သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးသင့် လယ်သမားများအတွက် FAO မှ ကျွဲနွားများ ထောက်ပံ့


မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးဘေးဒဏ် ခံရတဲ့ လယ်သမားတွေ လယ်ယာစိုက်ပျိုး
ရေးအတွက် FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီးကနေ ကျွဲနွားတွေ
ထပ်ပြီး ဖြန့်ဝေပေးခဲ့ပါတယ်။ ဘယ်လိုများ ဖြန့်ဝေပေးသလဲ၊ ဘယ်လောက်အထိ သူတို့
လုပ်ပေးနေသလဲဆိုတာ ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါ
တယ်။

FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာအဖွဲ့ အနေနဲ့ အဓိကအားဖြင့်
နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံရတဲ့ တောင်သူလယ်သမားတွေကို ကူညီရာမှာ
ရေရှည်အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေ ပြန်လုပ်လာနိုင်ဖို့ ရင်းနှီးပေးနေတာ
များပါတယ်။ ထွန်ယက်စိုက်ပျိုးဖို့အတွက် ကျွဲနွားတင်မကဘဲ ကြက်ဘဲဝက်တွေကိုလည်း
ဖြန့်ဝေပေးခဲ့တာပါ။ အခုလို စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် တိရစ္ဆာန်တွေ ဖြန့်ဝေပေး
တဲ့နေရာမှာ ဒုက္ခသည်တွေ အများကြီးထဲက ဘယ်သူတွေကို ဘယ်လိုရွေးချယ်ခဲ့သလဲ
ဆိုတာကိုတော့ FAO ရန်ကုန်ရုံးက ပြန်ကြားရေးအရာရှိ မနီလာ အန်ဒရီရာ ချစ်ထွန်းက
အခုလိုရှင်းပြပါတယ်။

"ဖြန့်ဝေဖို့ ရွေးတဲ့အခါ မိသားစုတွေရဲ့ လိုအပ်ချက်ကို ကြည့်ပါတယ်။ ဥပမာ တချို့
မိသားစုတွေက ကျွဲနွားအားလုံး ဆုံးရှုံးသွားသလို တချို့ကျတော့ တကောင် နှစ်ကောင်ပဲ
ဆုံးရှုံးပြီး ကျန်ခဲ့တာတွေ ရှိပါတယ်။ နောက် သူတို့ရဲ့ ငွေကြေးတတ်နိုင်မှု အခြေအနေကို
လည်း ကြည့်ရပါတယ်။ ဥပမာဆိုပါစို့၊ မုန်တိုင်းကြောင့် အားလုံးဆုံးရှုံးသွားရတဲ့ မိသားစု
နဲ့ ကျွဲနွားတကောင်ပဲဆုံးရှုံးတဲ့ မိသားစုဆိုရင် အားလုံးဆုံးရှုံးသွားတဲ့ မိသားစုကို ရွေးပါ
တယ်။ ဒီလို ဆုံးဖြတ်တာတွေကိုလည်း FAO အတွင်းမှာပဲ လုပ်ပါတယ်။"

အခုဖြန့်ဝေတဲ့ ကျွဲနွားတွေကိုလည်း အသေအချာ တိရစ္ဆာန်ရောဂါကု ဆရာဝန်တွေ
စစ်ဆေးပြီးမှ လိုအပ်တဲ့ တိရစ္ဆာန်စာတွေနဲ့အတူ ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။
လတ်တလောအားဖြင့်တော့ အိမ်ထောင်စုပေါင်း ၃၅၀ ကျော်ကို ဖြန့်ဝေပေးခဲ့သလို
ဒီကနေ တဆင့်ပွားပြီး မိသားစုပေါင်း ၃,၀၀၀ နီးပါးရဲ့ လယ်မြေတွေကို ထွန်ယက်နိုင်
မယ်လို့ သူတို့တွက်ဆထားတဲ့အကြောင်း FAO ရန်ကုန်ရုံးရောက်နေတဲ့ တိရစ္ဆာန်မွေးမြူ
ရေး အကြံပေးအရာရှိ ထနာဝပ်တ် တီရန်ဆင်း (Thanawat Tiensin) က ပြောပါတယ်။
ပြီးခဲ့တဲ့ နာဂစ်ကြောင့် အသေအပျောက်နှုန်းတွေကိုလည်း သူတို့ဘက်က အကဲဖြတ်
ချက်တွေ ရှိထားတယ်လို့ အခုလိုပြောပါတယ်။

"မုန်တိုင်းသင့်ခဲ့တဲ့ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသတွေက အဆိုးဆုံးခံခဲ့ရတဲ့ နေရာတွေ
မှာဆိုရင် ကျွဲနွား ၅၀% လောက် မုန်တိုင်းကြောင့် သေဆုံး ပျောက်ဆုံးသွားပါတယ်။"

မုန်တိုင်းကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းမှာ ကျွဲနွားကောင်ရေ ၃၀၀,၀၀၀
ဝန်းကျင် ပျောက်ဆုံး၊ သေဆုံးခဲ့တယ်လို့ ဒီမုန်တိုင်းအလွန် အကဲဖြတ်ချက်တွေမှာတော့
ဖော်ပြပါတယ်။ အခုဆိုရင် ကွဲျနွားကောင်ရေ ၄,၀၀၀ နီးပါးကို ဧရာဝတီတိုင်းနဲ့ ရန်ကုန်
တိုင်းအတွင်းက မုန်တိုင်းဒဏ် အဆိုးဆုံးခံလိုက်ရတဲ့ တောင်သူလယ်သမားတွေကို
ဝေမျှခဲ့ပြီးပြီလို့ သိရပါတယ်။ FAO ရဲ့ ခန့်မှန်းချက်မှာတော့ မုန်တိုင်းကြောင့် သေဆုံး
ခဲ့တဲ့ ကျွဲနွားတွေကို အစားမထိုးနိုင်ဘူးဆိုရင်တော့ ခန့်မှန်းချေ လယ်မြေဟက်တာ
၁၀၀,၀၀၀ ကျော်ဟာ စိုက်ပျိုးဖို့အတွက် အသင့်ဖြစ်လာမှာမဟုတ်ဘဲ ဒီကနေ ဆန်ရေ
စပါးရှားပါးမှုတွေ ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။ အခုဖြန့်ချိရာမှာတော့ အစိုးရရဲ့
တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနအပြင် အခြား အာဏာပိုင်အဆင့်ဆင့်နဲ့ ပူးပေါင်း
ဆောင်ရွက်ခဲ့တယ်လို့လည်း ထနာဝပ်တ် တီရန်ဆင်းက ပြောပါတယ်။

"ဒီကဲျွနွားတိရစ္ဆာန်တွေကို ဖြန့်ချိတဲ့နေရာမှာ ကျနော်တို့အနေနဲ့ ဒီလုပ်ငန်းအတွက်
မြို့နယ်နဲ့ ကျေးရွာအဆင့် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ အခြား
နိုင်ငံတကာ အန်ဂျီအိုတွေနဲ့ ဒေသခံအန်ဂျီအိုတွေနဲ့ပါ ပူးတွဲဆောင်ရွက်ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုဝေငှပေးတဲ့နောက်ပိုင်းမှာလည်း စောင့်ကြည့်စစ်ဆေးတာ
တွေကိုလည်း ဆက်လုပ်ရပါတယ်။ ဒီအတွက် သူတို့အကူအညီတွေ လိုပါတယ်။"

FAO တိရစ္ဆာန်မွေးမြူရေး အကြံပေးအရာရှိ ထနာဝပ်တ် တီရန်ဆင်း ပြောသွားတာ
ဖြစ်ပါတယ်။

ဆိုင်ကလုံးနာဂစ်မုန်တိုင်း တိုက်ခတ်တာ အခု ၆ လဝန်းကျင် ရောက်လာတဲ့အချိန်မှာ
တော့ အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ
အတော်များများ ပြီးစီးခဲ့ပြီး ဒုက္ခသည်တွေအတွက် သက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်
ရာ အကူအညီတွေကို ပိုအားစိုက်လာတာ တွေ့ရပါတယ်။ တဆက်ညတည်းမှာပဲ
မုန်တိုင်းကြောင့် မိသားစုတကွဲတပြားဖြစ်ပြီး မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်
နေတဲ့ Save the Children အဖွဲ့အနေနဲ့တော့ သူတို့မှာရှိတဲ့ ကလေးငယ် ၈၁၁ ယောက်
မှာ ၅၈ ယောက်ကို သက်ဆိုင်ရာ ဆွေမျိုးမိဘတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်အောင် စီစဉ်
ပေးနိုင်ခဲ့ပြီလို့ ဖော်ပြပါတယ်။
XS
SM
MD
LG