သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်စီးပွားရေး ကျဆင်းဂယက် ကမ္ဘာ့ဈေးကွက် ရိုက်ခတ်


ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးကျဆင်းမှု ဖြစ်လာတယ်ဆိုတဲ့ သတင်းနဲ့အတူ အမေရိကန်
ပြည်ထောင်စုမှာ အလုပ်လက်မဲ့တွေ ပိုများလာပြီး စီးပွားရေးဖွံ့ဖြိုးမှုကလည်း
အကောင်းဘက်ကို ရောက်မလာသေးတာကြောင့် ကမ္ဘာ့စီးပွားရေးဈေးကွက်တွေ
အများစုကတော့ ဆက်လက်ကျဆင်းနေတာပါ။ ဥရောပဈေးကွက်ကလည်း ကျဆင်း
လာတဲ့ကဏ္ဍကို ရောက်လာပြီးနောက်မှာ ဒီလို ဘဏ္ဍာရေးအကျပ်အတည်းနဲ့ စီးပွားရေး
ကျဆင်းမှုတွေ အချိန်ဘယ်လောက်ကြာကြာ ဖြစ်နေမယ်၊ ဘယ်လောက်ထိ ကျဆင်း
သွားမယ်ဆိုတဲ့ ပြောစရာတွေ ရှိလာပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဗွီအိုအေ
ရဲ့ ဝါရှင်တန်သတင်းထောက် မိုက်ကယ် ဘိုးမင်း (Michael Bowman) နဲ့ လန်ဒန်
သတင်းထောက် တွမ် ရေဗားစ် (Tom Rivers) တို့ သတင်းလွှာရေးသားထားတာတွေ
ကို မညိုညိုလွင်က စုစည်းတင်ပြပေးထားပါတယ်။

အမျိုးသားစီးပွားရေးအနေနဲ့ ကမ္ဘာပေါ်မှာ ဒုတိယအဆင့်ရှိတဲ့ ဂျပန်နိုင်ငံအနေနဲ့ အခုလို
စီးပွားရေးကျဆင်းမှု ဖြစ်ခဲ့တာဟာ ၂၀၀၁ ခုနှစ်ကစကြည့်ရင် ပထမဆုံးဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်ကနေ၂၀၀၇ ခုနှစ်အတွင်း ဂျပန်နိုင်ငံဟာ နှစ်စဉ် ၂% ထက်မနည်း
စီးပွားရေးဖွံ့ဖြိုးမှု ရှိခဲ့တာပါ၊

"သုံးလပတ် စီးပွားရေးအစီရင်ခံစာတွေရဲ့ ထွက်ရှိ
လာတဲ့ အဖြေတွေအရ စီးပွားရေးအခြေအနေဟာ
ကျဆင်းမှုဘက်ကို ဦးတည်လာတယ်ဆိုတာကို
ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်" လို့ ဂျပန်နိုင်ငံ
ဘဏ္ဍာရေးဝန်ကြီး ကာအိုရု ယိုစာနို (Kaoru
Yosano) က ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေကလည်း
ကျဆင်းနေပြီး ဂျပန်နိုင်ငံလည်း ကျဆင်းမှုဘက်ကို
ဆက်လက်ရွေ့လျားနေပါတယ်လို့ သူက ထည့်သွင်း
ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့တပတ်ထဲမှာတော့ ဂျာမဏီနိုင်ငံအနေနဲ့ စီးပွားရေးကျဆင်းမှုဘက်ကို တရား
ဝင်ကို ရောက်လာတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်
ပြည်ထောင်စု အနေနဲ့ကတော့ စီးပွားရေးအခြေအနေတွေ ကောင်းမွန်မလာမီ
ခုလက်ရှိအနေအထားအရ ပိုဆိုးလာနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဝါရှင်တန်
အခြေစိုက် အမျိုးသားစီးပွားရေး လုပ်ငန်းများဆိုင်ရာအဖွဲ့ (NABE) ရဲ့ ဥက္ကဋ္ဌ ခရစ္စ
ဗားဗရက်စ် (Chris Varvares) ပြောဆိုလိုက်ပါတယ်။

"စတုတ္ထပတ်အတွင်း စီးပွားရေးဆိုင်ရာ ကန်ထရိုက်လုပ်ငန်းတွေရဲ့ အဆင့်ဟာ ၂.၆%
မှာရှိနေပြီး ၂၀၀၉ ခုနှစ် ဝင်တဲ့အထိ ဆက်လက်ကျဆင်းမှုတွေ ရှိနိုင်တယ်လို့ ကျနော်
တို့အဖွဲ့ဝင်တွေအနေနဲ့ ခန့်မှန်းထားပါတယ်။ အလုပ်လက်မဲ့နှုန်းကလည်း ၆.၅% ရှိနေ
တာကနေ ၇.၅% အထိ မြင့်တက်လာခဲ့ပါတယ်။ စားသုံးသူတွေရဲ့ သုံးစွဲမှုအနေအထား
တွေနဲ့ အားလုံးကို ခြုံကြည့်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းကလည်း ရှေ့လာမယ့်
နှစ်မှာ ဝ.၂% ထိ ဖြစ်လာနိုင်ပါတယ်။ ခုလို စားသုံးသူတွေရဲ့ သုံးစွဲမှုတွေ ကျဆင်းသွား
တာဟာ ၁၉၈၀ ခုနှစ်ကနေ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြီးဆုံးအုပ်စုကြီးဖြစ်တဲ့ စီးတီးဘဏ်
အုပ်စုကနေ အလုပ်သမားပေါင်း ၅၀,၀၀၀ ကျော်ကို အလုပ်ဖြုတ်ပစ်လိုက်တာကြောင့်
အလုပ်သမားဈေးကွက်အတွင်း အခက်အခဲတွေ ပိုကြုံတွေ့လာကြရပါတယ်။

အာရှနဲ့ ဥရောပရဲ့ အဓိက ဘဏ္ဍာရေးဈေးကွက်တွေလည်း တနင်္လာနေ့က ကျဆင်းခဲ့ပါ
တယ်။ ဥရောပဈေးကွက်အနေနဲ့ကတော့ ပြီးခဲ့တဲ့တပတ်အတွင်း လက်ရှိကြုံတွေ့နေရ
တဲ့ စီးပွားရေးပြဿနာတွေနဲ့ ပတ်သက်ပြီး အကြေအလည် ပြောဆိုဖို့တွေ ရှိလာခဲ့ပါ
တယ်။

ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးကျဆင်းမှုဘက်ကို ဦးတည်နေပြီလို့ တရားဝင် ထုတ်ဖော်
ပြောဆိုလိုက်တဲ့ အချိန်မှာပဲ ဥရောပ စီးပွားရေးဈေးကွက်ဇုန်ကြီးတခုလုံး လည်ပတ်မှု
ကလည်း ရပ်ဆိုင်းလာခဲ့တာကြောင့် တခြားနိုင်ငံတွေအနေနဲ့လည်း စီးပွားရေးကျဆင်း
လာမှုတွေ ရှေ့ဆက် ကြုံတွေ့လာနိုင်ပါတယ်။

ဒီအခြေအနေတွေကြားထဲကပဲ ပြီးခဲ့တဲ့တပတ်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်
မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီး ၂၀ အစည်းအဝေးအတွင်း ဗြိတိန်ဝန်ကြီးချုပ်
ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဒီ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးကို ကမ္ဘာလုံး
ဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းတွေနဲ့ပဲ စီမံဖြေရှင်းဖို့ ပြောဆိုခဲ့ပါတယ်။

"ဘဏ္ဍာရေးဆိုင်ရာ ဦးမော့မှုတွေ ဖြစ်လာနိုင်ဖို့အတွက် လူတွေအားလုံး ပူးပေါင်းပါဝင်
ကြပါလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက
ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ဦးမော့လာစေဖို့ဆိုတဲ့ အဓိပ္ပာယ်က
ဘဏ္ဍာရေး ပြန်လည်တည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပြီး ထိန်းသိမ်းထားနိုင်ဖို့အတွက်
ကိုယ်တတ်နိုင်သလောက် အချိန်တခုသတ်မှတ်ပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေကို
အကူအညီပေးတာ၊ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေကို
အထောက်အပံ့ပေးပြီး ကြုံတွေ့နေရတဲ့ ဆုတ်ယုတ်ကျဆင်းနေမှုတွေကို ဖြေရှင်းပေး
တာပါပဲ။ ဒါအမှန်ပါပဲ။ အခုဆိုရင် ကမ္ဘာအနှံ့အပြားက နိုင်ငံတွေအားလုံး၊ လူတွေ
အားလုံး ဒီအခြေအနေတွေပေါ် ကြည့်ရှုပြီး ခက်ခဲလှတဲ့ ဒီကာလမှာ လူတွေကို ကူညီ
ကြဖို့ပါပဲ။"

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ဦးမော့လာနိုင်စေဖို့အတွက် ရှေ့လာမယ့်
နှစ်တဝက်အတွက် IMF အနေနဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀,၀၀၀ ထက်
မနည်း ပိုပြီးလိုအပ်ပါတယ်လို့ IMF ရဲ့ အကြီးအကဲ ဒိုမစ်နစ် စထရောက်စ် ခန်း
(Dominique Strauss Khan) က ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် ၂၀၀၉ ခုနှစ်အတွင်းမှာတော့ ဗြိတိန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ
စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့ရဖို့ အလားအလာတွေ ရှိနေတာပါ။ အဓိပ္ပာယ်
ကတော့ စီးပွားရေးဖျားနာမှုတွေ ရှိနေဦးမယ် ဆိုတာပါပဲ။

ဗြိတိန်နိုင်ငံက စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ အကြီးဆုံးအဖွဲ့ကြီး
တခုဖြစ်တဲ့ Confederation of British Industry (CBI) ကတော့ ဗြိတိန်နိုင်ငံမှာ
ရှေ့လာမယ့်နှစ်အတွင်း အလုပ်လက်မဲ့ဦးရေနှုန်း အမြင့်မားဆုံးကို ရောက်နိုင်ခြေရှိတယ်
လို့ ပြောဆိုလိုက်ပါတယ်။ ဒီအဖွဲ့ရဲ့ စီးပွားရေးဆိုင်ရာအကြံပေး အကြီးအကဲတဦးဖြစ်သူ
အီရန် မက် ကက်ဖာတီ (Ian Mc Cafferty) က…

"ကျနော်တို့ အခုလက်ရှိ အခြေအနေကိုကြည့်ရင် ၁၇ နှစ်အတွင်း လျှင်လျှင်မြန်မြန်ကြီး
ကို အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒီအတွက် ဒီနှစ်ကုန်တဲ့အခါ
အလုပ်လက်မဲ့ဦးရေ ၂,၀၀၀,၀၀၀ လောက် ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါ
တယ်။ ၂၀၀၉ ခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၁၀ နှစ်စပိုင်းလောက်မှာဆိုရင်
၃,၀၀၀,၀၀၀ လောက်အထိ ရှိလာနိုင်တယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို အလုပ်လက်မဲ့နှုန်းတွေ မြင့်မားလာနေတဲ့ တချိန်ထဲမှာပဲ ဗြိတိန်နိုင်ငံရဲ့ GDP
ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးကလည်း သိသိသာသာ ထိုးကျနိုင်တယ်လို့
CBI က ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG