သုံးရလွယ်ကူစေသည့် Link များ

ကေအဲန်ယူစခန်းတခု ဒီကေဘီအေ ၀င်သိမ်း


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးမှာ ကေအဲန်အယ်လ်အေ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် နဲ့ ဒီကေဘီအေ တပ်တို့ မနေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးတော့ ကေအဲန်အယ်လ်အေ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၀၁) က တပ်ခွဲစခန်း (၃) ကို ဒီကေဘီအေ တပ်ဖွဲ့က သိမ်းပိုက်လိုက်ပါတယ်။ မြန်မာစစ်တပ်ဘက်က လက်နက်ကြီး အကူနဲ့ ဒီကေဘီအေ အဖွဲ့က အင်အားအလုံးအရင်း သုံးပြီး အခုလို ၀င်သိမ်းခဲ့တာလို့ ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး (၁) ဦးစောလှငွေ က အခုလို စပြောပြပါတယ်။

“ဒီကေဘီအေ အနေနဲ့ အဲဒီနယ်မြေကို စိုးမိုးဖို့ ကျနော်တို့ရဲ့ ကအဲန်အယ်လ်အေ တပ်ခွဲ (၃) အခြေစိုက်စခန်းကို အကြီးအကျယ် ရှင်းဖို့အတွက် မနေ့ကပေါ့လေ အောက်တိုဘာ ၃၀ ရက်နေ့က မနက်လင်းအားကြီးအချိန်မှာပဲ အင်အား ၁၅၀ လောက်နဲ့ အဲဒီ ဆည်တောင်ဆယ် ဆိုတဲ့ အဲဒီ တပ်ခွဲ (၃) စခန်းကို သူတို့က ၀င်သိမ်းဖို့ ကြိုးစားတယ်။ ၀င်သိမ်းဖို့ ကြိုးစားတဲ့အခါမှာ အဓိက အသုံးပြုခဲ့တာကတော့ ဒီကေဘီအေ (၉၀၇) နှုတ်ခမ်းမွေးတပ်ကနေ အင်အား ၁၅၀ လောက်နဲ့ သူတို့က တက်လာပြီးတော့ အနောက်ကနေပြီးတော့ ခလရ (၃၂) ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ကူပြီး ပစ်ပေးတယ်။ ခမယ (၄၁၀) စစ်ကြောင်းကြီး တကြောင်းကလည်း သူတို့ကို အထောက်အကူ ပေးတယ်။ အဲဒီ အထောက်အကူ ပေးတဲ့အခါကျတော့ ဒီစခန်းက တကယ်ဆိုလို့ရှိရင် ခွဲ စခန်းဆိုတော့ လူ ၃၀ ကျော် ၄၀ လောက်ပဲ ကျနော်တို့တပ်က ထားတယ်။ ဆိုတဲ့အခါကျတော့ ဒီဂွင်က ကျယ်လည်း ကျယ်တယ်ပေါ့လေ။ ဒါပေမယ့် စခန်းရှိတဲ့နေရာကျတော့ များသောအားဖြင့် တချို့အပိုင်းတွေကတော့ မိုင်းတွေ ကြိုလုပ်ထားတယ်။ စစ်ကြောင်း တစ်ကြောင်း က ကွက်စိပ် မချထားနိုင်တဲ့ တနေရာကနေ အနောက်ကနေ ဖောက်ဝင်တယ်။ နောက်တစ်ကြောင်းကတော့ တဖက်မှာရှိတဲ့ တော်တော်မြင့်တဲ့တောင် ရှိတယ်ပေါ့လေ။ အဲဒီမှာလည်း တောင်ကြော က ကြီးတယ်၊ မတ်စောက်တယ် ဆိုတော့ အဲဒီမှာတော့ ဗုံးတွေ မရှိဘူး။ အဲဒါကို ဒီကေဘီအေ ကနေပြီးတော့ ခွဲပြီးတော့ သူတို့က အဲဒီတောင်ကို တဖြည်းဖြည်း တက်ပြီးတော့ တောင်ပေါ်ကနေ ဆင်းလာတဲ့အခါကျတော့ ဒီနေ့မနက်ပိုင်းမှာ - မနေ့ကတော့ တနေ့လုံးပေါ့လေ တိုက်တယ်။ ကျနော်တို့ကလည်း ခံပစ်ပေါ့။ - ဒီမနက်မှာတော့ သူတို့ ထပ်ပြီးတော့ ထပ် တိုးလာတဲ့အပေါ်မှာ နှစ်ဖက်က ပေါက်သွားတာပေါ့။ ဒီဘက်ကလည်း ထိုင်း နယ်စပ်ဘက်ကနေပြီးတော့ ဟာတဲ့အကွက်ကနေပြီးတော့၊ တဖက်ကလည်း မိုင်းမရှိတဲ့ တောင်ကြောပေါ်ကနေ ဆင်းလာတဲ့အခါကျတော့ ကျနော်တို့လူတွေက နည်းတယ်လေ။ သူတို့က လူ ၁၅၀ လောက်အပြင် လက်နက်ကြီးတွေကလည်း မနေ့က တနေ့လုံး တောက်လျှောက်ပစ်ထားပြီးတဲ့အခါကျတော့ ကျနော်တို့လူတွေက ဒီနေရာကို ဆက်ပြီး ထိန်းသိမ်းဖို့က မဖြစ်နိုင်တော့တဲ့အခါကျတော့ ကျနော်တို့ ဒီနေ့ ၁၁ နာရီလောက်မှာ ကျနော်တို့ လူတွေ ထွက်ပြေးတယ်။”

နှစ်ဖက် အကျအရှုံးအခြေအနေကရော ဘယ်လိုရှိပါလဲရှင့်။ -

“သူတို့ဘက်ကနေပြီးတော့ မိုင်းတွေနဲ့ပစ်တော့ မိုင်းနင်းမိတာနဲ့ ဒီဘက်က ခံပစ်တာနဲ့ မနေ့ကတော့ မနက်ပိုင်းကတော့ ၅ ယောက်လောက် သူတို့ ဒဏ်ရာ ရသွားတယ်။ ညပိုင်းကျတော့ သူတို့ အဲဒီမှာ စခန်းကို ချဉ်းကပ်တဲ့အခါ မိုင်း ၂ လုံး ထပ်ပေါက်တယ်။ ၂ ယောက်တော့ ဒဏ်ရာ ရတယ်လို့ တွက်တယ်။ စုစုပေါင်း ၇ ယောက်ပေါ့။ ထိုင်း တီဗွီတွေမှာတော့ ကျနော်တို့ဘက်က ဘယ်နှစ်ယောက် သေတယ် ဘာညာဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် နေ့လည် ၂ နာရီမှာ ကျနော့်ဆီကို သတင်းပေးတဲ့ တပ်မှူးကို မေးကြည့်တာတော့ အကျအဆုံး အကြီးအကျယ် မရှိဘူးလို့ ပြောတယ်။ ထိုင်း တီဗွီ ထဲမှာတော့ ၂ ယောက်ကျတယ်လို့ ပြောသံကြားတယ်။”

အခု ဒီကေဘီအေဘက်က သိမ်းသွားတဲ့ တပ်စခန်းနေရာကို ကေအဲန်အယ်လ်အေ ဘက်က ဘာပြန်လုပ်ဖို့ရှိလဲရှင့်။ -

“အဲဒါကတော့ ကျနော်တို့ လောလောဆယ် မပြောနိုင်သေးဘူး။ ကျနော် ပြန်ပြီးတော့ပေါ့လေ။ တိုက်ယူဖို့အတွက် ထိုက်တန်သလား၊ မထိုက်တန်ဘူးလား ဆိုတာကိုတော့ သူ့ သက်ဆိုင်ရာ ရှေ့တန်းနေကနေပြီးတော့ ကျနော်တို့ဘက်က ဗျူဟာမှူးတွေက ဆုံးဖြတ်ရမယ့်ကိစ္စလေ။”

ဒါဆိုရင် အခု ဒီကေဘီအေ ကနေ ကေအဲန်အယ်လ်အေ တပ်စခန်းကို ၀င်သိမ်းချိန်မှာ မြန်မာစစ်တပ်က လက်နက်ကြီး အကူအညီတွေ ပေးခဲ့တယ်ဆိုတော့ မြန်မာအစိုးရနဲ့ ကေအဲန်ယူအကြား နှုတ်အားဖြင့် သဘောတူထားတဲ့ အပစ်အခတ် ရပ်စဲရေး အခြေအနေက ဘယ်လို ရှိပါသလဲရှင့်။ -

“ဗိုလ်ချုပ်တွေနဲ့ ပြောဆိုကတည်းက နုတ်ကတိ ကသာ ပြောတယ်။ အဲဒီမှာကတည်းကိုက ပြောရမယ်ဆိုလို့ရှိရင် တကယ့်အနှစ်သာရက ပြောနေဆဲမှာပဲ တပ်မဟာ (၂) တို့ နယ်မြေဘက်မှာ သူတို့က ထိုးစစ်တွေကို ဆင်တယ်။ တောက်လျှောက်ပေါ့လေ။ တိုက်ပွဲတွေက ဖြစ်နေတာ။ စစ်တိုက်တယ်ဆိုရင် ငြိမ်းချမ်းရေးသာ ပြောတယ်။ တိုက်တဲ့နေရာကတော့ ကျနော်တို့က တိုက်နေတာပဲ ဆိုတော့ အဲဒီကာလကတည်းကိုက လက်မှတ်လည်း မထိုးခဲ့တဲ့အခါကျတော့ တကယ့်စစ်မြေပြင်မှာကတော့ ဒီကိစ္စက ဘယ်တုန်းကမှလည်း အကောင်အထည် ဖော်ခဲ့တဲ့ဟာလည်း မဟုတ်ပါဘူး။”

မနေ့က ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ကေအဲန်အယ်လ်အေ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂၀၁) ရဲ့ တပ်ခွဲစခန်း (၃) ကို ဒီကေဘီအေ တပ်ဖွဲ့က သိမ်းပိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး (၁) ဦးစောလှငွေ ကို ဆက်သွယ် မေးမြန်းခဲ့တာပါ။ အခုလို ဒီကေဘီအေ နဲ့ ကေအဲန်အယ်လ်အေ အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ အတွက် ထိုင်းဘက်ကလည်း နယ်စပ်တကျောမှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG