သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးပြဿနာဖြေရှင်းရေး ကမ္ဘာ့ခေါင်းဆောင်များ ဝါရှင် တန်တွင် ဆွေးနွေး


ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အရှိန်လျော့သွားစေတဲ့ ကမ္ဘာ့ ဘဏ္ဍာ ငွေကြေး ဈေးကွက် ပြဿနာကို ဆွေးနွေး အဖြေရှာကြဖို့ စက်မှုတိုးတက်တဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၂၀ က ခေါင်းဆောင်တွေ ဝါရှင်တန် ဒီစီကို ရောက်နေကြ ပါတယ်။ ဗွီအိုအေ သတင်းထောက် ဘယ်ရီ ဝုဒ် (Barry Wood) ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

အစိုးရရဲ့ ဝယ်ယူမှုစွမ်းအား ကျဆင်း မသွားအောင် ထိန်းသိမ်းတဲ့ အနေနဲ့ အသုံးအစွဲတွေ လျော့ချဖို့ရေး ပူးပေါင်း လုပ်ဆောင်ကြဖို့ ခေါင်းဆောင်တွေ အနေနဲ့ ဆွေးနွေးကြ လိမ့်မယ်လို့ ဘဏ္ဍာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒီလို အစီအစဉ်မျိုး လုပ်ဆောင်ဖို့ တရုတ်အစိုးရက ဆုံးဖြတ်ထားပြီးသား ဖြစ်သလို မြောက်အမေရိကား တိုက်နဲ့ ဥရောပ မှာလည်း အလားတူ အစီအစဉ်တွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါပြီ။ အခု ဝါရှင်တန်မှာ ကျင်းပမယ့် တရက်ကြာ ဒီ ထိပ်သီးစည်းဝေးပွဲကို တက်လာကြတဲ့ နိုင်ငံ ၂၀ ဟာ ကမ္ဘာ့ ကုန်ထုတ်လုပ်မှု ပမာဏ စုစုပေါင်းရဲ့ ၇၅ % နဲ့ ညီမျှပါတယ်။

ဒါပေမယ့် လတ်တလော ဖြစ်နေတဲ့ ငွေကြေးဈေးကွက် ပြဿနာ ထက်ကျော်လွန်ပြီး တခြား စီးပွားရေးနဲ့ ငွေကြေး ကိစ္စတွေ အပေါ် ခေါင်းဆောင်တွေအကြား စိတ်သဘောထား တိုက်ဆိုင်တယ်ဆိုတာ မရှိသလောက်ပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခုလို ပြဿနာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ငွေကြေးဈေးကွက်က လူတွေကလည်း ဒီထိပ်သီးစည်းဝေးပွဲက ထွက်ပေါ်လာမယ့် ကြေငြာချက်ကို မျှော်လင့်နေကြပါတယ် - ဥပမာ - အိမ်နီးချင်းနိုင်ငံတွေအကြား ငွေကြေး အဖွဲ့အစည်းတွေ အပေါ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်လာမှာလား၊ အရှိန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေကို IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့မှာ ဘယ်လိုမျိုး မဲပေးခွင့် အခွင့်အာဏာတွေ ပေးအပ်မလဲ၊ နောက် ဒီ ဖွံဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံဖြိုးဆဲနိုင်ငံ ၂၀ စုပေါင်း တွေ့ဆုံတဲ့ ထိပ်သီး စည်းဝေးပွဲက G -7 ခေါ် စက်မှု ဖွံ့ဖြိုး တိုးတက်နိုင်ငံ ၇ နိုင်ငံနဲ့ ရုရှားတို့ နှစ်စဉ် တွေ့ဆုံနေတဲ့ ထိပ်သီးစည်းဝေးပွဲကို အစားထိုးသွားသင့်သလား ဆိုတာတွေဖြစ်ပါတယ်။

အခု ဝါရှင်မှာကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲ ဖြစ်မြောက်ဖို့အတွက် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း (Gordon Brown) က အဓိက ဦးဆောင် ကြိုးပမ်းခဲ့တာပါ။ ငွေကြေးအဖွဲ့အစည်းတွေအပေါ် တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ဖို့ အတွက် ပြင်သစ်သမ္မတ နီကိုးလက်စ် ဆာကိုဇီ (Nicholas Sarkozy) နဲ့အတူ မစ္စတာ ဘရောင်းက လိုလားပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမျိုး ကျနော်တို့ မလုပ်နိုင်ရင်တော့ ဘယ်မှာ ဘာဖြစ်တယ်ဆိုတာကို ကျနော်တို့ နားမလည်တာကြောင့် နောက်ထပ် ပြဿနာက ထပ်ဖြစ်ဦးမှာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေ ဒီလောက်အထိ အရဲစွန့် ရင်းနှီး မြှုပ်နှံနေကြတယ် ဆိုတာကို ကျနော်တို့ မသိခဲ့ကြဘူးလေ။ ဒါကြောင့် အစိုးရနဲ့ ဈေးကွက်တွေအကြား ဆက်ဆံရေး အသစ် ဖြစ်ထွန်းလာအောင် ကျနော်တို့ ကြိုးစားနေတာပါ။”

ဒါပေမယ့် အဲဒီလို တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်တာဟာ မလိုအပ်တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း မကြာခင် ရာထူးက အနားယူတော့မယ့် သမ္မတဘုရှ် က ပြောပါတယ်။

ထိပ်သီး စည်းဝေးပွဲကိုတော့ သမ္မတဘုရှ်ကပဲ အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပတာ ဖြစ်ပြီးတော့ စုစုပေါင်း ဆွေးနွေးချိန်ဟာ ၅ နာရီလောက်ပဲ ကြာမယ်လို့ ဆိုပါတယ်။ စည်းဝေးပွဲပြီးချိန် ဒေသစံတော်ချိန် စနေနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ဖို့ရှိပြီး ခေါင်းဆောင်တချို့ ကတော့ သတင်းထောက်တွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG