သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ဘဏ္ဍာရေး စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အခိုင်အမာဆုံးဖြတ်


ကမ္ဘာ့စီးပွားရေး စနစ်ကြီး တခုလုံး ပြုပြင်ပြောင်းလဲပစ်ဖို့ အာရှ နဲ့ ဥရောပ ခေါင်းဆောင်တွေက တရုတ် နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ နှစ်ရက်ကြာ တံခါးပိတ် အစည်းအဝေးမှာ သံန္နိဌာန် ချသွားခဲ့ပါတယ်။ ကမ္ဘာ့ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်တွေကို ထိရောက်ပြီး အလုံးစုံ ပါဝင်မယ့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်မယ်လို့ အာဆမ် အာရှ ဥရောပ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်တဲ့ အဖွဲ့ဝင်နိုင်ငံ ၄၀ က ကတိပြုသွားကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

တကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာရေး ပဋိပက္ခကို ဖြေရှင်းဖို့ ကမ္ဘာ့နိုင်ငံ အသီးသီးက နည်းနာတွေ အကောင်အထည် ဖော်ကြတာ တွေ့ရလို့ ဝမ်းသာပါတယ်၊ ဒါပေမယ့် အခုထက်မက လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် က အစည်းအဝေးတွင်းမှာ ပြောကြားသွားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အမေရိကန်သမ္မတ ဘုရှ်ကတော့ ကမ္ဘာ့စီးပွားရေး ပြန်လည် နလံထူဖို့ နိုင်ငံတွေ အနေနဲ့ စိတ်ရှည်ရှည်ထားကြဖို့၊ ဘဏ္ဍာရေးဈေးကွက်တွေ ဖွင့်ထားတဲ့ ပြန်ပြီးတော့ ဆွဲကိုင်ကျင့်သုံးဖို့ တိုက်တွန်းသွားပါတယ်။ အခုအချိန်လိုမျိုး စီးပွားရေး အခြေအနေ မရေမရာ ဖြစ်နေတဲ့အခါမျိုးမှာ သူ သုံးသွားတဲ့စကားလုံးအတိုင်း ဆိုရင်တော့ ကြွယ်ဝမှုတွေ၊ မျှော်လင့်ချက်တွေကို အမှန်တကယ် ပေးစွမ်းတဲ့ နည်းနာတွေ ဆိုတဲ့ ဈေးကွက်ဖွင့် မူဝါဒတွေကို ပစ်ပယ်ရင် မှားလိမ့်မယ်လို့ မစ္စတာ ဘုရှ် က သူ့ရဲ့ အပတ်စဉ် စနေနေ့ည ရေဒီယို မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

သမ္မတ ဘုရှ် ဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ နိုင်ငံ ၂၀ ပါဝင်ဆွေးနွေးမယ့် ဘဏ္ဍာရေး အကျပ်အတည်း ဆိုင်ရာ ထိပ်သီ အစည်းအဝေးပွဲကို ဝါရှင်တန်မြို့တော်မှာ အိမ်ရှင်အဖြစ်နဲ့ စီစဉ်ကျင်းပပေးမှာပါ။ အစည်းအဝေးတက်မယ့် G 20 နိုင်ငံတွေထဲမှာတော့ ကမ္ဘာ့အဓိက စက်မှုနိုင်ငံတွေအပြင် တရုတ်၊ အန္ဒိယနဲ့ ဘရာဇေးလိုမျိုး ကမ္ဘာမှာ အားကောင်းလာတဲ့ စီးပွားရေးပိုင်ရှင် နိုင်ငံတွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG