သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလီကန် အစဉ်အလာကောင်းတဲ့ နယ်တွေမှာ အိုဘားမားကို ထောက်ခံသူတွေ ပိုများလာ


အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ချိန် နောက်ဆုံးရက်တွေမှာ ဒီမိုကရက်
သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အသာစီးရနေမှုကို
ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေသလို ရီပတ်ဘလီကန် သမ္မတလောင်း
ဂျွန်မက်ကိန်း (John McCain) ကတော့ နောက်ဆုံးအချိန်မှာ ထောက်ခံမှု ခုန်တက်လာ
နိုင်မယ့် နည်းလမ်းတွေကို ကြံဆနေပါတယ်။ ၅ ရက်အလို သမ္မတရွေးကောက်ပွဲ
မဲဆွယ်မှုအခြေအနေတွေနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ဂျင် မလုံး
(Jim Malone) သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှု ဆုံးခန်းတိုင်လု နီးလာချိန်မှာ ယေဘုယျ
တွေ့နေရတာတော့ အစဉ်အလာအားဖြင့် ရီပတ်ဘလီကန်တွေ အားကောင်းတဲ့
ပြည်နယ်တွေမှာ နှစ်ဖက်အားပြိုင်မှုတွေ တွေ့လာနေရပါတယ်။ ဒါဟာ တကယ်တော့
ဘရက်ခ် အိုဘားမားအတွက် အလားအလာကောင်းတွေလို့ပဲ ပြောရမှာပါ။

ဖလော်ရီဒါမှာ အိုဘားမား ကြာသပတေးနေ့က မဲဆွယ်ပါတယ်။ အဲဒီမှာ သူဟာ
ဆီနိတ်တာ မက်ကိန်းနဲ့ မတိမ်းမယိမ်း လိုက်နေပါတယ်။ ဖလော်ရီဒါဟာ တကယ်တော့
ရီပတ်ဘလီကန်တွေရဲ့ ခြေကုပ်စခန်းပါ။ မလွဲမသွေနိုင်ရမယ့် ပြည်နယ်တခုပါ။ အနိုင်ရဖို့
လိုအပ်တဲ့ ရွေးချယ်ရေးအဖွဲ့ရဲ့မဲ ၂၇၀ ရရှိရေးမှာ သိပ်အရေးပါတဲ့ ပြည်နယ်တခုဖြစ်ပါ
တယ်။

အိုဘားမားက အဲဒီမဲဆွယ်ပွဲမှာ သမ္မတဘုရှ်ဟာ အမေရိကန်စီးပွားရေးကို မြောင်းထဲကို
တွန်းချခဲ့ပြီးပါပြီ။ ဒီနေရာမှာ ရီပတ်ဘလီကန် ဂျွန်မက်ကိန်းသာ အနိုင်ရလာမယ်ဆိုရင်
အဲဒီမြောင်းထဲရောက်နေတဲ့ စီးပွားရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းထားပါလိမ့်
မယ်။ ပြီးတော့ မက်ကိန်းဟာ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ထိုးနှက်တိုက်ခိုက်မှုတွေ
လုပ်နေတာကလွဲပြီး ဘာအသစ်အဆန်းမှ အဆိုပြု ကမ်းလှမ်းနိုင်ခြင်း မရှိဘူးလို့ စွပ်စွဲ
လိုက်ပါတယ်။

"ကိုယ့်မှာက ကိုယ်ပိုင် ဘာမှထုတ်ပြစရာမရှိတော့
တဖက်သားကို ကြောက်စရာကောင်းလောက်
အောင် ချယ်မှုန်းပြီး ပြောဆိုမယ်၊ အသေးအမွှား
ကိစ္စလေးတွေကို ရေးကြီးခွင်ကျယ်လုပ်မယ်။
ကောင်းပါပြီ၊ ဖလော်ရီဒါ မဲဆန္ဒရှင်များခင်ဗျား၊
ဒီနေ့ ဒီအချိန်မှာ သိပ်စိုးရိမ်စရာ မရှိပါဘူး။
ဂျွန်မက်ကိန်းကတော့ သူ ရွေးကောက်ပွဲရှုံးမှာကို
စိုးရိမ်ကောင်း စိုးရိမ်နေပါလိမ့်မယ်။ ကျနော်က
တော့ ပြည်သူတွေ အလုပ်အကိုင်ဆုံးရှုံးမှာ၊
နေထိုင်တဲ့အိမ် ဆုံးရှုံးမှာကိုပဲ စိုးရိမ်နေပါတယ်
ခင်ဗျာ။"

အိုဘားမားဟာ သမ္မတဟောင်း ဘီလ် ကလင်တန်
(Bill Clinton) နဲ့အတူ မဲဆွယ်လို့အပြီး၊ ဒေါ်လာ သန်းချီတန်တဲ့ မိနစ် ၃၀ ကြော်ငြာ
ထုတ်လွှင့်လို့အပြီး မဲဆွယ်မှုတွေကို ပုံမှန်ဆက်လုပ်နေပါပြီ။

ရီပတ်ဘလီကန် မက်ကိန်းကတော့ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ငွေကြေး
အင်အား၊ ထောက်ခံမှုအင်အားတွေ ဆုတ်ယုတ်ကျဆင်းလာနေပါတယ်။ သူဟာ
ကြာသပတေးနေ့က အိုဟိုင်းယိုးပြည်နယ်၊ ဒီဖိုင်းရန့်စ်မြို့မှာ လူထုတရားပွဲ လုပ်ခဲ့ပါ
တယ်။ ဒီ အိုဟိုင်းယိုးပြည်နယ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်းတွေ အမြဲတမ်း
အနိုင်ရတဲ့ပြည်နယ်ပါ။ ဒီပြည်နယ်မှာ အနိုင်မရဘူးတဲ့ ရီပတ်ဘလီကန် သမ္မတလောင်း
တယောက်မှမရှိခဲ့တာဟာ ၁၈၆၀ ပြည့်နှစ် အေဘရာဟင်မ် လင်ကွန်း (Abraham
Lincoln) လက်ထက်ကတည်းက အခုထိတိုင်ပါပဲ။

မဲဆွယ်ရာမှာ မက်ကိန်းဟာလည်း အိုဘားမားလိုပဲ စီးပွားရေးပြဿနာကို အဓိကထားပါ
တယ်။ တဆက်တည်းမှာပဲ အိုဘားမားရဲ့ အခွန်အကောက်ဆိုင်ရာ အစီအစဉ်တွေကို
လည်း ထိုးနှက်တိုက်ခိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ဆင်းရဲသားနဲ့ လူချမ်းသာ ဥစ္စာဓန
ပြန်လည်ဝေခြမ်းရေး အစီအစဉ်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

"ဆီနိတ်တာ အိုဘားမားဟာ ပြန်လည်ဝေခြမ်းရေး ဦးစီးချုပ်ဖြစ်ဖို့ ပြိုင်ပွဲဝင်နေပါတယ်။
ကျနော်ကတော့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ဖို့ ယှဉ်ပြိုင်နေတာပါ။ ဆီနိတ်တာ
အိုဘားမားဟာ ဓနဥစ္စာခွဲဝေရေးကို ဦးတည်ပြီး ကျနော်ကတော့ ဓနဥစ္စာတိုးပွားအောင်
ဖန်တီးရေးကိုပဲ ဦးတည်ပါတယ်။"

နိုင်ငံခြားရေးမူဝါဒကိစ္စမှာလည်း အိုဘားမားဟာ တိုင်းပြည်ကို အကြမ်းဖက်သမားတွေ
အန္တရာယ်က ကာကွယ်နိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်။ တနိုင်ငံလုံး သဘောထားစစ်တမ်း
မှာ မက်ကိန်းဟာ အိုဘားမားနောက်က ၆ မှတ်အရှုံးနဲ့ လိုက်နေရပါတယ်။

လာမယ့် အင်္ဂါနေ့မှာ အောင်ပွဲခံဖို့အတွက် အဆုံးအဖြတ်ပေးနိုင်မယ့် အဓိကပြည်နယ်
အများအပြားမှာလည်း အိုဘားမားဟာ မက်ကိန်းရဲ့ရှေ့က ပြေးရင်ပြေး၊ မပြေးရင်
တန်းတူဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဗာဂျီနီးယားတို့၊ အင်ဒီယားနားတို့လို
ပြည်နယ်တချို့မှာတော့ အိုဘားမားရဲ့ အသာစီးရမှုဟာ ကျဉ်းမြောင်းလာနိုင်ဖွယ် ရှိနေ
ပါတယ်။

အမေရိကန်တက္ကသိုလ်က သမ္မတရေးရာ ကျွမ်းကျင်သူ သမိုင်းပညာရှင် အလန်
လစ်ချ်မန်း (Allan Lichtman) ကတော့ မက်ကိန်းဟာ ဘယ်ဘက်ကို မဲပေးရမှန်းမသိ
ဖြစ်နေဆဲ မဲဆန္ဒရှင်တွေကို ပြန်ရနိုင်ပါတယ်။ သူလုပ်ရမှာက လွန်ခဲ့တဲ့ ၈ နှစ်ကလို
အပြောင်းအလဲလိုလားတဲ့ သဘောထားမျိုး ပြန်လည်ပြသဖို့ပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

"သူ ဦးမော့လာအောင် လုပ်နိုင်မယ့်နည်းတော့ ရှိမယ်ထင်ပါတယ်။ ရွေးကောက်ပွဲကို
တော့ လှည့်ပတ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် အထက်လွှတ်တော်အမတ် မက်ကိန်းကို
ကျနော် အကြံပေးချင်တာက အခုရှိနေတဲ့ သူ့ရဲ့ အတိုင်ပင်ခံတွေ၊ သူ အားကိုးအားထား
ပြုနေရသူတွေ၊ သူ့ကို မိန့်ခွန်းရေးပေးသူတွေကို ဖြုတ်ပစ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့
အားလုံးကို ဖြုတ်လိုက်ပြီး သက္ကရာဇ် ၂၀၀၀ တုန်းက ဂျွန်မက်ကိန်း၊ မူလဘူတ
ဂျွန်မက်ကိန်းအဖြစ် ပြန်ရောက်အောင် ရပ်တည်ဖို့ပါပဲ။"

တချိန်တည်းမှာပဲ မက်ကိန်းဘက်က ဒုတိယသမ္မတအဖြစ် အရွေးခံမယ့် အလာစကာ
ပြည်နယ် အုပ်ချုပ်ရေးမှူး အမျိုးသမီး ဆာရာ ပေလင်း (Sarah Palin) ကတော့
ရွေးကောက်ပွဲမှာ နိုင်နိုင်ရှုံးရှုံး နိုင်ငံရေးမှာ တက်တက်ကြွကြွ ဆက်လက်ပါဝင်နေဦး
မယ်လို့ ဆိုပါတယ်။ ပေလင်းဟာ လူမှုရေးမှာ သမားရိုးကျဖြစ်တဲ့ ကွန်ဆာဗေးတစ်တွေ
ကို ဆွဲဆောင်နိုင်ပေမယ့် အပြောင်းအလဲကို လက်ခံနိုင်သူ (moderates) တွေနဲ့တော့
အလှမ်းဝေးနေပါတယ်။

သူတို့က အခုအခါမှာ အသက် ၇၂ နှစ်ရှိနေပြီဖြစ်တဲ့ ဂျွန်မက်ကိန်း အနိုင်ရခဲ့လို့ သမ္မတ
အဖြစ် ဆောင်ရွက်နေတုန်း တခုခုဖြစ်သွားခဲ့ရင် ဆာရာ ပေလင်းဟာ သမ္မတအဖြစ်
အစားထိုးတာဝန်ယူဖို့ အဆင်သင့်ရှိပါရဲ့လားလို့ မေးခွန်းထုတ်နေကြပါတယ်။
ဂျွန်မက်ကိန်းဟာ အမေရိကန်သမ္မတအဖြစ် ပထမ ၄ နှစ်သက်တမ်း စတင်ထမ်းဆောင်
ရမယ်ဆိုရင် အသက်အရွယ်အကြီးဆုံး သမ္မတအသစ် ဖြစ်လာပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG