သုံးရလွယ်ကူစေသည့် Link များ

ရေပိုင်နက်ကျူးကျော်မှုအရေး ဘင်္ဂလားဒေ့ရှ် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို စေလွှတ်မည်


ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ အငြင်းပွားနေကြတဲ့ ရေပိုင်နက်ကိစ္စကို ဖြေရှင်းဖို့
အတွက် ဘင်္ဂလားဒေ့ရှ်က အထူးသံတမန်တယောက်ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ မြန်မာ
နိုင်ငံစေလွှတ်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
နှစ်နိုင်ငံအကြား တင်းမာမှုတွေဖြစ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘင်္ဂလားဒေ့ရှ်
နိုင်ငံ ရေပိုင်နက်ထဲဝင်ပြီး မြန်မာစစ်အစိုးရရဲ့ ရေတပ်သင်္ဘောတွေရဲ့ အကူအညီနဲ့ ရေနံ
နဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်နေတဲ့ကိစ္စကို တရားဝင်ကန့်ကွက်တဲ့အနေနဲ့ မနေ့က
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးကို ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

အခုလို နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေ
သိရှိနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ကိုမျိုးထွန်းကို ဗွီအိုအေ
ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာမှာ ကိုမျိုးထွန်းက အခုလို
ပြောပြပါတယ်။

"ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲမှာ မြန်မာကလာပြီး ဂက်စ်ရှာဖွေနေတဲ့အတွက် နှစ်နိုင်ငံ
ရေပိုက်နက်ထဲမှာ တင်းမာမှုဖြစ်နေပါတယ်။ မနေ့တုန်းက မြန်မာရေတပ်က အစောင့်
အရှောက်တွေနဲ့လာပြီး ဒီဘက်မှာ ဂက်စ်လာရှာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကလည်း
အဲဒီ ဂက်စ်ရှာတဲ့နေရာကို ရေတပ်ဖွဲ့တွေကို စေလွှတ်ထားပါတယ်။

"ပြီးတော့ မြန်မာသံအမတ်ကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ခေါ်ပြီး သတိ
ပေးထားပါတယ်။ အခုတော့ နယ်စပ်ပြဿနာတွေက တင်းမာနေပါတယ်။ ဘင်္ဂလား
ဒေ့ရှ်နိုင်ငံမှာ ဒီနေ့ထုတ် သတင်းစာတွေမှာလည်း ဒီသတင်းက မျက်နှာဖုံးသတင်းအဖြစ်
ပါနေပါတယ်။"

ဘင်္ဂလားဒေ့ရှ်က ပြဿနာဖြစ်တဲ့နေရာကို ရေတပ်လွှတ်တယ်ဆိုတော့ ဘယ်နှစ်စင်း
လောက် လွှတ်ပါသလဲ။

"အဲဒီနေရာကို သွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ်က ရေတပ်သင်္ဘောသုံးစင်း လွှတ်ထားပါ
တယ်။"

မြန်မာဘက်က ရေတပ်သင်္ဘော ဘယ်နှစ်စင်းလောက်ပါတယ်လို့ အတိအကျ ကြားပါ
သလဲ။

"အဲဒါတော့ ဘယ်နှစ်စင်းပါတယ်ဆိုတာ ကျနော်တို့ အတိအကျ မသိရပါဘူး။ ဘင်္ဂလား
ဒေ့ရှ်ထဲမှာ ရေတပ် တပ်ဖွဲ့တွေနဲ့ ဂက်စ်လာရှာတယ်လို့ သတင်းရပါတယ်။ ဘယ်နှစ်စင်း
ပါတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။"

အခု ဘင်္ဂလားဒေ့ရှ် အစိုးရကရော ရှေ့ဆက် ဘာလုပ်မယ်လို့ ပြောပါသလဲ။ ကျနော်တို့
ကြားတာကတော့ အထူးသံတမန်ကို ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကိုလွှတ်မယ်လို့ ကြားပါ
တယ်။

"လောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်က အထူးသံတမန်လွှတ်ပြီး ဒီကိစ္စကို အိမ်နီးချင်း
အစိုးရဖြစ်တဲ့အတွက် ပြေပြေလည်လည်နဲ့ ဆွေးနွေးပြီး ဖြေရှင်းမယ်လို့ပြောတယ်။
မြန်မာသံအမတ်ကြီးကို ပြောတာကတော့ ဒီပြဿနာကို ပြေပြေလည်လည်ပဲ ဆွေးနွေး
ပြီး ဖြေရှင်းချင်တယ်လို့ ပြောပါတယ်။"

ရေပိုင်နက်ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ မြန်မာဘက်က ဘယ်လိုတုံ့ပြန်တယ်လို့များ
ပြောကြဆိုကြပါလဲ။

"အခုလောလောဆယ်တော့ မြန်မာဘက်က တုံ့ပြန်မှု ဘာမှ တိတိကျကျ မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ တရားဝင်ပြောကြားတာ မရှိ
သေးပါဘူး။"

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာသံအမတ်ကလည်း ဘာမှ ထူးထူးခြားခြား မပြောဘူးလား။

"ဟုတ်ကဲ့၊ ဘာမှ ထူးထူးခြားခြား မပြောပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာ
သံအမတ်ကိုခေါ်ပြီး သတိပေးတဲ့အဆင့်၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လာပြီးတော့
ရေပိုင်နက် ကျူးကျော်တဲ့အတွက် ကန့်ကွက်ရှုတ်ချတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့
သူတပါးနိုင်ငံထဲကို ၀င်ရောက်ကျူးကျော်လာတာဟာ မကောင်းတဲ့အလုပ်ဆိုပြီး သူတို့
က ကန့်ကွက်တာပဲရှိပါတယ်။

"ဒါပေမယ့် ဒီနယ်စပ်ပြဿနာကတော့ ပိုပြီးဆိုးလာဖို့ပဲရှိပါတယ်။ မနေ့ကလည်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ယောက်ကို နစကတွေက နယ်စပ်မှာ သတ်ထားတယ်။
ဒီသတင်းတွေက ဘင်္ဂလားဒေ့ရှ်လူထုကြားမှာ အတော့်ကို ရေပန်းစားနေပါတယ်။"

အဲဒါ ဘယ်နေရာမှာ ဖြစ်တာပါလဲ။

"အဲဒါ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်တာမဟုတ်ဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
၎ ယောက်ကို ဖမ်းခေါ်ပြီး ဟိုဘက်မှာ ပစ်သတ်တယ်။ ပစ်သတ်ပြီးမှ အလောင်းတွေကို
ဒီဘက်က စခန်းနားမှာ လာထားတယ်ဆိုပြီး ဒေသခံတွေက ပြောနေတယ်။ ဒီသတင်း
နှစ်ခုက ဘင်္ဂလားဒေ့ရှ်မှာထုတ်တဲ့ ဘင်ဂါလီသတင်းစာမှာရော တခြားသတင်းစာတွေ
မှာပါ မျက်နှာဖုံးသတင်းအဖြစ် ပါနေပါတယ်။"

မြန်မာနိုင်ငံဘက်ကဆိုရင် ဘယ်နေရာလောက်ဖြစ်မလဲ။

"မြန်မာဘက်ကဆိုရင် မောင်တောမြို့နယ် တောင်ပြို မြို့သိုက်အနီးမှာ ဖြစ်တာပါ။"

အဲဒီကိစ္စနှစ်ခုပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တော်တော်လေး လှုပ်လှုပ်ရွရွဖြစ်နေတဲ့
သဘောလား။

"ဟုတ်ပါတယ်။ ဒီကိစ္စနှစ်ခုပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရ
ကို ကိုင်တွယ်စေချင်တယ်။ အရင်က ဘင်္ဂလားဒေ့ရှ် ပြည်သူလူထုကို ဖမ်းရင်လည်း
အခုလိုသတ်တာမျိုး မရှိပါဘူး။ အခုတော့ ၄ ယောက်တောင်မှ သတ်လိုက်တယ်၊
ပြီးတော့ အလောင်းတွေကို ဒီဘက်မှာလာထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေ
တယ်။ တဆက်တည်းမှာ ရေပိုင်နက်ကိုကျူးကျော်ပြီး ဂက်စ်လာရှာတယ်ဆိုတော့
နယ်စပ်ပြဿနာတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ခေါင်းရှုပ်နေတယ်။ ပြည်သူလူထု
ကလည်း ဒီနယ်စပ်နှစ်ခုမှာဖြစ်တဲ့ ပြဿနာတွေကို အတော်စိတ်ဝင်စားနေကြပါတယ်။"

အခု အစိုးရပိုင်းက ဖြေရှင်းတဲ့နေရာမှာ ဒီနှစ်ခုက ပေါင်းသွားပြီလား။ နယ်စပ်မှာ
သတ်တယ်၊ ရေပိုင်နက်လည်း ကျူးကျော်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က
ပေါင်းပြောတဲ့သဘောရှိလား။ ဒါမှမဟုတ် ရေပိုင်နက်ကိစ္စတခုတည်းကိုပဲ ထိပ်ပိုင်းမှာ
ဆွေးနွေးနေကြတာလား။

"အခုပြဿနာကတော့ မပေါင်းသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရက အဓိကထား
ပြောနေတာ ရေပိုင်နက်ကျူးကျော်တဲ့ကိစ္စကိုပဲ အဓိကထား ကန့်ကွက်နေတယ်။
အဓိက သူတို့ ဖြေရှင်းချင်တယ်ဆိုပြီး ပြောနေကြပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG