သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီလှုပ်ရှားသူတွေ ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ်ပေးခံရတာကို နိုင်ငံတကာ ရှုတ်ချ


မြန်မာနိုင်ငံမှာ အင်းစိန်အကျဉ်းထောင်တွင်းက ထောင်တွင်းတရားရုံးက ဖမ်းဆီး
ထိန်းသိမ်းထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကို စီရင်ချက်ချမှတ်ခဲ့ပြီး အများစု
ဟာ ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီလို စီရင်ချက်ချခံခဲ့ရတဲ့
၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦး ရှိခဲ့ပါတယ်။ သူတို့အထဲက မနီလာသိန်းဟာ သူတို့
အထဲကပဲ ထောင်ဒဏ်ချမှတ်ခြင်းခံရတဲ့ ကိုဂျင်မီရဲ့ဇနီးဖြစ်ပြီး မနှစ်က ကိုဂျင်မီကို
လာရောက်ဖမ်းဆီးစဉ်မှာ ၄ လအရွယ် သမီးကလေးကို ထားရစ်ခဲ့ပြီး တိမ်းရှောင်နေခဲ့
ရာက ဒီနှစ်ထဲမှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အခုစီရင်ချက်ချမှတ်ခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လွန်ခဲ့တဲ့ သြဂုတ်လ
အတွင်းမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးတို့အတွက် လမ်းလျှောက်ဆန္ဒ
ပြကြတာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တနှစ်ကျော်ကြာပြီးနောက် အမှုကို စတင်
စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဝန်ကြီးရုံးက အခုလို ၈၈ မျိုးဆက်
ကျောင်းသားတွေအပေါ် ကြီးလေးတဲ့ထောင်ဒဏ် ချမှတ်တာကို ပြင်းပြင်းထန်ထန်
ဆန့်ကျင်ကန့်ကွက်တဲ့ ကြေညာချက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အခု ထောင်ဒဏ်
နှစ်ရှည်တွေ ချမှတ်ခြင်းခံကြရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ မိမိတို့ရဲ့ဆန္ဒကို
ထုတ်ဖော်ပြသတာကလွဲလို့ ဘာမှမဟုတ်မမှန်တာတွေ လုပ်ဆောင်ခဲ့တာမဟုတ်သလို
မြန်မာနိုင်ငံ ကောင်းမွန်တိုးတက်ရေးအတွက် အခြားသူတွေနဲ့ အတူတကွ လုပ်ဆောင်
လိုတဲ့ သူတို့ရဲ့ ဆန္ဒပြင်းပြမှုကို အစဉ်အမြဲ ထုတ်ဖော်ပြသနေသူတွေသာ ဖြစ်တယ်လို့
ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယဝန်ကြီး ဘေးလ်ရာမဲ (Bill Rammell) က ပြောဆို
လိုက်ပါတယ်။

အခုလို ၈၈ မျိုးဆက်ကျောင်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တာဟာ ဆိုးရွား
နေတဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ကောင်းမွန်တိုးတက်အောင်၊
နိုင်ငံရေးမှာ ပါဝင်ပတ်သက် ဆောင်ရွက်မှုတွေ တိုးများလာအောင် လုပ်ဆောင်ဖို့တွေ
အတွက် မြန်မာအာဏာပိုင်တွေမှာ စိတ်ဆန္ဒမရှိဘူးဆိုတာ ပြသလိုက်ခြင်းဖြစ်တယ်လို့
လန်ဒန်အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်
အဖွဲ့ကြီးရဲ့ တာဝန်ရှိသူ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က မနေ့က
ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG