သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေ တောင်းဆို


ဥရောပနဲ့ အာရှ နိုင်ငံပေါင်း ၄၀ ကျော်က ခေါင်းဆောင်တွေ မြန်မာစစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိဖို့၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာစေဖို့အတွက် သက်ဆိုင်တဲ့ သူတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖော်ဆောင်သွားဖို့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့ မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီး အစည်းအဝေး မှာ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြေညာချက် ထုတ်ပြန်မှုကြောင့် မြန်မာ့အရေး ဘာတွေများ ထူးခြားမှု ရှိလာနိုင်ပါလဲ ဆိုတာနဲ့ပတ်သက်ပြီး ဥရောပ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဥရောပ မြန်မာရုံး ညွှန်ကြားရေးမှုး ဦးဟန်ယောင်ေ၀ ကို မညိုညိုလွင် က မေးမြန်းကြည့်တော့ အခုလို ပြောဆိုပါတယ်။

“ကျနော့်အမြင်ကတော့ အာရှနဲ့ ဥရောပနိုင်ငံတွေက ဒီလိုမြင်တယ်ဆိုတော့ မြန်မာပြည်အတွက်ကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခုလက်ရှိ စစ်အစိုးရကလည်း သူ့အနီးအနား နိုင်ငံတွေကလည်း ဒီလို မြင်ပါတယ် ဆိုရင် သူကလည်း ငြင်းပယ်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီအခုလိုမျိုး အကြံပေးတဲ့နေရာမှာကလည်း ဒီ ၂၀၁၀ လာမယ့် ရွေးကောက်ပွဲမှာ နအဖ ကတော့ သူ လိုလားတဲ့ အခြေခံဥပဒေနဲ့ သူ သွားချင်တဲ့လမ်းနဲ့ သူ သွားမယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေ ပြောနေတာကတော့ တကယ် ဒီမိုကရေစီလိုလားရင် ရွေးကောက်ပွဲ တခုတည်းနဲ့ လုပ်လို့မရဘူး။ ရွေးကောက်ပွဲ ဆိုရင်လည်း လူထု ပါဝင်ရမယ်။ အတိုက်အခံတွေလည်း ပါဝင်ရမယ်။ လူတိုင်းပါမှ တကယ် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောချင်တာ ဖြစ်လိမ့်မယ်။ ပြီးတော့မှ ဒီ ပြန်လည် သင့်မြတ်ရေး ရှိသင့်တယ်၊ အဲဒီလိုမျိုး မရှိရင်လည်း ဒီရွေးကောက်ပွဲက အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး ဆိုတဲ့သဘော ဖြစ်ပါတယ်။”

နောက်ပြီးတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ အစည်းအဝေးကိုလည်း တရုတ်နိုင်ငံမှာ လက်ခံကျင်းပခဲ့တယ်။ တရုတ်အစိုးရက မြန်မာအစိုးရကို အမြဲတမ်း နောက်ကနေ အားပေးနေတဲ့ အစိုးရတရပ်လို့လည်း အားလုံး သိပြီးသား ဖြစ်ပါတယ်။ အဲတော့ ဒီကြေညာချက် ထုတ်တဲ့နေရာမှာ တရုတ်နိုင်ငံကလည်း ပါဝင်နေတယ် ဆိုတော့ ဒီတရုတ်နိုင်ငံက မြန်မာ ဒီမိုကရေစီရေး ပြောင်းလဲရေးမှာ စိတ်ပြောင်းသွားပြီလား လို့ရော ဦးဟန်တို့အနေနဲ့ ယူဆပါသလားရှင်။ -

“တရုတ်အနေနဲ့ကတော့ ကျနော်တို့ ပြည်ထောင်စုထဲမှာ ဖြစ်နေတဲ့ ပြည်တွင်းပြဿနာကို ဝင်မရှုပ်ဘူး။ ဒါပေမယ့် တိုင်းပြည်ကောင်းဖို့ကတော့ သူတို့ ကြိုးစားမယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ ပြည်ထောင်စုမှာ စစ်အစိုးရ ဖြစ်စေ၊ ဘယ်အစိုးရ တက်လာသည် ဖြစ်စေ၊ မြန်မာပြည်နဲ့ တရုတ်ပြည် ကတော့ ပူးပေါင်းပြီးတော့မှ မိတ်ဆွေအနေနဲ့ နေသွားရမယ်ဆိုတဲ့ သဘော ရှိပါတယ်။ အဲဒါကြောင့်လည်း သူတို့က ဒီအချိန်မှာ နအဖ က လုပ်မယ့် ရွေးကောက်ပွဲက တကယ် အလုပ်ဖြစ်မယ် ဆိုရင် သူတို့ အတွက်လည်း ကောင်းမယ်။ မြန်မာပြည်အတွက်လည်း ကောင်းမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

ဟုတ်ကဲ့။ ဒါပေမယ့် ဒီကြေညာချက်ထဲမှာ ပါတာက ရွေးကောက်ပွဲအကြောင်း မဟုတ်ဘဲနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ နိုင်ငံရေး ပါတီတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်နေတော့ တရုတ်အနေနဲ့က ဒီအကြောင်းအရာတွေအပေါ်မှာ လိုက်နာမှု ရှိလာမယ် လို့ရော ယူဆပါသလားရှင့်။ -

“ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခု ရွေးကောက်ပွဲအကြောင်း မပြောပေမယ့် ပြန်လည်သင့်မြတ်ရေး မရှိရင် ရွေးကောက်ပွဲက အဓိပ္ပါယ် မရှိဘူး။ ဆိုတော့ သူတို့အနေနဲ့ ပြောချင်တာကတော့ အခုကနေ စပြီးတော့မှ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြန်လည်သင့်မြတ်ရေး လုပ်ကြပါ။ ပြန်ဆွေးနွေးကြပါ။ ဖမ်းထားတဲ့ ပုဂ္ဂိုလ်တွေလည်း လွှတ်ပေးပါ။ တကယ် နိုင်ငံရေး အဖြေရှာတဲ့ နည်းလမ်း ဖြစ်လာမယ် ဆိုတာ ကျနော်တို့ အဲဒီလိုမျိုး နားလည်ပါတယ်။”

အဲဒီတော့ တရုတ်အနေနဲ့ကတော့ ဒီကြေညာချက်မှာ ပါတဲ့အတိုင်းပေါ့နော်။ မြန်မာစစ်အစိုးရအပေါ်မှာ ပိုပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်လာမယ် လို့ရော ယူဆပါလား။ -

“ဟုတ်ကဲ့။ ကျနော် နားလည်တာကတော့ အခုမှ မဟုတ်ပါဘူး။ ဒါ သူတို့ကတော့ တိုက်တွန်းနေတာကတော့ တနှစ် နှစ် နှစ်လောက် ရှိပါပြီ။ အခု ကုလသမဂ္ဂ ကြိုးစားထားတဲ့ ဂမ်ဘာရီ ခရီးစဉ်တို့မှာလည်း တရုတ်အကူအညီ ပါပါတယ်။ နိုင်ငံတကာက တောင်းဆိုချက်တွေကို တရုတ်က လက်ခံတယ်။ ဆိုတော့ သူတို့ကတော့ ဆက်ပြီးတော့မှ ကြိုးစားမယ်လို့ ကျနော် ယူဆပါတယ်။ ဒီ နအဖ ကိုတော့ သူတို့က ဖိအားပေးမှာတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံလိုမျိုး ဖိအားပေးမယ်၊ မကောင်းကြောင်း ပြောမယ်ဆိုရင် သူတို့ကတော့ မလုပ်ဘူးလို့ ကျနော် မြင်ပါတယ်။”

ဟုတ်ကဲ့။ နောက်တချက်က တရုတ်အစိုးရကိုရော ဥရောပ သမဂ္ဂနိုင်ငံတွေက မြန်မာပြည်ပြောင်းလဲရေးမှာ ပိုပြီး လုပ်ဆောင်ပါ ဆိုတဲ့ ဖိအားပေးမှုမျိုး ဖြစ်လာနိုင်ပါလားရှင်။ -

“ကျနော် နားလည်သလောက်ကတော့ တရုတ်မကဘူး။ တရုတ်ရော အိန္ဒိယ နိုင်ငံရော၊ အာဆီယံ ဖြစ်တဲ့ အနီးအနား နိုင်ငံတွေကိုရော သူတို့က တိုက်တွန်းနေတာ ကြာပြီ။ အခုလိုမျိုး အကောင်အထည် ပေါ်လာတယ် ဆိုတာ ဒါ ကောင်းတယ် လို့ ကျနော် မြင်ပါတယ်။”

ဥရောပ မြန်မာရုံးညွှန်ကြားရေးမှုး ဦးဟန်ယောင်ေ၀ ပြောဆိုသွားတာပါ၊ အခုလို ကြေညာချက် မထွက်လာမီ ရက်ပိုင်းတွေမှာပဲ ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ ဖြစ်ပေါ်လာစေနိုင်ဖို့ အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ကို တချိန်တည်း တောင်းဆိုလိုက်ကြတာကြောင့် မြန်မာနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ဖို့ဟာ ဖမ်းဆီး ထိန်းသိမ်းခံထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ လွတ်မြောက်လာဖို့ဟာ အဓိက ကျတယ်လို့ မြင်နိုင်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ သတင်းစာတွေထဲမှာတော့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တရုတ်ပြည်သူ့ သမတ နိုင်ငံ နန်နင်း မြို့မှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ (၅) ကြိမ်မြောက် တရုတ် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီမြှပ်နှံမှု ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ အောက်တိုဘာလ ၂၀ ရက်နေ့က သွားရောက်ခဲ့တဲ့ သတင်းနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိတဲ့အကြောင်း တွေကိုပဲ ဖော်ပြထားတဲ့ အတွက် ပြီခဲ့တဲ့ ၂၄ နေ့ နဲ့ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီးညီလာခံကို မြန်မာစစိအစိုးရ ကိုယ်စားပြု ဘယ်သူ တက်ရောက်ခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG