သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ ရေနံရှာဖွေရေး စစ်အစိုးရ ရပ်ဆိုင်း


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အငြင်းပွားနေတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်း ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး လုပ်ငန်းတွေ ပြီးစီးသွားပြီလို့ မြန်မာ စစ်အစိုးရက ထုတ်ပြန် ပြောကြား လိုက်ပါတယ်။ အဲဒီနေရာမှာ လုပ်ငန်းတွေ ပြီးစီးသွားပြီ ဖြစ်တာကြောင့် ဒေဝူး အင်တာနေရှင်နယ် ကုမ္ပဏီဟာ ရေနံတူးတဲ့ လုပ်ငန်းကို တခြား တနေရာကို ရွေ့ပြောင်းသွားပြီလို့ မနေ့က ထုတ်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာ စစ်အစိုးရက ငှားရမ်းထားတဲ့ အဲဒီ တောင်ကိုရီးယား ကုမ္ပဏီဟာ နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပြင်ကနေ ထွက်ခွာသွားပြီလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက သောကြာနေ့က ကြေငြာအပြီးမှာ မြန်မာ စစ်အစိုးရဘက်က အခုလို ထုတ်ဖော် ပြောဆိုတာပါ။ တောင်ကိုရီးယား အစိုးရနဲ့ ဒေဝူး ကုမ္ပဏီတွေဟာ သူတို့ရဲ့ ရေနံတူး ကိရိယာတွေကို ဖျက်သိမ်းပြီးသွားပြီလို့ သူတို့ကို အကြောင်း ကြားလာတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် ထိပ်တန်း သံတမန် တဦးဖြစ်တဲ့ Iftekhar Ahmed Choudhury က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရေပိုင်နက် အတွင်း မြန်မာဘက်က ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ လာရောက် တူးဖော်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်က တရားဝင် ကန့်ကွက်ခဲ့ရာက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာဘက်ကတော့ နိုင်ငံတကာ ဥပဒေကို လေးစားပေမယ့် အခုလို ဘင်္ဂလားဒေ့ရှ်ဖက်က တရားဝင် ကန့်ကွက်တာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်အစိုးရ သံတမန်တွေ လာမယ့် နိုဝင်ဘာ ၁၆ နဲ့ ၁၇ ရက်တွေမှာ ဒီကိစ္စကို တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG