သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး အာဖရိကနွယ် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား


အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း ဘရက်ခ် အိုဘားမား အနိုင်ရလိုက်ပြီ ဆိုတဲ့ သတင်းကြားတယ်ဆိုရင်ပဲ ညက အိုဘားမား နေထိုင်ခဲ့တဲ့ ရှီဂါကိုမြို့မှာ သူကိုထောက်ခံတဲ့ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးက အောင်ပွဲခံခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းကို ပြောင်းလဲလိုက်တဲ့ ကာလလို့ အိုဘားမားကို ထောက်ခံတဲ့သူတွေက ပြောဆိုပါတယ်။ အိုဘားမားကတော့ သူကိုထောက်ခံတဲ့သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ သမ္မတအဖြစ် တာဝန်ထမ်းမယ့်အချိန်မှာ လုပ်ဆောင်မယ့် အပြောင်းအလဲတွေကို အကြမ်းဖျင်း ပြောဆိုသွားပါတယ်။ ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

ဘရက်ခ် အိုဘားမား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပြီဆိုတဲ့ သတင်းကြောင့် ရှီကာကိုနဲ့ တခြားမြို့ကြီးတွေက လမ်းမတွေပေါ်မှာ ညက သူ့ကို ထောက်ခံသူတွေ ပျော်ပွဲရွင်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လေးဆယ့်လေးယောက်မြောက် သမ္မတအဖြစ် သမိုင်းမှာ ပထမဆုံး အာဖရိက အနွယ်ဝင် အမေရိကန် လူမျိုးတယောက်ကို အမေရိကန်ပြည်သူတွေက ရွေးချယ်လိုက်ပါတယ်။ အိုဘားမားက သူ့ကိုထောက်ခံသူတွေကို သူ့ အနိုင်ရလိုက်ကြောင်း လက်ခံတဲ့ မိန့်ခွန်းပြောကြားပါတယ်။

“တကယ်လို့ အမေရိကန်ပြည်ထောင်စုမှာ အရာရာတိုင်း ဖြစ်နိုင်ပါတယ်ဆိုတာကို သံသယရှိသူတွေ ရှိနေအုံးမယ်။ ကျနော်တို့ တိုင်းပြည်ကို ထူထောင်ခဲ့သူတွေ ချမှတ်ခဲ့တဲ့ အိပ်မက်တွေ ဒီနေ့အထိ ရှင်သန်နေဆဲပါဆိုတာကို မယုံချင်ကြသူတွေ ရှိနေမယ်။ ဒီမိုကရေစီရဲ့ အင်အားကို မေးခွန်းထုတ်သူတွေ ရှိနေအုံးမယ်ဆိုရင်၊ အဲဒီလူတွေအတွက် ဒီညဟာ အဖြေပေးလိုက်တဲ့ ညပါပဲ။”

အမေရိကန်ပြည်ထောင်စုတဝှမ်း ဒီမိုကရက်ပါတီကို မဲပေးခဲ့သူတွေက မနေ့ကညဟာ သမိုင်းဝင် ညတညလို့ ကြွေးကြော်ပြီး လမ်းမတွေပေါ်မှာ စုဝေးခဲ့ကြပါတယ်။ တချို့က အော်ဟစ်ကခုန်နေခဲ့သလို အိုဘားမားရဲ့ အောင်မြင်မှုအတွက် ဝမ်းသာ မျက်ရည်ကျသူတွေလည်း အများအပြားတွေ့ရပါတယ်။

သမ္မတအဖြစ် အရွေးခံရဘို့အတွက် သမ္မတလောင်း တယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စု ပြည်နယ်တွေအားလုံးက ပါဝင်တဲ့ ရွေးချယ်ရေးအဖွဲ့ဝင် ၂၇၀ ကို ရရမှာဖြစ်ပါတယ်။ အိုဘားမားဟာ အဓိက အချက်အခြာကျတဲ့ ပြည်နယ်တွေကို အနိုင်ရလိုက်ပါတယ်။ ရီပါပလစ်ကန် သမ္မတလောင်း ဂျွန်မက်ကိန်းကလည်း သမ္မတရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့ပြီဆိုတာ ဝန်ခံတဲ့အကြောင်း အာရီဇိုးနားပြည်နယ် Phoenix မြို့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ခရီးရှည်အကြီးရဲ့ အဆုံးကို ရောက်ခဲ့ပါပြီလို့ ဂျွန်မက်ကိန်းက သူ့ကို ထောက်ခံသူတွေကို ပြောဆိုသွားပါတယ်။

“အမေရိကန်ပြည်သူတွေဟာ သူတို့ ပြောရမယ့် ကိစ္စတွေကို ပြတ်ပြတ်သားသား ပြောလေ့ရှိပါတယ်။ မကြာသေးခင်လေးကပဲ ကျနော် အထက်လွှတ်တော်အမတ် အိုဘားမားကို သူ့ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံး တန်ဘိုးထားမြတ်နိုးခဲ့တဲ့ တိုင်းပြည်ရဲ့ နောက် သမ္မတအဖြစ် သူအရွေးချယ်ခံလိုက်ရတာကို ဝမ်းသာတဲ့အကြောင်း ပြောဆိုခဲ့တာပါ။”

ကွဲလွဲချက်တွေ ရှိခဲ့မယ်ဆိုရင်တောင် အခုလို တိုင်းပြည် အခက်အခဲတွေကြုံနေရတဲ့အချိန်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အိုဘားမားနဲ့ လက်တွဲဆောင်ရွက်ဘို့ သူ့အနေနဲ့ ကတိပေးခဲ့တဲ့အကြောင်း ဂျွန်မက်ကိန်းက ပြောဆိုသွားပါတယ်။ ဘရက်ခ် အိုဘားမားကလည်း တိုင်းပြည်မှာ ညီညွတ်မှုကို တည်ဆောက်ဘို့ ပြောဆိုသွားပါတယ်။ ဒီရွေးကောက်ပွဲဟာ အမေရိကန် ပြည်ထောင်စုအတွင်း အပြောင်းအလဲတွေ ပေါ်လာမယ်လို့ ရည်ညွှန်းပြောဆိုတဲ့ တချိန်တည်းမှာ ရှေ့မှာ ဆောင်ရွက်စရာတွေ အများကြီးရှိမယ်ဆိုတာကိုလည်း ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။

“ကျနော်တို့ ဒီနေ့ည အခုလို အောင်ပွဲတွေ ကျင်းပနေကြရင်တောင် မနက်ဖြန်ဆိုရင် ကျနော်တို့ ဘဝတသက်တာမှာ အကြီးမားဆုံး ရင်ဆိုင်တွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျနော်တို့ သိနားလည်ထားပါတယ်။ ဒီနေ့ ကမ္ဘာမြေမှာ ရင်ဆိုင်နေရတဲ့ အန္တရယ်ကြီးတဲ့ စစ်ကြီးနှစ်ခုနဲ့ ရာစုနှစ်အတွင်း အဆိုးဝါးဆုံး ငွေကြေးအကြပ်အတည်းတွေကို ကျနော်တို့ ရင်ဆိုင်ဖြေရှင်းရပါလိမ့်မယ်။”

ဒီမိုကရက် သမ္မတလောင်း ဘရက်ခ် အိုဘားမား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့တချိန်တည်းမှာ အမေရိကန် ကွန်ဂရက်စ်လွှတ်တော်အတွင်းမှာလည်း ဒီမိုကရက်ပါတီ အမတ် အများစုက အနိုင်ရနေတဲ့အကြောင်း အမေရိကန် သတင်းမီဒီယာ တွေမှာ ဖေါ်ပြနေပါတယ်။ ဆီးနိတ်လွှတ်တော်အမတ်နေရာ အနည်းဆုံး ငါးနေရာကို ဒီမိုကရက်တွေက အနိုင်ရလိုက်ပါတယ်။ သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ တချိန်တည်းမှာ ဆီးနိတ်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၅ နေရာနဲ့ အောက်လွှတ်တော်အမတ် ၄၃၅ နေရာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဘရက်ခ် အိုဘားမားက ရှေ့ဆက်လုပ်မယ့် မျှော်မှန်းချက်တွေနဲ့ ပတ်သက်လို့ ညက ရှီဂါကိုမှာ သူ့ကို ထောက်ခံသူတွေကို အခုလို ဆက်ပြော ပါသေးတယ်။

“ရှေ့ဆက် ဆောင်ရွက် ဘို့ အင်အားအသစ်တွေ ရှိရပါလိမ့်မယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးရမယ်၊ ကျောင်းတွေ ဆောက်ရမယ်။ ခြိမ်းခြောက်မှုတွေကို ကျော်လွှားပြီး မဟာမိတ်တွေနဲ့ ပိုပြီးခိုင်မာအောင် လက်တွဲရပါလိမ့်မယ်။ ကျနော်တို့ ရှေ့ဆက်ရမယ့် ခရီးက ရှည်ပါတယ်။ ကျနော်တို့ တက်လှမ်းရမှာတွေ မတ်ဆောက်လွန်းပါတယ်။ ကျနော်တို့ ပန်းတိုင်ကို တနှစ်ထဲနဲ့ ဒါမှမဟုတ်ရင် သမ္မတသက်တမ်း တခုတည်းမှာတင် ရောက်ချင်မှ ရောက်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီပန်းတိုင်ကို ရောက်ကို ရောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ဒီညလောက် ကျနော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူး ပါဘူး။”
ဘရက်ခ် အိုဘားမားက လာမယ့် ၂၀၀၉ ခုနှစ် ဇန္နဝါရီလ ၂၀ ရက်နေ့မှာ မှာ သမ္မတအဖြစ် စတင် တာဝန်ယူမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်း ၂၃၂ နှစ်အတွင်း ပထမဆုံး အာဖရိက အနွယ်ဝင် အမေရိကန် လူမျိုးတယောက်ကို အမေရိကန်ပြည်သူတွေက ရွေးချယ်လိုက်ပါတယ်။ သမ္မတဘုရှ်ရဲ့ အုပ်ချုပ်မှုအောက် ရစ်ပတ်ဗလစ်ကန် ပါတီက အိမ်ဖြူတော်ကို ရှစ်နှစ်ကြာ ကြီးစိုးခဲ့တာတွေ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG