သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ် အသုံးအနှုန်းဆိုင်ရာ အီဒီယံများ


ဒီတပတ် တင်ပြသွားမယ့် အိမ်နဲ့ဆိုင်တဲ့ အီဒီယံအသုံးအနှုန်းများကတော့ put your house in order နဲ့ to clean house တို့ ဖြစ်ပါတယ်။

ပထမ အီဒီယံအသုံးအနူန်း - Put your house in order - သင်ရဲ့ အိမ်ကို စနစ်တကျ သန့်သန့်ပြန့်ပြန့်ထားပါ လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးမှာတော့ "စနစ်တကျရှိစေခြင်း" လို့ သုံးစွဲနိုင်ပါတယ်။ ဒီ အသုံးအနှုန်းကို အခြေအနေ နှစ်ရပ်နဲ့ ပတ်သက်ပြီး သုံးနိုင်ပါတယ်။ ပထမအသုံးကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဖြေရှင်းထားတယ်လို့ အဓိပ္ပာယ် ရပါတယ်။

George Grow ပေးတဲ့ ဥပမာမှာ ဦးလေးတော်စပ်သူက သူမသေခင် သူ့အမွေကို မိသားစုအတွက် အဆင်ပြေအောင် စိတ်အေးရအောင် ကြိုတင်စီစဉ်ပေးထားတဲ့ အကြောင်းဖြစ်ပါတယ်။

"Before he died, Uncle Bob put his house in order. He paid off all his debts and left his insurance policy, his will and other important papers in a big envelop on his wife's desk."
"သူမဆုံးခင် ဦးလေး ဘော့ပ် က သူကိစ္စတွေကို နှောင်ရေးအေးရလေအောင် စနစ်တကျ စီစဉ်ထားခဲ့ပါတယ်။ သူရှိခဲ့တဲ့ အကြွေးတွေအားလုံးကို ပေးဆပ်ခဲ့တယ်၊ အာမခံပေါ်လစီတွေလည်း ထားခဲ့တယ်။ အမွေစာချုပ်လည်း ထားခဲ့ပါတယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း အိတ်ကြီးတအိတ်ထဲမှာ ထဲ့ပြီး သူ့ဇနီးရဲ့ စာပွဲပေါ်မှာ တင်ထားခဲ့ပါတယ်။"

တနည်းအားဖြင့် - စီးပွားရေးလုပ်ငန်း (သို့) အဖွဲ့အစည်းတခုအတွင်း (သို့) နိုင်ငံအတွင်းမှာ ကမောက်ကမ ဖြစ်နေတာကို စနစ်တကျပြန်ဖြစ်အောင် ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်

ဒီဥပမာမှာ နယူးရော့ (New York) မှာ ရှိနေတဲ့ ကုမ္မဏီကြီးရဲ့ ဌာနချုပ်က အလုပ်ပိုင်ရှင်ကြီး လာမှာမို့ ချီကားကို (Chicago) ရုံးခွဲက မန်နေဂျာ အလုပ်ရှုပ်နေတဲ့ ဥပမာဖြစ်ပါတယ်။

"We have to put the house in order in two days. I want desks clean, the whole place looking good and we need account balance up to date by five o'clock tomorrow afternoon."
"ကျနော်တို့ရဲ့ ရုံးမှာ နှစ်ရက်အတွင်း စနစ်တကျ လုပ်ကြရမယ်။ စာပွဲတွေကို ရှင်းထား၊ နေရာတခု ကြည့်ကောင်းအောင် လုပ်ထားကြ၊ ဒါအပြင် ငွေစာရင်းတွေလည်း ချိန်ကိုက်ပြီး နောက်ဆုံးအချိန်ထိ ပြတဲ့စာရင်းကို မနက်ဖြန် ညနေ ငါးနာရီ အမီ အားလုံးပြင်ထားရမယ်" လို့ အဓိပ္ပာယ် ရပါတယ်။

ဒီအသုံးအနူန်းကို နိုင်ငံရေးမှာလည်း သုံးစွဲနိုင်ပါတယ်။ ကိုယ်နိုင်ငံအတွင်း ကမောက်ကမ မဖြစ်ရလေအောင် အခြေအနေတွေ စနစ်တကျ ဖြစ်အောင် ဆောင်ရွက်ရမှာလည်း ဒီအသုံးကို ရည်ညွှန်းသုံးလို့ ရပါတယ်။

ဒုတိယ အီဒီယံအသုံးအနူန်း - To clean house (တိုက်ရိုက်အဓိပ္ပာယ် ဖွင့်ဆိုချက် - "အိမ်ကိုရှင်းလင်းခြင်း၊ တံမြက်လှည်းကျင်းတာ၊ ဖုန်းသုတ်၊ ကြမ်းတိုက်လုပ်ကိုင်ခြင်း" တို့မှာ သုံးစွဲပြောဆိုနိုင်ပါတယ်။ အီဒီယံအသုံးအနူန်း အဓိပ္ပာယ် ဖွင့်ဆိုချက်မှာတော့ - "အပြောင်းအလဲ ကို ဖော်ဆောင်ရာမှာ အောက်ခြေသိမ်းကအစ ရှင်းလင်းဖယ်ရှားခြင်း"။

အထူးသဖြင့် အာဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ မသမာမှု၊ မျက်နှာသာပေးမှု စသည်တို့ ရှိနေတဲ့ အစိုးရရဲ့ စနစ်တရပ်မှာ အားလုံး ဒီမသမာမှုတွေ ကင်းရှင်းအောင် ပြောင်းလဲပစ်တာ၊ အလုပ်ဖြုတ်ပစ်တာ၊ ပင်စင်ပေးဖြစ်တာ တို့ကို ပြုလုပ်ပြီး လူတော်လူကောင်း၊ အလုပ်လုပ်တဲ့လူ၊ အလုပ်ကိုနားလည်းတဲ့ လူတွေနဲ့ အစားထိုး လို့ရှိရင် လုပ်ငန်းဟာ ပိုမိုထိရောက် တွင်ကျယ်မှာမို့ 'အောက်ခြေသိမ်း ပြောင်းလဲပြုလုပ်တာ' ကို To Clean House လို့ ရည်ညွှန်းသုံးစွဲ နိုင်ပါတယ်။

ပထမ ဥပမာ ကတော့ နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုအကြောင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဝါရှင်တန်မြို့တော်မှာ အခြေစိုက်တဲ့ ဗျူရိုကရက်တွေ ကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေက တိုက်ခိုက်ဝေဖန် ပြောဆိုတာဟာ နိုင်ငံရေး ပရိယာယ်တခု ဖြစ်နေပါတယ်။

"Folks, send me to the Congress and I promise the first thing I will do is clean house. I will get rid off all those bureaucrats who sit around all day doing nothing, but wait for quitting time."

"မိတ်ဆွေတို့ရေ ကျနော်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကြပါ။ ရွေးခဲလို့ရှိရင် ပထမဦးဆုံး ဂတိပေးနိုင်တာကတော့ မသမာမှုတွေကို ရှင်းပေးမယ်။ တနေ့လုံး အလုပ်မှာ ထိုင်ပြီး ဘာမှ အလုပ်မလုပ်ဘဲ အလုပ်ဆင်းချိန်ကိုဘဲ စောင့်နေတဲ့ ဗျူရိုကရက်အာလုံးကို ကျနော်ရှင်းပစ်ပေးမယ်" လို့ အဓိပ္ပာယ် ရပါတယ်။

ဒုတိယ ဥပမာကတော့ မြို့ကြီးတမြို့ရဲ့ မြို့တော်ဝန်က သူ့လက်အောက်က အမှုထမ်းတွေ ပြည်သူဘဏ္ဍာ နဲ့ ပစ္စည်းတွေကို ခိုးတဲ့အကြောင်း ကြားသိရလို့ စိတ်ဆိုးဆိုးနဲ့ ပြောတဲ့အကြောင်း ဖြစ်ပါတယ်။

"I want our citizens to know I've never tolerated corruption. I am going to clean house and fire every body who was involved and will do our best to send the worst offenders off to jail."

"ကျနော်တို့ မြို့နေလူထုကို ပြောပါရစေ။ အာဂတိလိုက်စားမှုကို ကျနော်လုံး၀ သည်းခံမှာ မဟုတ်ဘူး။ ကျနော် ဒါတွေ အားလုံးကို ရှင်းပြစ်မယ်။ ပါဝင်ပတ်သက်နေသူတိုင်းကိုလည်း အလုပ်ဖြုတ်ပစ်မယ်။ အဆိုးဆုံး ကျူးလွန်းသူတွေကိုလည်း ထောင်ချနိုင်အောင် ကျနော်တို့ အတက်နိုင်ဆုံး လုပ်ပေးမယ်လို့ အဓိပ္ပာယ် ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG