သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေးညီလာခံအပြီး တိုးတက်မှုလမ်းစမြင်


စနေနေ့က ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ စက်မှုနဲ့ ဖွံ့ဖြိုးဆဲ ထိပ်သီးနိုင်ငံ ၂၀ တို့ရဲ့ အစည်းအဝေးကနေ ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာ ငွေကြေး အကျပ်အတည်းကို ဖြေရှင်းရေး နိုင်ငံတကာ စုပေါင်းပြီး ညှိနှိုင်း ဖြေရှင်းကြဖို့ အခြေခံတွေ ချမှတ်ခဲ့ကြပါတယ်။ ဘဏ္ဍာ ငွေကြေး အကျပ်အတည်း တဖြည်းဖြည်း ပိုဆိုးလာနေတဲ့ အချိန်မှာပဲ ဒီထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့တာပါ။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Paula Wolfson နဲ့ Michael Bowman တို့က သတင်းဆောင်းပါးတွေ ပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ကမ္ဘာ့ စီးပွားရေးထိပ်သီး နိုင်ငံ ၂၀ က ခေါင်းဆောင်တွေဟာ ငါးနာရီနီးပါးကြာ စားပွဲဝိုင်းထိုင် ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတခု ကနေ တခု ပြန့်ပွားသွားနေတဲ့ စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှုကို ပြောင်းပြန် လှန်ပစ်ဖို့နဲ့ လက်ရှိ ဘဏ္ဍာ ငွေကြေး အကျပ်အတည်းမျိုး နောင် ဘယ်တော့မှထပ်မဖြစ်အောင် လုပ်ဆောင်ရေး နည်းလမ်း ရှာကြဖို့ပါ။ အစည်းအဝေးဟာ အကျိုးကျေးဇူးများခဲ့ပါတယ်လို့ အမေရိကန်သမ္မတ ဂျော့ဂျ် ဘုရှ်ကပြောပါတယ်။

“အခြေခံ မေးခွန်းကတော့ဗျာ၊ မတူကွဲပြားတဲ့ တိုက်ကြီး ခြောက်တိုက်က ဖွံ့ဖြိုးတိုးတက်မှု အဆင့်အသီးသီးကို ကိုယ်စားပြုတဲ့ ဒီလို နိုင်ငံအများကြီး အကြား သဘောတူညီချက်တွေ ရနိုင်ဖို့ ဖြစ်နိုင်ရဲ့လား၊ သဘောတူညီချက်တွေ က ရော ထိရောက်မှု ရှိပါ့မလား ဆိုတာပါ။ ဒီမေးခွန်းအတွက် အဖြေကို ကျနော် ကျေကျေနပ်နပ်ကြီး ပြောချင်တာကတော့ အသေအချာပါပဲ ဆိုတာပါ။”

ဒီညီလာခံကနေ ဘဏ္ဍာရေး စနစ်ကို အထောက်အပံ့ပြုမယ့် ချက်ခြင်း လက်ငင်း ခိုင်မာတဲ့လုပ်ဆောင်မှုတော့ ထွက် မလာပါဘူးလို့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Carlos Gutierrez က ဆိုပါတယ်။ အဲဒီအစား ရှေ့ဆက် သွားရမယ့် နည်းလမ်းကို ရှာဖွေ ဖော်ထုတ်ကြဖို့ အားလုံး သဘောတူခဲ့ကြပါတယ်တဲ့။

“G-20 ခေါင်းဆောင်တွေ အတူတကွ စုဝေးပြီး ရေရှည် လုပ်ငန်း အစီအစဉ်တခုပေါ်မှာ သဘောတူခဲ့ကြတယ်ဆိုတာ အရေးကြီးတဲ့ အချက်လို့ ကျနော် ထင်ပါတယ်။ အစည်းအဝေး တခုထဲနဲ့တော့ တကမ္ဘာလုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တွေကြား မူအားဖြင့် သဘောတူခဲ့ကြပါတယ်၊ အနာဂတ်မှာ အစည်းအဝေးတွေ ထပ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်၊ လုပ်ငန်းစဉ် အဆင့်ဆင့်ပေါ်မှာ သဘောတူခဲ့ကြပါတယ်။ ဒါ အင်မတန်အရေးကြီးတဲ့ အဆင့်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။”

အားလုံး ပူးတွဲပြီး အသေးစိတ် လုပ်ငန်း စီမံကိန်းတခု ချမှတ်ဖို့ကတော့ အချိန်ယူရလိမ့်မယ် ဆိုတာ ခေါင်းဆောင်တွေ အသိအမှတ် ပြုခဲ့ကြပါတယ်။ အသေးစိတ် လုပ်ကိုင်ဆောင်ရွက်ဖို့ ဘဏ္ဍာရေး ဝန်ကြီးတွေကို သူတို့တာဝန်ပေးအပ်လိုက်ပြီး ၂၀၀၉ ခုနှစ် ဧပြီ လကုန်မှာ ပြန်တွေ့ဆုံကြမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီအချိန် ရောက်ရင်တော့ အမေရိကန်မှာ သမ္မတ ဘုရှ်က သူ့ကို ဆက်ခံမယ့် ဘရက် အိုဘားမားကို အာဏာ လွှဲပြောင်းရေး ကိစ္စလည်း ပြီးဆုံးသွားမှာဖြစ်ပါတယ်။

ရွေးကောက်ခံ သမ္မတက ထိပ်သီး အစည်းအဝေးကို မတက်ရောက်ခဲ့ပါဘူး။ ဒါပေမယ့် ဘဏ္ဍာရေး ကဏ္ဍက ကုမ္ပဏီကြီးတွေ အတွက်တင် မဟုတ်ဘဲ အမေရိကန် နိုင်ငံသား အားလုံး ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းရေးဟာ အရေးကြီး တယ်လို့ သီတင်းပတ်စဉ် ရေဒီယို မိန့်ခွန်းနဲ့ ကြားကာလ အပြောင်းအလဲဆိုင်ရာ သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ မစ္စတာ အိုဘားမားက ပြောထားပါတယ်။

“ဒီဘဏ္ဍာရေး အကျပ်အတည်းက ကျနော်တို့ကို တခုခု သင်ကြား ပေးလိုက်တယ် ဆိုရင်တော့ အဲဒါဟာ သာမန် ပြည်သူလူထု ဘေး ဒုက္ခရောက်နေချိန်မှာ ငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ရာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒီတိုင်းပြည်မှာ ကျနော်တို့ အားလုံး အတူတကွ နိုင်ငံတခုအနေနဲ့၊ လူထုတရပ်လုံး အနေနဲ့ အောင်မြင်စရာရှိ အောင်မြင်၊ ဆုံးရှုံးစရာရှိ ဆုံးရှုံးကြရပါတယ်။” လို့ ဘရက် အိုဘားမားက ပြောပါတယ်။

ဘဏ္ဍာ ငွေကြေး ဈေးကွက် လည်ပတ်တဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေ အားကောင်းအောင် လုပ်ဖို့ G-20 အစည်းအဝေး ကနေ အခိုင်အမာ ကတိကဝတ် ပြုခဲ့ကြပါတယ်။ ရင်းနှီးမြှုပ်သူတွေကို အားပေးဖို့၊ စားသုံးသူတွေကို အကာအကွယ် ပေးဖို့နဲ့ စီးပွားရေး တိုးတက်အောင် လှုံ့ဆော် နှိုးဆွပေးဖို့ ကြိုးပမ်းကြမယ်လို့လည်း တက်ရောက်သူတွေက ကတိပေးခဲ့ကြပါတယ်။

အကန့်အသတ်မဲ့ အလွန်အကျွံ လုပ်ဆောင်တာတွေနဲ့ မတော်မတရား လုပ်တာတွေကို ကာကွယ် တားဆီးဖို့ရာ ဈေးကွက်ကို ကြီးကြပ်မှု တချို့ လိုအပ်တယ်ဆိုတဲ့ တခြား တက်ရောက်သူတွေရဲ့ အမြင်ကို သမ္မတဘုရှ်ကလည်း လက်ခံပါတယ်လို့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Gutierrez ကဆိုပါတယ်။

“ကျနော်တို့ရဲ့ လွတ်လပ်တဲ့ ဈေးကွက် ငွေရင်းငွေနှီးစနစ်ကို အားကောင်းအောင် လုပ်ဖို့ဖြစ်ပြီး အဲဒါကို ပြောင်းပစ်ဖို့ မဟုတ်ပါဘူး။ ဒီလို ပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အစွန်းရောက်တဲ့ အလွန်အကျွံ စည်းကမ်းချမှတ် တင်းကျပ်တာ မျိုးတွေ လုပ်ချင်လာ တတ်ပါတယ်။ ကျနော်တို့ သတိထားရမယ်လို့ ကျနော်ထင်ပါတယ်။ မျှတတဲ့နည်းလမ်းကို ရှာရပါမယ်။ ကျနော်တို့ အလွန်အကျွံ တင်းကျပ်လိုက်တာကြောင့် နောက်ငါးနှစ်ကြာတဲ့အခါမှ ပြန်ပြင်ဖို့ကြိုးစားရတဲ့အခြေအနေမျိုး ရောက်နိုင်တာမို့ အလွန်အကျွံ စည်းကမ်းတင်းကျပ်လိုက်တာမျိုး လုပ်လို့မရပါဘူး။”

ကမ္ဘာတဝှမ်းမှာ စီးပွားရေး မတည်မငြိမ်ဖြစ်တဲ့ သတင်းတွေ ဆက်ပြီး ထွက်နေတဲ့အချိန်မှာ အခု G-20 ထိပ်သီး အစည်းအဝေး လုပ်ခဲ့ကြတာပါ။ စီးပွားရေး ဆုတ်ယုတ် ကျဆင်းနေပြီ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ဂျာမနီ နိုင်ငံက တရားဝင် ကြေညာခဲ့ပြီး အလုပ်လက်မဲ့အဖြစ် မှတ်ပုံတင်တဲ့ အမေရိကန် နိုင်ငံသားအရေအတွက်လည်း တိုးလာခဲ့သလို တရုတ်နိုင်ငံရဲ့ ကြိုတင်ခန့်မှန်းထားတဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း လျှော့ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG