သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ဒဏ်နှစ်ရှည်ချမှတ်မှု အမေရိကန် ရှုတ်ချ


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ ဒါဟာဖြင့် ဒီမိုကရေစီရေးလှုပ်ရှားသူ အယောက် ၃၀ နီးပါးကို နိုဝင်ဘာလ ၁၁ ရက်နေ့က ထောင် ဒဏ်ချမှတ်ခဲ့မှုအပေါ် နိုင်ငံတကာဘက်ကထွက်လာတဲ့ နောက်ဆုံး ဝေဖန်ကန့်ကွက်သံပါပဲ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က နိုင်ငံခြားရေးဌာနမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အဖွင့်မှာကိုပဲ မြန်မာနိုင်ငံက နောက်ဆုံး ဖြစ်ရပ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားကို နိုင်ငံခြားရေးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Robert Wood က ထုတ်ဖော် ကြေညာခဲ့တာပါ။

“နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး အယောက် ၃၀ ကို ထောင်ဒဏ် နှစ်နှစ်ကနေ ၆၄ နှစ်အထိ ချမှတ်ခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ ဒီ ရဲရင့်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေဟာ ငြိမ်းချမ်းတဲ့နိုင်ငံသားတွေဖြစ်ပြီး သူတို့ရဲ့ တခုတည်းသောအပြစ်က စစ်အစိုးရရဲ့ တရားမဝင်တဲ့ အုပ်စိုးမှုကို စိန်ခေါ်တာပဲဖြစ်ပါ တယ်။”

အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ရှုတ်ချတဲ့ထဲမှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်တဲ့အချက်ကိုသာမက ဒီလူတွေရဲ့အမှုကို စစ်ဆေးစီရင်တဲ့ပုံစံကိုလည်း ပြစ်တင် ရှုတ်ချထားပါတယ်။

“အမှုတွေကို စစ်ဆေးစီရင်တဲ့ပုံစံကိုလည်း ကျနော်တို့ နောက်ထပ် ကန့်ကွက်ရှုတ်ချပါတယ်။ စစ်အစိုးရက အမှုတွေကို စစ်ဆေး တဲ့အခါမှာ မိသားစုဝင်တွေ၊ ဒါမှမဟုတ် ရှေ့နေတွေကို တက်ရောက်ခွင့်မပြုဘဲ စစ်ဆေးစီရင်ခဲ့ပါတယ်။”
အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် ဒီ ပြစ်တင်ဝေဖန်ချက်မှာ ဒီကနေ့အချိန်ထိပြောရမယ်ဆိုရင် အပြင်းထန်ဆုံး စကားလုံးတွေပါဝင်နေပါတယ်။

တဆက်ထဲမှာပဲ နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းကျင့်သုံးတဲ့ အရပ်သားတွေ အပေါ် အနှောက်အယှက်ပေးတာ၊ ဖမ်းဆီးတာတွေကိုရပ်ဆိုင်းဖို့လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ အင်အားစုတွေ လူမျိုးစုအဖွဲ့အစည်းတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေး ခင်ရက်ပိုင်းက အကျဉ်း ချခဲ့သူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကိုလွှတ်ပေးဖို့လည်း အမေရိကန် ပြည်ထောင်စုက ထပ်ပြီး တောင်းဆို ထားပါတယ်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ခုလို ထောင်ဒဏ် ချမှတ်တာဟာ သဘောထားကွဲလွဲသူတွေအပေါ် ပိုပြီး ပစ်မှတ်ထားနှိမ်နင်းလာတာကိုပြနေပြီး လူထုကို ခြိမ်းခြောက်ဖို့ သိသိသာသာရည်ရွယ်တာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

မြန်မာစစ်အစိုးရဟာ အများကဝေဖန်ခံနေရတဲ့ အခြေခံဥပဒေအသစ်အရ သူတို့လုပ်မယ်လို့ကြေညာထားတဲ့ အတု အယောင် ပြုပြင် ပြောင်းလဲရေးတွေမတိုင်ခင် နိုင်ငံရေးလှုပ်ရှားသူတွေကို ရှင်းလင်းနေတာဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ပြီး ပြောဆို သွားမယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Robert Wood ကပြောကြောင်း ဗွီအိုအေသတင်းထောက် David Gollust ပေးပို့တဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် သူတို့ရဲ့ သြဇာအရှိန်အဝါကိုအသုံးပြုဖို့ ဒေသ တွင်းမဟာမိတ်တွေကို ဖိအားပေးသွားမယ်လို့လည်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ သံအမတ်ကြီး အဆင့်မထားဘဲ သံရုံး ယာယီတာဝန်ခံအဆင့်နဲ့သာ သံအဆက်အသွယ် ပြုလုပ်နေတာပါ။

နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ဖြစ်စေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ နိုင်ငံသားတွေအားလုံးကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာစစ်အစိုးရကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးတယ်ဆိုတာကိုလည်း ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ် မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မရီး အိုကဘဲ (Marie Okabe) က ပြောသွားပါသေးတယ်။

ကုလသမဂ္ဂဘက်ကတော့ မြန်မာ့အရေး လက်ရှိလုပ်ဆောင်နေတာတွေကို ဆက်ပြီး လုပ်ဆောင်သွားပါမယ်တဲ့။

“မြန်မာနိုင်ငံရဲ့ကံကြမ္မာဟာ မြန်မာအစိုးရနဲ့ မြန်မာလူထုလက်ထဲမှာပဲ ရှိတယ်ဆိုတာ ကျမတို့ အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့်လည်း ငြိမ်းချမ်းပြီး သာတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ မြန်မာနိုင်ငံလူထုအားလုံး ပါဝင်လုပ်ဆောင်ခွင့် ရစေမယ့် ယုံကြည် လက်ခံနိုင်လောက်တဲ့၊ အားလုံးပါဝင်တဲ့၊ ပွင့်လင်းထင်သာမြင်သာမှုရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ကရော၊ သူ့ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကပါ တသမတ်ထဲ တောင်းဆိုလာတာပါ။ ဒီရည်ရွယ်ချက်အောင်မြင်တဲ့ထိ အတွင်းရေးမှူးချုပ်က ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

အမေရိကန်သမ္မတဘုရှ်က သူရဲ့ အာရှရေးရာ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်ဟောင်းတဦးဖြစ်သူ Michael Green ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်နဲ့ မူဝါဒရေးရာ အကြီးအကဲအဖြစ်ခန့်အပ်ရေး အမည်စာရင်း တင်သွားထားကြောင်း တနင်္လာနေ့ကပဲ သမ္မတအိမ်ဖြူတော်က ပြောထားပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG