သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး ပြဿနာ ခံနိုင်ရေး တောင်အာရှ ဆွေးနွေး


အိန္ဒိယ၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါလ် နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ခေါင်းဆောင်တွေက ဒေသတွင်းနိုင်ငံတွေ ပူးပေါင်း၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို တိုးမြှင့်သွားပြီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းရဲ့ ရိုက်ခတ်မှုတွေကို ဖြေရှင်းကြဖို့ နိုဝင်ဘာလ ၁၂ရက်နေ့က ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ဆော်သြလိုက်ပါတယ်။

နယူးဒေလီမြို့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ BIMSTEC ထိပ်သီး အစည်းအဝေးပွဲမှာလည်း အဖွဲ့ဝင်နိုင်ငံတွေက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို စောစော အဆုံးသတ်နိုင်ရေး ပြောဆိုခဲ့ကြပါတယ်။ အခုလို ပူးပေါင်းမှုတွေဟာ ကျဆုံးနေတဲ့ ကမ္ဘာ့ငွေကြေးပြဿနာကို ဖြေရှင်းရေးမှာ မဟာဗျူဟာမြောက်တဲ့ ဆောင်ရွက်မှုတွေ ဖြစ်မယ်လို့ ခေါင်းဆောင်တွေကဆိုပါတယ်။

အဲဒီလိုမှ မဆောင်ရွက်ကြရင်တော့ နိုင်ငံတကာကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ငွေးချေးဖို့အတွက် တုန့်ဆိုင်းနေပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဝင်ငွေနဲ့ ထွက်ငွေမျှတအောင် အခက်တွေကြုံလာနိုင်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းက ပြောပါတယ်။

ဒီကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့်ပဲ ၂၀၁၅အမှီ ကမ္ဘာ့ဆင်းရဲမွဲတေမှု ကျဆင်းရေးအတွက် ကုလသမဂ္ဂရဲ့ Millennium Development Goals လို့ ခေါ်တဲ့ ထောင်စုနှစ် ဖွင့်ဖြိုးရေး ပန်းတိုင်ရောက်ရှိရေးကိုလည်း အနှောက်အယှက် ဖြစ်လာနိုင်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ကပဲ သတိပေးခဲ့ပါတယ်။

“ဖွံ့ဖြိုးပြီး နိုင်ငံတွေဆီက ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီကို ငွေအရင်းအမြစ်တွေ မရောက်လာတော့ဘူးဆိုရင် ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်ကို ရောက်ဖို့လည်း နှောင့်နှေးစေမှာ ဖြစ်ပါတယ်။ G 20 နိုင်ငံတွေက သူတို့မှာရှိတဲ့ အင်အားအကုန်သုံးပြီး ထောင်စုနှစ်ပန်းတိုင်ကို ငွေကြေးပြဿနာက ဆိုးဆိုးရွားရွား မထိခိုက်စေအောင် လုပ်သင့်တယ်”။

ဘင်္ဂလားပင်လယ် ရေလမ်းကြောင်းတလျှောက် အကြမ်းဖက် အဖွ့ဲအစည်းတွေ ကူးသန်းသွားလာတာတွေ မလုပ်နိုင်အောင် စောင့်ကြပ်နိုင်မယ့် စနစ်တခုကို ထုထောင်ဖို့ သီရိလင်္ကာ သမ္မတ မဟင်ဒရာ ရာဂျာပကစာ က တိုက်တွန်းခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ တမီးလ် ကျား သူပုန်အဖွဲ့တွေ နဲ့ ဖြစ်နေတဲ့ ၂၅နှစ်တာ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်း ခံနေရတာဖြစ်ပါတယ်။

ကြာသာပတေးနေ့က ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲကို အိန္ဒိယ ဝန်ကြီးချုပ် ၊ သီရိလင်္ကာ သမ္မတ၊ နီပေါလ် ဝန်ကြီးချုပ်၊ ဘင်္ဂလားဒေရှ့် အစိုးရ အကြံပေး အရာရှိချုပ်၊ မြန်မာနိုင်ငံ၊ ဘူတန်နဲ့ ထိုင်းနိုင်ငံတို့က ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ကြပါတယ်။

BIMSTECအဖွဲ့ရဲ့ ဒေသတွင်း ပူးပေါင်းရေး ရည်ရွယ်ချက်တွေထဲမှာ ကူးသန်းရောင်းဝယ်ရေး၊ ရင်နှီးမြုပ်နှံရေး၊ နည်းပညာ၊ စွမ်းအင်၊ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆင်းရဲမှု ကျဆင်းရေး နဲ့ အကြမ်းဖက် တိုက်ဖျက်ရေးတို့ ပါဝင်ပါတယ်။

Bimstec အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်အတွက် သဘာပတီ တာဝန်ကို အိန္ဒိယနိုင်ငံက လွှဲပြောင်းယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး နှောင့်နှေးနေမှုတွေကြောင့် အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပစ်ဖို့ ဒီမိုကရေစီလိုလားသူများက တိုက်တွန်းနေကြပါတယ်ရှင်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG