သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ နယ်စပ်ကူးသန်းမှုတွေ ပိတ်ပင်မယ်လို့ မြောက်ကိုရီးယားက သတိပေး


တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပွားနေတဲ့ နေရာမှာ အခုနောက်ဆုံး မြောက်ကိုရီးယား နိုင်ငံက တောင်ကိုရီးယားနဲ့ နယ်နမိတ်ဒေသတွေကို လာမယ့် ဒီဇင်ဘာလ (၁) ရက်နေ့ကစလို့ ပိတ်လိုက်တော့မယ်လို့ သတိပေးလိုက်ပါတယ်။ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံအကြား တင်းမာမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Kurt Achin သတင်းပေးပို့ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြောက်ကိုရီးယားစစ်တပ် တာဝန်ရှိသူတွေက ဒီကနေ့ပဲ တောင်ကိုရီးယား စစ်ဖက် အရာရှိတွေကို တယ်လီဖုန်းကတဆင့် အခုလို သတိပေး ပြောဆိုလိုက်တာပါ။ မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာနက ဖော်ပြခဲ့တဲ့ ကြေငြာချက်ကတော့ နယ်စပ်ကူးလူးဆက်ဆံမှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်မယ်၊ ဒါမှမဟုတ်ရင်လည်း ပိတ်လိုက်တော့မယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံကို သတိပေးချက်တွေ အတန်တန် ထုတ်ပြန်ခဲ့ပေမယ့် အန္တာရာယ် ဖြစ်စေတဲ့ အတိုင်းအတာထက် ကျော်လွန်လာခဲ့တယ်ဆိုပြီးတော့ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံအပေါ် စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် ကို ဝေဖန်တိုက်ခိုက်တဲ့ လက်ကမ်း စာစောင်တွေကို မိုးပျံပူပေါင်းတွေနဲ့ ကြဲချနေတဲ့ အုပ်စုတွေကို တားဆီးဖို့ တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားဖက်က တောင်းဆိုမှုတွေ လုပ်ခဲ့တာတွေ ရှိခဲ့သလို၊ အရင်က သဘောတူညီချက်တွေကို တောင်ကိုရီးယားနိုင်ငံဖက်က လိုက်နာဖို့ ပျက်ကွက်တာတွေလည်း ရှိခဲ့တယ်ဆိုပြီးတော့လည်း မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲထားတာပါ။ ဒီလိုအခြေအနေမှာ ၂ နိုင်ငံကြား တွေ့ဆုံဆွေးနွေး စကားပြောဖို့ လိုတယ်လို့ တောင်ကိုရီးယားနိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မ် ဟိုညွန် (Kim Ho-nyoun) က တိုက်တွန်းလိုက်ပါတယ်။

"နယ်စပ်တွေ ပိတ်ပစ်မယ်လို့ သတိပေးလိုက်တာဟာ ဝမ်းနည်းစရာဖြစ်ရတယ်။ ဒီအတိုင်း မြောက်ကိုရီးယားဖက်က ဆက်လုပ်သွားမယ်ဆိုရင် ကိုရီးယား ၂ ပြည်ထောင်ကြား ဆက်ဆံရေးတွေမှာ အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။"

တကယ်တော့ မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံကို ၁၉၅၀ ခုနှစ်က ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နောက် ၃ နှစ်ကြာ စစ်ပွဲတွေဟာ စစ်ပြေငြိမ်းရေး သဘောတူညီချက်နဲ့ ရပ်ဆဲသွားခဲ့ပေမယ့်၊ တောင် နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံကြား ရန်ဖက်တွေ အဖြစ်ဆက်လက်ရှိနေခဲ့တာပါ။ ဒါပေမယ့်လည်း သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် သမိုင်းဝင် ထိပ်သီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့စဉ်ကစလို့ ၂ နိုင်ငံနယ်ခြား ကူးလူးဆက်ဆံမှုတွေ တိုးပွားလာခဲ့ပါတယ်။ အထူးသဖြင့်တော့ တောင်ကိုရီးယားနိုင်ငံက အထောက်အပံ့နဲ့ မြောက်ကိုရီးယားနိုင်ငံထဲက ပူးတွဲစက်မှုလုပ်ငန်း ဇုန်နယ်မြေတွေမှာ သွားလာမှုတွေ ရှိခဲ့တာပါ။

အခုနောက်ဆုံး သတိပေးချက် ထွက်ပေါ်လာတဲ့နေရာမှာ ခေဆွန် (Kaesong) မှာရှိတဲ့ ဒီ စက်မှုဇုန် နယ်မြေကို တောင်ကိုရီးယားနိုင်ငံက စီမံခန့်ခွဲသူတွေ၊ ကုန်ကြမ်းပစ္စည်းတွေ တင်ပို့နေတာတွေကို မြောက်ကိုရီးယား ဖက်က ဟန့်တားမှုရှိမယ် မရှိဘူးဆိုတာကတော့ သဲသဲကွဲကွဲ မရှိသေးပါဘူး။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာရှိတဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ တက္ကသိုလ်က လေ့လာဆန်းစစ်သူ ကင်မ် ဆုန် ဘေး (Kim Seong-bae) ကတော့ ဒီလို နယ်စပ်တွေကို လုံးဝပိတ်ပင်လိုက်မယ်ဆိုရင် ဒါဟာ မြောက်ကိုရီးယား အနေနဲ့ အမှားတခုကို ကျူးလွန်မိတာဖြစ်လိမ့်မယ်လို့ သူ့အယူအဆကို ပြောပါတယ်။

"နယ်စပ်တွေကို လုံးဝ ပိတ်ဆို့တာတွေ လုပ်မယ်ဆိုရင် ဒါဟာ Kaesong စက်မှုဇုန်နယ်မြေကို ပိတ်ချလိုက်တာမျိုး ဖြစ်သွားနိုင်သလို၊ ဒါဟာလည်း မြောက်ကိုရီးယားနိုင်ငံအတွက် ကြီးမားတဲ့ အကုန်အကျတွေ၊ ကသိကအောက် ဖြစ်စရာတွေ ကြုံရနိုင်ပါတယ်။"

အခုနောက်ဆုံး နယ်စပ်တွေ ပိတ်မယ်လို့ ကြေငြာလိုက်တာဟာ အမေရိကန်နိုင်ငံမှာ နောက်တက်လာမယ့် အစိုးရသစ်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအကြား ဆက်ဆံရေးတွေ တိုးတက်အောင် လုပ်ဖို့ ကိစ္စတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ် လို့လည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာရှိတဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ တက္ကသိုလ်က လေ့လာဆန်းစစ်သူ Kim Seong-bae က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG