သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ မြန်မာကျောက်မျက်ပိတ်ဆို့မှု ယခင်ဒဏ်ခတ်မှုများထက် ထိရောက်ဟု လူ့အခွင့်အရေးအဖွဲ့ သုံးသပ်


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရအပေါ် အမေရိကန်
ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ်
လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။

အခုနောက်ဆုံး မြန်မာနိုင်ငံကထွက်တဲ့
ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံ
ထဲမှာ ရောင်းချတာတွေ မလုပ်နိုင်ဖို့
တားမြစ်တဲ့ဥပဒေ မနေ့တုန်းက စတင်
အသက်ဝင်လာခဲ့တဲ့နောက် ဒါဟာ လူ့အခွင့်
အရေးနဲ့ နိုင်ငံရေးအခြေအနေတွေ
တိုးတက်လာစေဖို့ ဆောင်ရွက်ချက်အဖြစ်နဲ့
အခုလို တုံ့ပြန်ချက်တွေ ထွက်ပေါ်လာတာ
လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်
အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး
ဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့
သဘောထားနဲ့ပတ်သက်လို့ ဆက်သွယ်
မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်မပြုတဲ့
ဥပဒေအသစ်တရပ်ကို အမေရိကန်အစိုးရက ပြဋ္ဌာန်းထားတာ စတင်အသက်ဝင်လာခဲ့
တဲ့နောက် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေကို
တားမြစ်နိုင်ဖို့ အဟန့်အတားတခု ဖြစ်လာစေလိမ့်မယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူ
တွေက ကြိုဆိုလိုက်ကြတာပါ။ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေကို တင်သွင်းခွင့်မပြု
တားမြစ်ထားတဲ့ အရင်တုန်းက ဥပဒေမှာ တတိယနိုင်ငံတွေကတဆင့် တင်သွင်းတာ
တွေကို တားမြစ်ထားတာမျိုးမရှိဘဲ ဖြစ်နေရာက အခုတော့ အဲဒီလစ်ဟာချက်ကို
ပိတ်ပင်လိုက်တဲ့ ဥပဒေအသစ်တရပ်ကို အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်တာ
ပါ။

ဒီလို လစ်ဟာချက်တွေကို ပိတ်ပင်နိုင်လိုက်တာကြောင့် ဒါဟာ စစ်အစိုးရရဲ့ လူ့အခွင့်
အရေး ချိုးဖောက်မှုတွေကို ဟန့်တားရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့
အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်
လေ့လာနေတဲ့ Human Rights Watch အဖွဲ့ကြီးက စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ
ဒါရိုက်တာ အာဗင် ဂနေဆန် (Arvind Ganesan) က ပြောပါတယ်။

"ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းတရပ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့
ကျောက်မျက်တွေဟာ ထိုင်း၊ အိန္ဒိယလို နိုင်ငံတွေကတဆင့် အမေရိကန်နိုင်ငံထဲကို
ဝင်လာနေတဲ့ ယိုပေါက်ဟာပေါက်တွေ ဖြစ်နေတာ ကြာလှပြီဖြစ်တာမို့ အခုတော့ ဒါကို
ပိတ်လိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေလို့လည်း စစ်အစိုးရအနေနဲ့ အမေရိကန်
မှာ ကျောက်မျက်တွေ ရောင်းလို့ရတာကနေ ဒေါ်လာသန်းပေါင်း ရာထောင်ချီ ဝင်ငွေရ
နေတာ ဖြစ်ပါတယ်။ အခုတော့ ဒီယိုပေါက်တွေကို ပိတ်လိုက်လို့ မြန်မာစစ်အစိုးရအနေ
နဲ့ ကိုယ့်နိုင်ငံသားတွေကို ဖိနှိပ်နိုင်ဖို့အတွက် ဝင်ငွေရဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။

"ကျနော်တို့ ပြီးခဲ့တဲ့နှစ်နဲ့ ဒီအရင်တုန်းကတည်းက မှတ်တမ်းတွေ လုပ်လာတဲ့နေရာမှာ
မြန်မာနိုင်ငံက ကျောက်မျက်လေလံပွဲတွေဟာ အစိုးရက လုပ်တဲ့ပွဲတွေဖြစ်တာ တွေ့ရပါ
တယ်။ လေလံပွဲဘုတ်အဖွဲ့ဟာဆိုရင်လည်း အစိုးရကိုယ်တိုင်က ထိန်းချုပ်ထားတာပါ။
ဒါကြောင့်လည်း ကျောက်မျက်လေလံပွဲတွေက ရလာတဲ့ အကျိုးအမြတ်တွေကို အဓိက
အကျိုးခံစားခွင့် ရနေသူတွေဟာလည်း စစ်အစိုးရပဲ ဖြစ်ပါတယ်။"

ဒီလို ဖိအားပေးမှုတွေ နိုင်ငံတကာ အတိုင်းအတာနဲ့ တိုးမြှင့်လာတာဟာဆိုရင် မြန်မာ
စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားစေနိုင်မှာဖြစ်သလို နိုင်ငံရေး
အပြောင်းအလဲတွေအတွက်လည်း တတပ်တအား ဖြစ်စေပါလိမ့်မယ်လို့ လူ့အခွင့်အရေး
လှုပ်ရှားသူတွေကတော့ ယူဆနေကြပါတယ်။

"ဒီလို နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုတွေ တိုးပြီးလုပ်လာမယ်ဆိုရင် မြန်မာ
စစ်အစိုးရအနေနဲ့ အရင်လို စီးပွားရေးလုပ်နေတဲ့ ပုံစံမျိုးကို လက်ခံကြတော့မှာ မဟုတ်
ဘူးဆိုတာ သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာလည်း
ကျောက်မျက်နဲ့ သဘာဝဓာတ်ငွေ့လို ထုတ်ကုန်တွေကရတဲ့ အများပြည်သူပိုင်တဲ့ငွေတွေ
ကို ဘယ်လို သုံးစွဲနေသလဲဆိုတာ သိဖို့အတွက်လည်း လမ်းပွင့်လာပါလိမ့်မယ်။
ဒါကြောင့်မို့လို့လည်း ဖိအားတွေ တိုးပြီးပေးတာဟာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ
ဖြစ်စေဖို့အတွက်လည်း အရေးပါလိမ့်မယ်လို့ ထင်ပါတယ်။"

လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ Human Rights Watch အဖွဲ့ကြီးက စီးပွားရေးနဲ့
လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန် ပြောပြသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို မြန်မာ
အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့နောက် ဒီလို မြန်မာကျောက်မျက်တွေကို
သပိတ်မှောက်တာ အပါအဝင် စစ်အစိုးရအပေါ် ဖိအားပေးမှုတွေလည်း အရှိန်မြင့်လာခဲ့
တာပါ။ အခု အမေရိကန်ပြည်ထောင်စုက အသစ်ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ ဒီဥပဒေကို
ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ အောက်လွှတ်တော်အမတ်
တွမ်လန်းတို့စ် (Tom Lantos) ကို အစွဲပြုပြီးတော့ ၂၀၀၈ ခုနှစ် JADE ACT ဆိုပြီး
အမည်ပေးထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG