သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီးများအတွက် UNHCR စိုးရိမ်


နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ ဧရာဝတီတိုင်းအတွင်း မိဘမဲ့ ကလေးတွေနဲ့
မှီခိုမဲ့ အမျိုးသမီးတွေ အများအပြား ရှိနေဆဲဖြစ်ပြီး အကူအညီ အထောက်အပံ့တွေ
ဆက်ပြီး ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီ လိုအပ်နေ
တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါ
တယ်။ လိုအပ်တဲ့အကူအညီကို ဆက်ပြီးမပေးနိုင်ရင် ဘေးဒုက္ခရောက်ရသူတွေ အိုးမဲ့
အိမ်မဲ့ဘ၀ ထပ်ပြီးရောက်မှာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ ပြီးခဲ့တဲ့ ၆ လ၊
မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်းမှာ လူ ၂၀၀,၀၀၀ လောက်ကို ကူညီ
စောင့်ရှောက်ပေးနိုင်ခဲ့တဲ့အကြောင်း UNHCR က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ခြင်ထောင်တွေ၊ ပလတ်စတစ် အမိုးအကာတွေနဲ့ အခြား လိုအပ်တဲ့ပစ္စည်းတွေကို
ထောက်ပံ့နိုင်ခဲ့ပေမယ့် ၆ လအတွင်း လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူ
တွေရဲ့ လိုအပ်ချက် ၉၃% ကို UNHCR က ဖြည့်ဆီးပေးနိုင်ခဲ့ပြီး ဘိုကလေးဘက်က
မိသားစု ၈၇% ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့လည်း
ဆိုပါတယ်။

ဒါပေမယ့်လည်း အကူအညီလိုအပ်နေတဲ့သူတွေ အများအပြား ရှိနေဆဲပဲလို့ UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
(Kitty McKinsey) က အခုလို ပြောပါတယ်။

"ဧရာဝတီတိုင်းအတွင်းမှာ အမျိုးသားတွေ အသက်ဆုံးရှုံးသွားပြီး ကျန်ခဲ့တဲ့ မှီခိုမဲ့ အမျိုး
သမီးတွေ၊ မိဘမဲ့ကလေးတွေ အများအပြား ရှိနေဆဲပါ။ သူတို့ကို ဆက်ပြီး ကူညီ
ထောက်ပံ့ပေးဖို့အတွက် အခြေအနေ စိုးရိမ်နေရပါတယ်။ အရေအတွက်အားဖြင့်
ဘယ်လောက်ရှိမယ်လို့ တိတိကျကျ စစ်တမ်းကောက်လို့ မရသေးပေမယ့် ဒီလို ကျန်ခဲ့
တဲ့ ဒုက္ခရာက်နေတဲ့သူတွေအတွက် ရေရှည်ကူနိုင်ဖို့ အရေးကြီးပါတယ်" ဆိုပြီး UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
က ပြောသွားတာပါ။

မိသားစုဖူလုံရေးအတွက် လိုအပ်တဲ့ အထောက်အပံံ့တွေ ဆက်ပြီး မပေးနိုင်ဘူးဆိုရင်
ဒီအမျိုးသမီးနဲ့ ကလေးငယ်တွေ အိုးမဲ့အိမ်မဲ့ဘ၀ ထပ်ပြီး ရောက်သွားနိုင်ပါတယ်။
မတရားသဖြင့် အလုပ်ခံရတာတွေ၊ အဓမ္မအလုပ်ကြမ်း ခိုင်းစေခံရတာတွေနဲ့
ပြည့်တန်ဆာအဖြစ် အသက်မွေးရတဲ့ ဘဝမျိုးတွေ ရောက်သွားနိုင်တယ်ဆိုပြီး ကစ်တီ
မက်ကင်းဆေးက ပြောပါတယ်။ မုန်တိုင်းဘေးကယ်ဆယ်ရေး အခက်အခဲနဲ့ ပတ်သက်
လို့လည်း …

"ဒီလို အကူအညီပေးရေးမှာ အဓိက အခက်အခဲကတော့ လိုအပ်နေတဲ့ အမေရိကန်
ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီတွေ မရတဲ့ ပြဿနာပါ။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး
၆ လအကြာမှာ လူတွေက ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဘေးကယ်ဆယ်ရေး လုပ်ငန်း
တွေကို သိပ်ဂရုမစိုက်တော့တာ စိတ်မကောင်းစရာပါပဲ။ ဒေါ်လာ ၁,၂၀၀,၀၀၀ ဆိုတာ
ဒီနေ့ ငွေကြေးအဖွဲ့အစည်းကြီးတွေရဲ့ အကြွေးဆုံးတွေကို ပြန်ဝယ်ဖို့ ငွေတွေ ဒေါ်လာ
ထရီလီယံနဲ့ချီ သုံးနေတဲ့အချိန်မှာ မပြောပါလောက်ပါဘူး" လို့လည်း UNHCR ထိုင်းနိုင်ငံ
ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေးက ပြောပါ
တယ်။

မုန်တိုင်းဒဏ် ထိခိုက်ခဲ့ပြီး ၆ လအကြာမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးရေး ကိစ္စ
တွေကို သိပ်ပြီး အာရုံမစိုက်ကြတော့ဘူးလို့ UNHCR အရာရှိတွေက ပြောကြတဲ့တချိန်
တည်းမှာ ဧရာဝတီတိုင်းအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ
ကလည်း ပြည်တွင်းအလှူရှင်တွေ လျော့နည်းသွားတဲ့အကြောင်းကို မကြာခဏ ပြောဆို
ကြပါတယ်။ အဓိကတော့ လေဘေးကယ်ဆယ်ရေးမှာ ရေရှည်ပေးမယ့် အကူအညီ
မရှိတာလို့ မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက်က ပြောပါ
တယ်။

"အလှူပေးတဲ့အဖွဲ့တွေက ဆက်ပေးတာ မရှိပါဘူး။ ဒီ ကျနော်တို့ မြို့ထဲ ရွာထဲတွေမှာ
ကျနော်တို့ သာမန်ဘုရားပွဲလို၊ ဒီဘက်တွေမှာဆိုရင် ဘာရှိမလဲဆိုတော့ တန်ဆောင်တိုင်
ပွဲမှာ စတုဒီသာ ကြွေးတာမျိုးတွေ ဒါလောက်ပဲရှိတော့တယ်။ အခုနပြောသလို ကျောင်း
အတွက် ပျက်ဆီးသွားတာကို ပြန်ပြီးကူညီဖို့ ရေရှည်ပေးတာတွေတော့ မရှိတော့ဘူး။
တခုတော့ရှိတာပေါ့၊ နီးစပ်တဲ့ အလှူရှင်ရှိရင် ဒီက ရွာသားတယောက် အခြားနေရာမှာ
သွားပြီး ကြီးပွားနေတယ်ဆိုရင် သူက ပြန်လာမယ်၊ အကူအညီပေးမယ်၊ ဒီလိုပေးတာ
မျိုးလောက်ပဲ ရှိတယ်။ သေချာ အစီအစဉ်ချ ကူညီတာ မရှိတော့ဘူး။"

မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက် ပြောပြသွားတာပါ။

မုန်တိုင်းသင့်ပြီး ၆ လအကြာ လူတွေ အသက်ရှင်ရပ်တည်ဖို့၊ ပြန်လည်တည်ဆောက်ဖို့
ကြိုးစားကြတဲ့ အခြေအနေကိုလည်း ဧရာဝတီတိုင်းအတွင်း လေးဘေးကယ်ဆယ်ရေး
လုပ်ကိုင်နေသူက အခုလို ပြောပါတယ်။

"ဒီဘက်မှာ မိုးရွာတယ်၊ လေတိုက်တယ်၊ ပျက်ဆီးဆုံးရှုံးမှုတွေကို အမိုးအကာတွေ
ပြန်တပ်ပြီးသွားတယ်ပေါ့နော်။ အိမ်တွေ တဲတွေ ပြန်ပြီး ဆောက်ပြီးသွားတယ်ပေါ့။
စိုက်ပျိုးရေးကိစ္စတွေမှာတော့ လယ်တွေတော်တော်များများ ပြန်မစိုက်နိုင်တာတွေ
ရှိတယ်။ ဥပမာ မျိုးစပါးတွေ ပျက်ဆီးသွားတာမျိုး၊ ကျွဲနွားလည်း ထိခိုက်သွားတာတွေ
ရှိတာပေါ့။ တချို့ ကျနော်သိသလောက် လယ်တွေရဲ့ ၂၅% လောက် မစိုက်နိုင်ကြဘူး။
မိုးတွင်းပိုင်းမှာပေါ့။

"အခု ဒီဘက်မှာတော့ ကျနော်တို့ နွေစပါးစိုက်ဖို့ တောင်သူတွေ ပြန်ကြိုးစားနေကြ
တယ်။ ကျောင်းတွေ ပျက်ဆီးသွားတဲ့အခါ ကျောင်းတွေ၊ ဇရပ်တွေမှာ ကပ်ပြီး စာသင်
ကြတဲ့ အခြေအနေတော့ ရှိတာပေါ့။ ကလေးတွေ အခြေအနေကလည်း အကူအညီ
တော့ လိုနေတာပဲ။ လူတော်တော်များများ လိုအပ်နေတာက ကလေးတွေရဲ့ ပညာရေး
တင်မကဘူး၊ စားဝတ်နေရေး အတွက်ပါ။ ဒါတွေကို အကူအညီပေးနိုင်ဖို့တော့ လိုအပ်
နေမှာပဲ။"

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ လပွတ္တာနဲ့
ဘိုကလေးဘက်မှာ လူ ၁၅,၀၀၀ ကို နေအိမ်တွေ ဆောက်လုပ်ပေးဖို့ အကူအညီလိုအပ်
နေတယ်လို့ ပြောပါတယ်။ မုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းဟာ UNHCR ရဲ့ ပင်မ
တာဝန် မဟုတ်ပေမယ့်လည်း မုန်တိုင်းဘေးကျပြီးပြီးချင်း လေဘေးကယ်ဆယ်ရေး
လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့လည်း UNHCR က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG