သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ပိုမိုအားကောင်းရေး ဆွေးနွေးပွဲများ ကျင်းပ


လက်ရှိမြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေ တွေအရ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီအနေနဲ့ ပိုပြီး စည်းရုံးမှုတွေ ရှိလာအောင် အဖွဲ့အစည်း ပိုပြီး ကျစ်လစ်မှုရှိအောင် အခုရက်ပိုင်းတွေမှာ ကြိုးစားနေပါတယ်။ ပြည်နယ်နဲ့ တိုင်းတချို့က NLD စည်းရုံးရေးမှူးတွေ ပါတီ အားကောင်း လာရေးအတွက် အစည်းအဝေးတွေ လုပ်နေကြတဲ့အကြောင်း။ ဒီကနေ့ မနက်ပိုင်းကလည်း မွန်ပြည်နယ်စည်းရုံးရေး ကော်မတီအဖွဲ့တွေရဲ့ အစည်းအဝေးကို ရန်ကုန်မြို့က မွန်ပြည်နယ် ဥက္ကဌ ဦးလွန်းတင်ရဲ့ နေအိမ်မှာ ၄ နာရီကြာ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်အစိုးရဘက်က ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေသွားမယ့် အကြောင်း ပြောဆိုနေချိန်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်ကလည်း ပြည်နယ်နဲ့ တိုင်းတချို့မှာ စည်းရုံးရေး ကော်မတီ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘာကြောင့် အခုလို ပြင်ဆင်မှုတွေ လုပ်နေသလဲ ဆိုတာကို ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ မူဝါဒဖြစ်တဲ့ အခုလို နိုင်ငံရေး အခြေအနေမျိုးမှာ ပိုမိုကျစ်လစ်တဲ့ ပိုမိုစည်းလုံးတဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင် ကျနော်တို့ ဆောင်ရွက်တဲ့သဘောပါပဲ။ ကျနော်တို့ကတော့ ကျနော်တို့ မွန်ပြည်နယ် အတွက် ဂရုစိုက် ဆောင်ရွက်တဲ့သဘောပါ။ အင်အား ပိုမိုတောင့်တင်းအောင်နဲ့ ညီညီညွတ်ညွတ်နဲ့ တဦးနဲ့တဦး လက်ရှိ နိုင်ငံရေး အခြေအနေကို အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ပိုပြီးတော့ နားလည်လာအောင် စည်းရုံးရေးကလည်း တကယ်တမ်း လိုအပ်နေတဲ့အချိန်မိုလို့ ကျနော်တို့ အထူး ဂရုစိုက်ပြီး ကျနော်တို့ ကျင်းပတာဖြစ်ပါတယ်။”

မနေ့ကလည်း ပဲခူးတိုင်း စည်းရုံးရေး ကော်မတီက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး နောက်ထပ်လည်း ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ဆက်လုပ်ဖို့အတွက် အစီအစဉ်တွေ ရှိနေကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလို ပြင်ဆင်နေချိန်မှာပဲ မွန်ပြည်နယ် ဘက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဖက်ကနေ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ် စည်းရုံးမှုတွေ လုပ်နေပြီဖြစ်ကြောင်းကိုလည်း မွန်ပြည်နယ် စည်းရုံးရေးကော်မတီက တင်ပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ပြည်နယ်ဘက်က တင်ပြနေတာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့နဲ့ တစည တို့က အပြိုင် စည်းရုံးရေး ဆင်းနေကြတယ်။ ရွာတွေ ကျေးရွာတွေ အထိ ဆင်းနေတယ် ဆိုတာကို သူတို့ တင်ပြတယ်။”

အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ဖိနှိပ်မှုတွေ လုပ်နေတဲ့ကြားကပဲ အဖွဲ့ချုပ် ရုံးတွေကို ပိတ်ထားတဲ့ ကြားကပဲ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာတော့ ပုံမှန် စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေဆဲလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG