သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၁၇၀ သတ်မှတ်ခံရ


ပြင်သစ်အခြေစိုက် နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ဖြစ်တဲ့ RSF ကနေပြီးတော့ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်မှု နိုင်ငံတွေနဲ့ ပတ်သက်လို့ နှစ်စဉ်စာရင်းထုတ်ပြန်နေရာမှာ ဒီနှစ် ၂၀၀၈ ခုနှစ်ရဲ့ နိုင်ငံပေါင်း ၁၇၃ နိုင်ငံစာရင်းတော့ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးလ်နိုင်ငံတို့ဟာ သတင်းလွတ်လပ်ခွင့် တဖြည်းဖြည်းကျဆင်းလာတယ်လို့ ဖော်ပြထားပြီး၊ အာဖရိက နဲ့ ကာရေဘီယန် တို့ကတော့ သတင်းလွတ်လပ်မှုဟာ တဖြည်းဖြည်း ပိုပိုပြီး ကောင်းလာတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ သတင်းလွတ်လပ်မှု နိုင်ငံပေါင်း ၁၇၃ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကတော့ သတင်း လွတ်လပ်မှု မရှိဆုံးနိုင်ငံအဖြစ် အဆင့် ၁၇၀ မှာရှိခဲ့ပါတယ်။ သူ့နောက်မှာ ၃ နိုင်ငံသာကျန်တော့ပြီး အဲဒီ ၃ နိုင်ငံထဲမှာ မြောက်ကိုရီးယားက အဆင့် ၁၇၂ မှာ ရှိပါတယ်။ ဒါ့အပြင် မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အဆင့် ၁၆၇ မှာရှိပါတယ်။ RSF က ဒီနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာပေါ်က သတင်းလွတ်လပ်မှုနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို အဆင့် ၁၇၀ မှာ ပြသထားတာနဲ့ ပတ်သက်ပြီး RSF နယ်ခြားမဲ့သတင်းထောက်များအဖွဲ့မှ မစ္စတာ ဗင်းဆင့် ဗရော့ဆဲကို မေးကြည့်တော့ -

“ မြန်မာနိုင်ငံကတော့ဗျာ အမြဲ နောက်ဆုံးကပါပဲ။ သတင်းလွတ်လပ်မှုနိုင်ငံပေါင်း ၁၇၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံကို အဆင့် ၁၇၀ ထားပါတယ်။ သူ့နောက်မှာ သတင်းလွတ်လပ်မှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ၃ နိုင်ငံလောက်ပဲ ကျန်ပါတော့တယ်။ ဘာဖြစ်လို့ ဒီလို မြန်မာနိုင်ငံကို အဆင့် ၁၇၀ မှာ သတ်မှတ်ရ တာလဲဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး စစ်အစိုးရက မြန်မာသတင်းသမားတွေ၊ ဘလော့ဂ်ဂါတွေနဲ့ အဲဒီသတင်းအချက်အလက်တွေကို ပို့ပေးတဲ့ သူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ်။ နောက်တခုက နားဂစ်မုန်တိုင်း ပြီးသွားတော့လည်း မြန်မာ သတင်းသမားတွေရော၊ နိုင်ငံခြားသတင်းထောက်တွေကိုရော အဲဒီ နားဂစ်မုန်တိုင်းအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေ တင်ပြလို့ မရအောင် တားဆီးခဲ့တယ်လေ။ ဒါတွေကြောင့် သတင်းလွတ်လပ်မှု အဆိုးရွားဆုံးနိုင်ငံအဖြစ် အဆင့် ၁၇၀ မှာ သတ်မှတ်ရတာဖြစ်ပါတယ်။”

ဒါပေမဲ့လည်း မကြာသေးခင်ကတော့ မြန်မာနိုင်ငံတ၀ှန်းမှာရှိတဲ့ အကျဉ်းထောင်တွေထဲကနေ အကျဉ်းသားဦးရေ ၉ ထောင်ကျော် ကို ပြန်လွှတ်ပေးခဲ့တဲ့အထဲမှာ နိုင်ငံတကာက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသူ သတင်းစာ ဆရာကြီး ဦးဝင်းတင် လည်း တဦးအပါအ၀င်ဖြစ်ပါတယ်။ အခုလို ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ကို မြန်မာစစ်အစိုးရ က ပြန်လွှတ်ပေးခဲ့တာဟာဖြင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်မှု အနည်းငယ် တိုးတက်လာတယ်လို့ မဆိုနိုင်ဘူးလားလို့ မစ္စတာ ဗင်းဆင့် ကို ဆက်မေးကြည့်တော့ -

“ ဒါဟာ တိုးတက်တဲ့ လက္ခဏာတရပ်လို့ ဆိုနိုင်ပေမဲ့လို့ စစ်အစိုးရအကျဉ်းထောင်ထဲက သတင်းထောက်တွေအားလုံး ပြန်လွတ်လာဖို့ ကို ကျနော်တို့ စောင့်မျှော်နေဆဲပါ။ နောက်တခုက မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးလို့ခေါ်တဲ့ စင်စာဘုတ်အဖွဲ့ကို ရပ်ဆိုင်းပစ်ဖို့ လိုပါတယ်။ ဒါမှလဲ လူထုတွေဆီကို သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် တင်ပြနိုင်မှာပါ။ အဓိကအကြောင်းရင်းတခုကတော့ဗျာ - စင်စာဘုတ်အဖွဲ့ကနေ ပုဂ္ဂလိက သတင်းဂျာနယ်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် မပေးပဲ စင်စာတည်းဖြတ်ပြီး အကျပ်ကိုင် ခြိမ်းခြောက် နေတာ တွေဟာဖြင့် သတင်းလွတ်လပ်ခွင့် မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။”

ဒါဖြင့်ရင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်မှု ပိုပြီးရှိလာအောင် - ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲလို့ ဆက် မေးကြည့်တော့ -

“ ဒါကတော့ဗျာ မကြာသေးခင်ကမှ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ သတင်းသမားတွေ၊ ဘလော့ဂ်ဂါသမားတွေအားလုံးကို ချက်ချင်းပြန် လွှတ်ပေးရမယ်။ ပြီးတော့လည်း ပုဂ္ဂလိကသတင်းဂျာနယ်တွေအနေနဲ့ သူတို့သတင်းဂျာနယ်တွေကို မထုတ်ဝေခင် စာပေစိစစ်ရေး စင်စာဘုတ်အဖွဲ့က ဆင်ဆာတည်းဖြတ်တာ၊ စစ်ဆေးတာ၊ ထိန်းချုပ်နေတာတွေကို ရပ်ဆိုင်းပစ်ရမယ်ဆိုတာကို အစိုးရက နားလည်သင့်ပါတယ်။ ပြီးတော့လည်း နိုင်ငံခြားသားသတင်းထောက်တွေကို မြန်မာပြည်ထဲမှာ လွတ်လွတ်လပ်လပ်သွားလာခွင့်ပေး ပြီး သတင်းယူခွင့်ပြုရပါမယ်။”

ဒါကတော့ - RSF ခေါ် နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ကနေ ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ရဲ့ သတင်းလွတ်လပ်မှုနဲ့ ပတ်သက်လို့ နိုင်ငံပေါင်း ၁၇၃ နိုင်ငံစာရင်းကို ဖော်ပြခဲ့ရာမှာ မြန်မာနိုင်ငံကို သတင်းလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံအဖြစ် အဆင့် ၁၇၀ မှာ ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး RSF အဖွဲ့ အာရှနဲ့ ပစိဖိတ်ရေးရာတာဝန်ခံ မစ္စတာ ဗင်းဆင့် ဗရော့စဲလ် ကို ဆက်သွယ်မေးမြန်း ခဲ့တာဖြစ်ပါတယ်။ တခါ ပြည်တွင်းမှာထုတ်ဝေတဲ့ ပုဂ္ဂလိကသတင်းဂျာနယ်တခုဖြစ်တဲ့ Flower News Journal က သတင်းထောက် ကိုစောမြင့်သန်း ကို ၇ ပတ်ကြာအောင် ဖမ်းဆီးထိန်းသိမ်းထားရာကနေ မနေ့ညနေကပဲ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ RSF နဲ့ မြန်မာသတင်းသမားများသမဂ္ဂ ဘီအမ်အေ တို့က ကြိုဆိုတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ ကိုစောမြင့်သန်းကို သင်္ကန်းကျွန်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုသတင်း ရေးသားဖော်ပြခဲ့တဲ့အတွက်ဆိုပြီး သူ့ကို စက်တင်ဘာလ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေဘက်က သူ့ကို Electronic အက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG