သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင်နှင့် ခေါင်းဆောင် ကိုးဦး ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခံရ


ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအဝင် ကိုးယောက်ကို စစ်အစိုးရ က ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့အကြောင်း ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။ ကျန်တဲ့ လူရွှင်တော် ဇာဂနာ နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေတွေမှာ အင်းစိန်ထောင် အတွင်း တရားရုံးက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအဝင် စုစုပေါင်း ကိုးယောက်ကို မအူပင် ထောင်ကနေ အင်းစိန် ထောင်ကို စစ်အစိုးရ က ပြန်ပို့လိုက်ပါတယ်။ သူတို့ကို မအူပင်ထောင် မှာကတည်းက အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ထောင်ဝင်စာ သွားတွေ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် က အခုလို ပြောပါတယ်။

“သူတို့ကို ဒီနေ့ ထောင်ဝင်စာ သွားတွေ့တယ်။ မအူပင်ကို သွားတွေ့တာ။ မအူပင်ကနေ ပြောင်းသွားပြီ ဆိုတော့ အင်းစိန်ထောင် ကို တခါ ကျမတို့ ပြန်လိုက်၊ ပြန်လိုက်တော့ ညနေ နှစ်နှစ်နာရီ နဲ့ ငါးမိနစ်မှာ အင်းစိန်ထောင်ကို သွားတွေ့တော့ သူတို့ကို သုံးနာရီ လောက်မှာ တွေ့ရတယ်။ အစ်ကိုလေးကို မေးကြည့်တော့ ၁၁ ရက် ၁၁ လ ၁၁ နာရီ မှာ သူတို့ကို ၆၅ နှစ်ချတယ်တဲ့။ မအူပင်မှာ ချတာ။ ဒီနေ့ အင်းစိန်ထောင်ထဲ ပြန်ပြောင်းတယ်။”

ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် ပြောပြသွားတာပါ။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို မအူပင်ထောင်မှာ ရှိနေသေးတယ် ထင်ပြီး အကျဉ်းသား မိသားစုတွေ မအူပင်ထောင်ကို လိုက်သွားတဲ့ အချိန်ကြမှ အခုလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ် ဆိုတာကို မိသားစုဝင်တွေ သိခဲ့ကြတာလို့ ပြောပါတယ်။

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကတော့ မြန်မာနိုင်ငံ တရားရေး စနစ်အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကိုမင်းကိုနိုင် တို့ကို ၆၅ နှစ်ချတယ် ဆိုပြီး သတင်း ဒီလိုပဲ ကျနော်တို့လည်း ကြားပါတယ်။ ဒီမှာ တော်တော် ထူးဆန်းတဲ့ ကိစ္စတခုက သူတို့ကို ပုဒ်မ (၂၈၂) နဲ့ ၆ လ ချပြီးတော့ မအူပင်ထောင်ကို ပို့ထားတာ။ ကျနော် နားလည်သလောက် သူတို့အမှုက သက်သေတွေ လုံလောက်အောင် မစစ်ရသေးဘူး။ မအူပင်ထောင် ကျတော့လည်း တရားသူကြီး က ထောင်ထဲဝင်ပြီး အမိန့်ချတယ် ပြောတယ်။ ကျနော်တို့ တရားရုံးရဲ့ အစဉ်အလာတွေ နဲ့တော့ လုံး၀ ဆန့်ကျင်နေတယ်။ တရားစီရင်ရေးနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်နေပြီလို့ ကျနော် အဲလို ပြောချင်တယ်။”

ဒီသီတင်းပတ် စောစောပိုင်းကတည်းက ကျောင်းသားခေါင်းဆောင် တွေကို ထောင်ဒဏ်နှစ်ရှည်တွေ စပြီး ချမှတ်ခဲ့တာပါ။ ဒီလို ချမှတ်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ က စစ်အစိုးရကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ဒီအတောအတွင်း တခြား နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အမှုတွေကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာပါ အင်းစိန်ထောင် အထူးတရားရုံး က ဆက်ပြီး စစ်ဆေးနေပါတယ်။ ဒီလို စစ်ဆေးတဲ့ အတွက် ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ဖို့ အာဏာပိုင်တွေဘက်က ခပ်မြန်မြန် ပြင်ဆင်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေ ကတော့ ရုံးပိတ်ရက်တွေမှာ ထောင်အာဏာပိုင်တွေက အခုလို ရုံးထုတ် စစ်ဆေးတာကြောင့် မိသားစုနဲ့ တွေ့ဆုံခွင့် ဆုံးရှုံးမှာကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒီနေ့ အင်းစိန်ထောင် အတွင်း အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးခံရတဲ့ အထဲမှာ လူရွှင်တော် ဇာဂနာ လည်း ပါဝင်ပါတယ်။ သီတင်းပတ် အတွင်း ရုံးဖွင့်ရက်တွေမှာလည်း အမှုတွေ ဆက်တိုက် ကြားနာပြီး တလျှောက်လုံး နေ့စဉ် နာရီ အတော်ကြာ စစ်နေတဲ့ အတွက် ကိုသူရ ခေါ် ဇာဂနာ အနေနဲ့ ပင်ပန်းဆင်းရဲတဲ့ ဒဏ်ခံနေရတယ်လို့ ဒီနေ့ ဇာဂနာကို ထောင်ဝင်စာ သွားတွေ့တဲ့ ဇာဂနာရဲ့ ခယ်မ မငြိမ်းက ပြောပါတယ်။

“သူတို့ ရုံးထုတ်ရင် ကျမတို့က တွေ့ခွင့် မရှိတော့ဘူးလေ။ တနေကုန် စစ်ဆေးတာလေ။ မနေ့က ဆိုရင်လည်း ခြောက်နာရီမှ ကိုသူရ တို့ကို ရုံးထဲကို ပြန်ထည့်တာတဲ့။ အခု ကျမ ရောက်တာ ၉ နာရီ ၂၀ ရောက်တယ်။ ကျမကို ရုံးထုတ်သွားပြီတဲ့။ မဟုတ်ဘူးလို့၊ ကျမက စည်းကမ်းအတိုင်း လာတာ၊ တနင်္လာကနေ သောကြာ အထိ တောင်းဆိုတာ မဟုတ်ဘူး။ စနေ တနင်္ဂနွေမှာ ကျမ အစ်ကို ကို တွေ့ရမယ့်ရက်။ ကျမ မတွေ့ရရင် မပြန်ဘူး၊ ကျမ အစ်ကို နေလည်း မကောင်းဘူး။ ဒီနေ့မှ ဖရောင်းပဆိုး ဆိုတာ သွင်းရမှာ။ အပြင်မှာ ရာသီဥတု ဒီလောက် အေးနေပြီ၊ ထောင်ထဲမှာ ဘယ်လောက် အေးမလဲ၊ ကျမ အစ်ကိုမှာ အခင်းလည်း မရှိဘူး။ ကျမထောင်ပိုင်နဲ့ တွေ့မယ်။ တခုခု လုပ်ပေးပါလို့။ မတွေ့ရရင် မပြန်ဘူး။ ကျမတို့ကို တနင်္လာကနေ သောကြာ အထိ မတွေ့ရဘူး။ စနေ တနင်္ဂနွေ တွေ့ရတဲ့ ကိစ္စကို ကျမ အလျော့ မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။”

ရုံးထုတ်တဲ့အချိန် နာရီအတော်ကြာ စစ်ဆေးမေးမြန်းမှုတွေကြောင့် ကိုသူရရဲ့ ကျန်းမာရေး အခြေအနေ ပိုဆိုးလာတယ် လို့လည်း မငြိမ်းက ပြောပါတယ်။

အခုလို ရုံးပိတ်ရက်တွေမှာပါ အမှုတွေ စစ်ဆေးနေတဲ့အတွက် လာမယ့် ရက်ပိုင်း အတွင်းမှာ ပြစ်ဒဏ်တွေ ချမှတ်နိုင်လာနိုင်တယ်လို့ တရားရေး သတင်း ရပ်ကွက်က ခန့်မှန်းနေပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကတော့ တရားရုံးတွေ ရုံးထိုင်တာနဲ့ ပတ်သက်ပြီး Court Manual တရားရုံးများ လက်စွဲအရ စနေ တနင်္ဂနွေ နေ့တွေမှာ ရုံးမထုတ်ရတဲ့အကြောင်း၊ ဒီလို ရုံးထိုင်တာက ဥပဒေ ကို ချိုးဖေါက်တာ မဟုတ်ရင်တောင် တရားရုံးတွေ လိုက်နာရမယ့် စည်းကမ်းနဲ့တော့ မကိုက်ညီဘူးလို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG