သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတို့၏ ရှေ့နေများ ဖမ်းဆီးမှုကို အမေရိကန်ရှုတ်ချ


မကြာခင်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဥပဒေ အကျိူးဆောင်ပေးနေတဲ့ ရှေ့နေ လေးဦးကို မြန်မာစစ်အစိုးရက ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ရှုတ်ချလိုက်တဲ့အကြောင်း မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက်ရဲ့ အသေးစိတ်ကို ဦးကျော်ဇံသာ က တင်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးခဲ့ကြတဲ့ တရားခံ ရှေ့နေ လေးဦးအပေါ် စစ်အစိုးရက ပြစ်ဒဏ် စီရင်ခဲ့တာကို အမေရိကန် ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်က တရားခံ ရှေ့နေ ဦးညီထွေးကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီး နောက် သုံးဦးဖြစ်ကြတဲ့ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန် နဲ့ စောကျော်ကျော်မင်း တို့ဟာလည်း ရုံးတော်ကို စော်ကားမှုနဲ့ ထောင်ဒဏ် ကျခံရဖွယ် ရှိနေပါတယ်။

သူတို့ဟာ သူတို့ရဲ့ အမှုသည်တွေကို တရားစစ်ဆေးတဲ့နေရာမှာ တရားဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ စောဒက တက်ခဲ့ကြတဲ့အတွက် အာဏာပိုင်တွေက အခုလို ပြစ်ဒဏ်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ စစ်အစိုးရ အနေနဲ့ ရှေ့နေတွေကို ခြိမ်းခြောက်ပြီး တရားဥပဒေ စိုးမိုးရေးကို စော်ကားတာလည်း ဖြစ်ပါတယ်။ ဦးညီညီထွေး ကို ချက်ချင်းလွှတ်ပြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန် နဲ့ စောကျော်ကျော်မင်း တို့အပေါ် စွဲဆိုထားတာတွေကိုလည်း ချက်ချင်းရုတ်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတွေကို ငြိမ်းချမ်းစွာ ကျင့်သုံးတဲ့အခါ အနှောက်အယှက် ပြုတာ၊ ဖမ်းဆီးတာ မလုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးဖို့ ဒီမိုကရေစီ အရပ်သား အစိုးရတရပ်ဆီ အာဏာလွှဲပြောင်း ပေးနိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ တိုင်းရင်းသား အုပ်စုတွေကို တွေ့ဆုံပြီး စစ်မှန်သော ဆွေးနွေးမှု လုပ်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ အခုလို နိုင်ငံရေးမှုတွေကို အမှုလိုက်ပေးနေတာကြောင့် မကြာခင်ကပဲ လေးလ ထောင်ဒဏ် ချမှတ်ခြင်းကို ခံလိုက်ရတဲ့ တရားရုံးချုပ် ရှေ့နေ နှစ်ဦး ဖြစ်တဲ့ ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ကို မနေ့ည သန်းခေါင်မတိုင်မှီ အချိန်ကပဲ သူတို့ရဲ့ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒါကို ဦးအောင်သိန်းရဲ့ သားဖြစ်သူ ကိုကျော်မင်းကို နော်ရှိုးက ဆက်သွယ် မေးမြန်းတဲ့အခါ သူက အခုလို အတည်ပြု ပြောဆိုပါတယ်။

“အခု ယူကေ စံတော်ချိန်ဆိုရင် ၅ နာရီထိုးပြီး ၁၅ မိနစ်ပေါ့။ မြန်မာစံတော်ချိန် ၁၂ နာရီ ထိုးဖို့ ၁၅ မိနစ်အလိုမှာ ရဲ ၇ ယောက်၊ နောက်ပြီးတော့ သင်္ကန်းကျွန်းမြို့နယ် ဆယ်အိမ်မှူး တယောက် ပါတယ်လို့ ကြားပါတယ်။ လာခေါ်တဲ့အခါမှာ ကျနော့် အမေက နေပြီးတော့ ကျနော့် အဖေကို ခေါ်နိုးလိုက်ပါတယ်ခင်ဗျ။ ခေါ်နိုးလိုက်တဲ့အခါမှာ ကျနော့်အဖေကလည်း ထပြီးတော့ အဆင်သင့်ပါပဲ။ ကျနော့် မိခင်ကလည်း ပြောပါတယ်။ - ငါတို့ စောင့်နေတာ ကြာပြီ။ အခုမှ လာလားလို့ မေးလိုက်တယ်။ အဲဒါ သူတို့ကလည်း ကျနော့်အဖေရဲ့ အဆင်သင့်လုပ်ထားတဲ့ အိတ်ကို သူတို့ ရဲသားတွေကိုယ်တိုင် မပေးပြီးတော့ ခေါ်သွားတယ်လို့ သိရပါတယ်ခင်ဗျ။”

ဟုတ်ကဲ့ လက်ထိပ်တွေ ဘာတွေရော ခတ်သေးလား။ -

“အဲဒီလို ခတ်သွားတာတော့ မတွေ့ပါဘူးခင်ဗျ။ အင်းစိန်မှာနေတဲ့ ဦးခင်မောင်ရှိန်ကိုလည်း ပြီးခဲ့တဲ့ ၁၁ နာရီလောက်မှာပဲ အင်းစိန် ရဲစခန်းကို ခေါ်သွားတယ်လို့ သိရပါတယ်။”

ဆိုတော့ အခု ဦးအောင်သိန်းက လေးလ ထောင်ချခံရတယ် ဆိုတော့ ဒီ့ထက် ကြာဖို့ရှိမယ်လို့ရော ထင်ပါသလား။ -

“ကျနော်ကတော့ အဲဒီလိုတော့ မထင်ဘူးခင်ဗျ။ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ အပေါ်မှာ သူတို့အနေနဲ့ အငြိုးအတေးတွေ ရှိတဲ့အပေါ်မှာ အကြောင်း မရှိ အကြောင်း အပြစ်ရှာပြီးတော့ မရရအောင်ပေါ့ တရားဥပဒေကို ရအောင် စွဲပြီးတော့ ပြစ်ဒဏ်ပေးတယ်။ ပြီးလို့ရှိရင် လိုင်စင်ကိုလည်း သူတို့ ရုတ်သိမ်းဖို့ အစီအစဉ် ရှိလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

ဘယ်လို ပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ ဖမ်းရတယ်လို့ ပြောပါသလဲ ရှင့်။ -

“သူတို့ စွဲထားတာကတော့ ကျနော်တို့ အဓိက ပြောရရင်တော့ ပုဒ်မ (၃) လို့ပြောတယ်။ တရားရုံးမှာ တရားခံတွေရဲ့ တင်ပြချက်ကို ကျနော့်အဖေ ကနေပြီးတော့ တရားသူကြီးကို လျှောက်ထားတဲ့အခါမှာ တရားခံတွေကနေပြီးတော့ မတရား တရားသူကြီး ဖြစ်တဲ့အတွက်ကြောင့် အမှု ပါဝါ ရုတ်သိမ်းပေးဖို့အတွက်ကို သူတို့က တင်ပြတောင်းဆိုတဲ့ အခါမှာ ကျနော့်အဖေ ကနေပြီးတော့ လျှောက်လွှာပေါ်မှာ စာရေးရတယ်။ ရှေ့နေဖြစ်သူ ဆိုတာကတော့ မိမိရဲ့ တရားခံရဲ့ တင်ပြလျှောက်ထားချက် အပေါ်မှာ စာအကြောင်းအရာကို ထည့်ရေးတယ်။ ထည့်ရေးပြီးတော့ တရားသူကြီးကို တရားခံကိုယ်တိုင် လက်မှတ်ရေးထိုးတယ်။ ကျနော့်အဖေ ဖြစ်သူ ရှေ့နေ ကိုယ်တိုင်လည်း ရှေ့နေတယောက် အနေနဲ့ လက်မှတ်ရေးထိုးပြီးတော့ တရားသူကြီးကို တင်ပြတယ်။ ဒီလို တင်ပြတဲ့အပေါ်မှာ သူတို့ဘက်ကနေပြီးတော့ ဒါဟာ တရားရုံးကို မထီမဲ့မြင်ရာ ရောက်ပါတယ် ဆိုပြီးတော့ ပုဒ်မ စွဲပြီးတော့ ပြစ်ဒဏ်ချမှတ်တယ်လို့ သိရပါတယ်။”

အခုလို ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ အကျဉ်းချခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် က ရှေ့နေ ဦးမင်းလွင်ဦးကို မေးကြည့်တော့ သူက အခုလို ပြောပြပါတယ်။

“တကယ်တော့ ဒီလို ပြစ်မှုတွေမှာ တရားရုံးကို မထီမဲ့မြင်ပြုမှုတွေ၊ အရေးယူခံရတဲ့ ကိစ္စတွေက အများအားဖြင့် တရားရုံးချုပ်ကနေပြီးတော့ ပြင်းထန်စွာ သတိပေးတယ် ဆိုတဲ့အဆင့်လောက်နဲ့ပဲ ဆုံးဖြတ်ကြတာ အတော်များများ တွေ့ရှိရပါတယ်။ တကယ်တမ်း အဲဒီလိုမျိုး ထောင်ဒဏ်တို့၊ ငွေဒဏ်တို့ အပြစ်ပေးတယ် ဆိုတာကတော့ တရားရုံးက ချမှတ်တဲ့ အမိန့်ဒီဂရီတွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ တရားရုံး အဆင့်ဆင့်ကသော်လည်းကောင်း၊ ရဲစခန်း အဆင့်ဆင့်ကသော်လည်းကောင်း တရားလို တရားပြိုင်တွေကသော်လည်းကောင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူး ဆိုမှသာ ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း အပြစ်ပေး အရေးယူတာ ဖြစ်ပါတယ်။ ယခုလိုမျိုး နိုင်ငံရေးအမှုတွေမှာ လိုက်ပါဆောင်ရွက်တဲ့ တရားရုံးချုပ် ရှေ့နေတွေ၊ အကျိုးဆောင်တွေကို ဒီလိုမျိုး ပြစ်ဒဏ်တွေ ချမှတ်ခြင်းဟာ ကျနော်တို့ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ကြီး တခုလုံး ဖောက်လွဲဖောက်ပြန် မှားယွင်းနေပြီး အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လက်အောက်ကို လုံး၀ ကျရောက်နေပြီ ဆိုတာကို အထင်အရှား ပြသလိုက်တာလို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်။”

အဲတော့ အဲန်ကယ်လ်တို့ဘက်က ဘယ်လို ဖိအားပေးမှုတွေ ဆောင်ရွက်နေပါလဲရှင့်။ -

“ဒီလို နိုင်ငံရေးမှုတွေမှာ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေရဲ့ဘ၀ မရေမရာ ဖြစ်တာ၊ အမြဲတမ်း ခြိမ်းခြောက်ခံနေရတာ၊ ဖိအားပေးခံနေရတာ၊ စားဝတ်နေရေး အခက်အခဲ ဖြစ်အောင် နည်းမျိုးစုံနဲ့ ခြောက်လှန့် ဟန့်တားနေတဲ့ ကိစ္စတွေကို ကျနော်တို့ ကုလသမဂ္ဂ လက်အောက်မှာရှိတဲ့ Independent judge and lawyer လွတ်လပ်တဲ့ တရားစီရင်ရေးဆိုင်ရာ တရားရေးအဖွဲ့အစည်းတွေနဲ့ ရှေ့နေများရဲ့ အခွင့်အရေးတွေနဲ့အညီ ရသင့်ရထိုက်အောင် ခွင့်ပြုသင့်တဲ့ အချက်အလက်တွေ ခွင့်ပြုနိုင်အောင် ကျနော်တို့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးကိုလည်း ကျနော်တို့ တင်ပြထားပါတယ်။ နောက်ပြီးတော့တခါ International Bar Association ကိုလည်း ကျနော်တို့ ဒီရှေ့နေတွေရဲ့ ကိစ္စရပ်တွေကို အသေးစိတ် အစီရင်ခံ တင်ပြထားပြီး ဖြစ်ပါတယ်။”

ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီကလည်း တရားရုံးက စစ်ဆေး ဆုံးဖြတ်ချက်တွေအပေါ် တရားသူကြီးချုပ် ဦးအောင်တိုးကိုယ်တိုင်မှာ တာဝန်ရှိတယ်။ မှားယွင်းတဲ့ တရားရုံး ဆုံးဖြတ်ချက်တွေကို ချက်ချင်း ပယ်ဖျက်ပေးဖို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG