလဲဆိုတာကို မကြေညာသေးပါဘူး။ စီးပွားရေး ပြဿနာတွေကို အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ဦးဆောင် ဖြေရှင်းသွားရမယ်ဆိုတဲ့အချက်ကို ဥရောပ ကော်မရှင် ဥက္ကဌ မစ္စတာ ဘရိုဆိုက သဘောတူပေမယ့် တခြား နိုင်ငံတွေလည်း ပါဝင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကမ္ဘာ့ ဘဏ္ဍာရေး လက်ကားဈေးကွက်ရဲ့ ၇၇%ဟာ အမေရိကန်နဲ့ ဥရောပမှာ ရှိပါတယ်။ အဓိကကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ စီးပွားရေး တိုးတက်လာနေတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုတိုးပြီးတော့ ဆောင်ရွက်ရေးမှာ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အထူးအားထုတ်ဆောင်ရွက်သွားရပါမယ်။ အရေးပေါ် လိုအပ်နေတဲ့ အတိုင်း အမြန်ဆုံး ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်ရာမှာလည်း ရေတိုမဟုတ်ဘဲနဲ့ ရေရှည်အတွက် ကြည့်ရမှာ ဖြစ်ပါတယ်။"

ကမ္ဘာ့ ဘဏ္ဍာရေး စနစ်ကြီးကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲဖို့ မစ္စတာ ဆာကိုဇီနဲ့ မစ္စတာ ဘရိုဆိုတို့က လိုလား နေကြပါတယ်။ ဒါပေမယ့် Camp Davidဆွေးနွေးပွဲကနေ ထူးခြားသိသာတဲ့ ပြောင်းလဲမှု ပေါ်ပေါက်လာဖို့ မျှော်လင့်မထားဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားပါတယ်။ တချိန်တည်းမှာပဲ လက်ရှိ ဘဏ္ဍာရေး ပြဿနာတွေ စဖြစ်လာရတဲ့ ငွေချေး ဈေးကွက်မှာ တိုးတက်မှုတွေကို စတင်မြင်နေရပြီလို့ တချို့စီးပွားရေး ပညာရှင်တွေက ပြောနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG