သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအမှုလိုက် ရှေ့နေများ ထောင်ဒဏ် ချမှတ်ခံရ


ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တရားရုံးတင် စစ်ဆေးမှုတွေမှာ ဥပဒေအကျိုးဆောင် ပေးနေသူတွေကို အာဏာပိုင်တွေဖက်က ဖမ်းဆီး အပြစ်ပေးတာတွေ ရှိနေပါတယ်။ အခုနောက်ဆုံးမှာလည်း ရန်ကုန်မြို့က နိုင်ငံရေး အကျဉ်းသားတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဝါရင့် ရှေ့နေကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ကို ဒီကနေ့ပဲ ထောင်ဒဏ် (၄) လစီ အသီးသီး ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီအကြောင်း စုံစမ်းထားသမျှ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက အရေးယူ အပြစ်ပေးတာတွေ လုပ်နေရုံသာမက အခုဆိုရင်လည်း သူတို့တွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက် ပေးနေတဲ့ ဥပဒေအကျိုးဆောင်တွေကိုပါ အရေးယူ ထောင်ချတဲ့အထိ လုပ်ဆောင်လာနေတာပါ။ အခုနောက်ဆုံးမှာ ဆိုရင်လည်း ရန်ကုန်မြို့က တရားရုံးချုပ် ရှေ့နေကြီး ၂ ဦးဖြစ်တဲ့ ဦးအောင်သိန်း နဲ့ ဦးခင်မောင်ရှိန် တို့ ၂ ဦး ကို တရားရုံးကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၄ လစီ အသီးသီး အပြစ်ပေးလိုက်တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်ရသူ တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးခင်မောင်ရှိန် ပြောပြတာကတော့ -

“မနေ့က အဲန်ကယ်လ်တို့က လျှောက်လဲချက် တင်တယ်။ လျှောက်ထားသူဘက်က တရားရုံးချုပ်ဘက်က ရှေ့နေချုပ်ရုံးက နေပြီးတော့လျှောက်ထားတယ်။နောက် လျှောက်ထားသူအနေနဲ့ ဒီစွပ်စွဲမှုပေါ့။ ဟို တရားရုံးအား မထီမဲ့မြင်ပြုမှု ဥပဒေပုဒ်မ (၃) အရလကျူးလွန်တယ်ပေါ့။ အဲန်ကယ်တို့ကလည်း ဖြစ်စဉ်အမှန်အတိုင်း ပြန်လည်ထုချေတယ်။ ရှင်းပြတယ်။ ပြောပြတယ်။ ဒီစကားရပ်ကိုတော့ မကြေညာဘူး။ အမှုသည်က ပြောတာ။ အဲကယ်လ်တို့ သဘောထား၊ အဲန်ကယ်လို့ စကား မဟုတ်ဘူး။ အမှုသည်က အဲဒီလို ပြောပြီးတော့ တရား စီရင်မှု အပိုင်းမှာ အမှု အစစ်ဆေး မခံတော့ဘူး။ ရှေ့နေပါဝါကို ရုတ်သိမ်းလိုက်ပါပြီလို့ ပြောတဲ့အကြောင်း သူတို့လက်မှတ် အပါအဝင် နဲ့ အဲန်အယ်ကယ် နှစ်ယောက်ရဲ့ လက်မှတ် အပါအဝင်နဲ့ ရှေ့နေတရားရုံးကို တရိုတသေ တင်တာ။ အဲဒီအပေါ်မှာ တရားစီရင်ရေးကို မယုံကြည်တော့၍ ဆိုတဲ့ အပေါ်မှာတော့ မခံနိုင်ဘူး။ ဆိုတော့ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဒီဟာတွေကို ရေးရမလား ဆိုပြီး ဒီဟာတွေကို ပြောရမလား ဆိုတဲ့ အပိုင်းနဲ့ ထောင် ၄ လ ပြစ်ဒဏ်ချတယ်။”

နိုင်ငံရေး အကျဉ်းသားတွေကို တရားရုံးတင် စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့ နေတာတွေမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး၊ အာဏာပိုင်တွေရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေက ကန့်ကွက်မှုတွေ၊ ရှေ့နေတွေကို ဥပဒေ အကျိုးဆောင်ခွင့်အာဏာ အပ်နှင်းထားတာတွေကို ရုပ်သိမ်းတာတွေ ကလည်း ရှိခဲ့တာဖြစ်ပါတယ်။ ဒီလို ကန့်ကွက်ဆန့်ကျင်မှုတွေရဲ့ နောက်ဆက်တွဲ အဖြစ် အခုလို အရေးယူ ဆောင်ရွက်မှုတွေ လည်း ပေါ်ပေါက်လာတာပါ။ ဒီလို နိုင်ငံရေး တက်ကြွသူတွေသာမက ဒီလူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးဖို့ ကျိုးပမ်းရင်း ကိုယ်တိုင်ပြစ်ဒဏ်ကျခံရတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရတဲ့ ရှေ့နေ နောက်တဦးဖြစ်တဲ့ ဦးအောင်သိန်း ကလည်း အခုလို ဆိုပါတယ်။

“ကျနော်တို့က ဒီလို နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမှုတွေကလည်း ခပ်များများ ဗျာ။ နောက် ဒီလို လိုက်ပါဆောင်ရွက်တဲ့ ကိစ္စတွေကိုလည်း ကျနော်တို့က ထူးခြားတဲ့ ဖြစ်စဉ် အခြေအနေမှာ မီဒီယာကိုလည်း ကျနော်တို့ ပြောလေ့ပြောထ ရှိတယ်ပေါ့ဗျာ။ ဒီလို အနေအထားမျိုးမှာ ဒီလို ကျနော်တို့အပေါ်မှာ တရားရုံးကို မထေမဲ့မြင် ပြုလုပ်ပါတယ် ဆိုတဲ့ စွပ်စွဲချက်က မမှန်ကန်ဘူးလို့ ကျနော်တို့ ပထမဆုံး ပြောရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အမှုသည်ရဲ့ ညွှန်ကြားချက် အရ အမှုသည်နဲ့ ရှေ့နေအပေါ်မှာ ပဋိဉာဏ်ပြုထားတဲ့ အကြောင်းအချက် အပေါ်မှာ အမှုလိုက်ရသလို အမှုသည်ရဲ့ ရှေ့နေ တရားစီရင်ရေး လမ်းခုလတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝါ ရုတ်သိမ်းကြမယ် ဆိုရင်လည်း ဘာကြောင့် ရုတ်သိမ်း ကြမယ်ဆိုတဲ့ ကိစ္စတွေကို ပြောဆိုပြီးတော့ ကျနော်တို့ ရေးသားပြီးတော့ ရုတ်သိမ်းလေ့ ရှိကြတယ်။ ဒီလိုပဲ ကျနော်တို့က မှတ်ယူရမှာပါ။ အဲဒီဟာမျိုးအပေါ်မှာ အပြစ်ရှိပါတယ် ဆိုပြီးတော့ သုံးသပ်ရင်တော့ ဒါ သူတို့ တရားရုံးပိုင်းက သူတို့ဘက်က သုံးသပ်တာပေါ့လေ။”

နိုင်ငံရေး အကျဉ်းသားတွေအတွက် ရပ်တည်ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ဒီလို အရေးယူအပြစ်ပေးတာတွေ လုပ်ဆောင်နေတဲ့အပေါ် ဦးခင်မောင်ရှိန် ကလည်း သူ့အမြင်ကို အခုလို ဆိုပါတယ်။

“ဒီမှာ ဖြစ်ပေါ်နေတဲ့ အနေအထားတွေ အခု ဒီ့ပြင်ထောင်ထဲမှာ အထူးရုံးအနေနဲ့ စစ်ဆေးတယ်။ ၈၈ မျိုးဆက် ကိုမင်းကိုနိုင် တို့ အပါအဝင် ကျောင်းသားတွေ ရှိတယ်၊ ဘုန်းကြီးတွေ ရှိတယ်။ နောက်တခါ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့သူတွေ။ စက်တင်ဘာ ကိစ္စမှာ ပါတဲ့သူတွေ အများကြီးပဲ။ အမှုတွေလည်း အများကြီးပဲ။ ဟိုမှာ အရှင် ဂမ္ဘီရ ဆိုရင် ၁၆ မှုလောက် ရှိတယ်။ ကိုမင်းကိုနိုင် တို့ဆိုရင် တယောက်တည်းနဲ့ ၂၁ မှုလောက် ရှိတယ်။ ဒီလို အနေအထားမျိုးတွေ ရင်ဆိုင်နေရတဲ့ အနေအထားမှာ ဒီအမှုသည်တွေ အခွင့်အရေး တိုက်ပွဲတွေ ဆောင်ရွက်ရင်းနဲ့ ဖြစ်ပေါ်လာတဲ့ အနေအထားတွေကို ဒီပုံဒီနည်း နဲ့ ဖမ်းတယ်၊ ထောင်ချတယ်။ နောက်တခါ အမှုသည်တွေကို မိသားစုနဲ့ မတွေ့ရဘူးလို့ ကန့်တယ်။ ရက်ချိန်းတွေ မရအောင် ဆောင်ရွက်တယ်။ ဒီပုံဒီနည်းနဲ့ ချုပ်ငြိမ်းအောင် လုပ်တဲ့အပိုင်းကတော့ မှန်ကုန်တယ်လို့ ကျနော် မထင်ဘူး။ ကျနော့် အမှုက ပြစ်ဒဏ်ကျလို့ ကျနော် ပြောတာမဟုတ်ဘူး။ အားလုံးနဲ့ ခြုံပြီးပြောတာ။ ကျနော် တရားရုံးကို လျှောက်တုန်းကလည်း ဦးအောင်သိန်းရော ကျနော်ရော ပေးအပ်တာကို ကျနော်တို့ ကျေနပ်စွာခံယူပါမယ်လို့ ကျနော်တို့ ပြောထားတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်လို့တော့ ကျနော်တို့ ယူကြုံးမရဘူး မရှိတာတော့ အမှန်ပဲ။ ဘာလို့ မရှိတာမှန်လဲ ဆိုတော့ - ဟာ ပြစ်ဒဏ်လည်း ကျသေးတယ်။ မင်း ဝမ်းမနည်းဘူးလား ဆိုတဲ့အခါကျတော့ ပြောရတာတော့ တမျိုးပဲဗျ။ ကျနော် အဲဒီ ခံစားမှု မရှိဘူး။ ကျေနပ်စွာ ခံယူတယ်။ ပြန်ထွက်လာတဲ့အခါမှာ ကျနော့်ရဲ့ ရှေ့နေရှေ့ရပ် လုပ်ဆောင်ခွင့်ရှိတယ် ဆိုရင် ကျနော် ဒီတာဝန်တွေကို ပြန်ပြီးတော့ တစိုက်မတ်မတ် အားကြိုးမာန်တက် အခု ပြီးခဲ့တဲ့ကာလတွေမှာ ဆောင်ရွက်သလိုမျိုး ကျနော် ဆက် ဆောင်ရွက်မှာပါ။ ဒါကတော့ ကျနော် ကတိပြုတယ်။ ဒါကတော့ ကျနော့် သဘောထားပါပဲ။ ကျနော်တို့ အခု ၄ လ ကျတယ်။ ပြန်လွတ်လာတဲ့အချိန်မှာ ကျနော်တို့အပေါ်မှာ ချမှတ်တဲ့ပြစ်ဒဏ် အပေါ်မှာ ကျနော်တို့ ကျေနပ်မှု မရှိတာတော့ အမှန်ပဲခင်ဗျာ။ အဲဒီအပေါ်မှာ ကျနော်တို့ အဲဒီအခါကျလို့ရှိရင်တော့ စဉ်းစားမယ်။”

ဒီလို ဝါရင့်ရှေ့နေကြီးတွေကို ထောင်ဒဏ်ပြစ်ဒဏ်ပေးတာတွေ မကြုံရခင် ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းကလည်း အလားတူ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးနေရင်း ရုံးတော်ကို မထေမဲ့မြင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပဲ လူငယ်ရှေ့နေတဦးဖြစ်တဲ့ ကိုညီညီထွေး ကို ဖမ်းဆီးသွားခဲ့ပြီး ချက်ခြင်းဆိုသလို ထောင်ဒဏ် (၆) လ အပြစ်ပေးလိုက်တာမျိုး ရှိခဲ့ပါတယ်။ ဒီလိုပဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက် ကျောင်းသား ၉ ဦး ဟာ ဆိုရင်လည်း ဒီလို စွပ်စွဲချက်တွေနဲ့ပဲ ထောင်ဒဏ် (၆) လစီ အပြစ်ပေးခံခဲ့ရပြီး နောက်ပိုင်းမှာ ဧရာဝတီတိုင်း မအူပင် အကျဉ်းထောင်ကို ပြောင်းရွှေ့ ပို့ဆောင်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG