သုံးရလွယ်ကူစေသည့် Link များ

မင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်တွေကို ထောင်ပြောင်း


အဖမ်းအဆီး ခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မပါအ၀င် ၉ ဦးဟာ အင်းစိန်ထောင်ကနေ မအူပင် ထောင်ကို ဒီနေ့မနက် စောစောပိုင်းကပဲ ပြောင်းရွှေ့ခံခဲ့ကြရတယ်လို့ သူတို့ရဲ့ အမှုကို လိုက်နေတဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။ မိသားစုဝင်တွေကလည်း အခြေအနေတွေ ရှင်းရှင်းလင်းလင်း မသိရလို့ စိတ်ပူနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဒီနေ့မနက်ပဲ အင်းစိန်ထောင်ကို သွားခဲ့တဲ့ ရှေ့နေ ဦးအောင်သိန်းကို ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၉ ဦးကို တရားရုံးကနေ အမှု စစ်ဆေးတာကို အနှောက်အယှက်ပြုမှုနဲ့ တရားရုံးကို စော်ကားမှု ပုဒ်မ (၂၂၈) နဲ့ တရားစွဲပြီး ၂၉ ရက်နေ့က ထောင် ၆ လ ချလိုက်ပြီးတဲ့နောက် အခုအခါ မအူပင် ထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သိရပါတယ်။ ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားတချို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ ရှေ့နေကြီးက ထောင်ကို ဒီနေ့ သွားတဲ့အချိန်မှာ ကြားသိရသမျှကို အခုလို ပြောပြပါတယ်။

“မအူပင်ထောင်ကို ၉ ယောက်စလုံးပေါ့။ အမှုစစ်ဆေးတာကို အနှောက်အယှက် ပြုတာရယ်၊ နောက်ပြီးတော့ စော်ကားတယ် ဆိုတဲ့ဟာရယ်။ အဲဒါက ပုဒ်မ (၂၂၈) နဲ့ပဲ အဲဒီ ၉ ယောက်စလုံးကို ၆ လ ချတယ်။ မနေ့ကကျတော့ သူတို့ကို ထပ်ပြီးတော့ ပြောင်းတယ်။ မအူပင်ထောင်ကို ထပ်ပြီးတော့ ရွှေ့လိုက်ကြတာ။ သူတို့ မိသားစုတွေက ထောင်မှာ ရောက်သွားပြီး ထောင်မှာ အတည်ပြုချက်မေးတယ်။”

သေရော သေချာပြီလား။ -

“ဟာ - သေချာတာပေါ့။ ဒီနေ့ အဲန်ကယ်လ်ပါ ထောင်ကို သွားမေးတာလေ။ ရွှေ့သွားပြီ။ မိသားစုတွေက ထောင်ဝမှာ စုံစမ်းနေတယ်။”

အဲဒီတော့ အဲန်ကယ်တို့ ကျန်တဲ့အမှုတွေ ဘယ်လို လိုက်စစ်မလဲ၊ -

“ဘယ်လိုမှ လုပ်လို့မရဘူး။ သူတို့ ၄ ယောက်အတွက် အဲန်ကယ်လ်တို့က တာဝန်ယူထားတာ သူတို့ ၄ ယောက်မရှိတော့ မလိုက်ဖြစ်တော့ဘူးပေါ့။ ဟိုမှာလည်း သူတို့ကို စစ်ချင်မှ စစ်မှာပေါ့။ ဒီ ၆ လအတွင်းကို ဒီအတိုင်း ထားလိုက်မှာကိုး။”

ဒီသတင်းကြားတာနဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေကလည်း အင်းစိန်ထောင်ကို ရောက်ရှိလာပြီး စုံစမ်းနေကြပါတယ်။ မအူပင်ထောင်ကို လိုက်နိုင်ဖို့အတွက်လည်း ကြိုးစားနေကြပါတယ်။ ပထမအဆင့်အနေနဲ့ မိသားစုတွေနဲ့ ရုံးထုတ်ချိန်မှာ တွေ့ခွင့်မပေးတာအပြင် တရားရုံးမှာ ရသင့်တဲ့ အကျဉ်းသား အခွင့်အရေးတွေကို မပေးတာတွေကြောင့် တရားရုံးမှာ အခြေအတင် ပြောဆိုမှုတွေကနေ ပုဒ်မ တပ်ပြီး ထောင်ချလိုက်တာလို့လည်း ပြောလိုက်ပါတယ်။

မိသားစုတွေကတော့ အခုလို ထောင်ချယုံသာမက ထောင်ပြောင်းရွှေ့ခြင်းဟာ ကျောင်းသားတွေ အုပ်စု မများအောင် လုပ်လိုက်ခြင်းဖြစ်ပြီး ထောင်တွင်းသတင်းတွေကို ပိုပြီးမရရှိအောင် လုပ်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် မိသားစုတွေကို မီဒီယာတွေနဲ့ ဆက်သွယ်စကားမပြောနိုင်အောင် ဖုန်း ငှားသူတွေကို ခြိမ်းခြောက်ခြင်း၊ ကျောင်းသား မိသားစုတွေရဲ့ အိမ်နဲ့နီးတဲ့ ဖုန်းလိုင်းတွေကို ဖိအားပေးခြင်း၊ ခေါ်ပေးခြင်းမလုပ်ဖို့ ပြောဆိုခြင်းတွေနဲ့ သတင်း အဆက်အသွယ်တွေ ဖြတ်တောက်ထားကြတယ်လို့ ဆိုပါတယ်။

မအူပင်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားတွေဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ မတိုင်ခင် သြဂုတ်လ ကတည်းက ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ ဓါတ်ဆီဈေး ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပြီးတဲ့နောက် အထိန်းသိမ်းခံနေရတာလည်း ဖြစ်ပါတယ်။ သူတို့တွေကို ပုဒ်မ များစွာနဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၀၈ ခုနှစ်ထဲမှာ ရုံးထုတ် စစ်ဆေးလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ရုံးထုတ်ချိန်မှာ မိသားစုတွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပြီးမှ မကြာခင်ကပဲ မိသားစုတွေနဲ့ တွေ့ဆုံခွင့်တွေ ပိတ်ပင်ခံခဲ့ရပါတယ်။ ကျောင်းသားတွေကတော့ လွတ်လပ်တဲ့ တရားစီရင်မှု ဖြစ်ဖို့၊ အများပြည်သူတွေ ရှေ့မှာ တရားစီစဉ်ဖို့၊ သူတို့ကို လက်ထိပ်မခတ်ဘဲ ရုံးထုတ်ဖို့တွေကို အရင်က တောင်းဆိုခဲ့ကြပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကတော့ ကျောင်းသား ၉ ဦးဟာ တရားရုံးမှာ မတ်တက်ရက်ပြီး သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။ တရားရုံးက တရားရုံးကို စော်ကားမှု၊ အနှောက်အယှက်ပေးမှု ပုဒ်မနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ထောင် ၆ လ ချခဲ့ပြီး အခုလို မအူပင်ထောင်ကို ပြောင်းရွှေ့လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG