သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတရား ထောင်ဒဏ်ချမှတ်သူတွေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရာရောက်


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်လို့ ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇဝတ်မှုကျူးလွန်တာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ အစိုးရကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တင်သင့်တယ်လို့ နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။ မြန်မာ နအဖအစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ တရားသူကြီးချုပ် ဦးအောင်တိုး၊ လှိုင်သာယာ တရားသူကြီး ဒေါ်အေးမြိုင်၊ တာမွေတရားသူကြီး ဒေါ်သန်းသန်း၊ ကျောက်တံတားတရားသူကြီးဒေါ်ညွန့်ညွန့်၊ ခရိုင် တရားသူကြီးတွေ ဖြစ်တဲ့ ဦးသောင်းညွန့်၊ ဦးတင်ထွတ် နဲ့ ဒေါ်စိုးဉာဏ် တို့ကို နိုင်ငံတကာ ရာဇဝတ် တရားရုံးက တရား စွဲဆိုနိုင်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးအဖွဲ့က ဒု-ဥက္ကဌ အန်ဒရီရာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ ဥပဒေ ပုဒ်မ(ရ) ကိုကြည့်မယ်ဆိုရင် လူတစ်ဦး တစ်ယောက် ချင်းစီကို မတရား ထောက်ဒဏ်ချမှတ်တာတွေ ၊ မတရားဖမ်းဆီးချုုပ်နှောင်ပိတ်ပင် ထားတာတွေဟာ လူမျိုးစုတခုကို ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုကို ကျူးလွန်တာမဟုတ်ပေမယ့် အဲဒီပုဒ်မအရ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့အတွက် ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇဝတ်မှုကျူးလွန်တာမြောက်ပါတယ်။”

တရားသူကြီးတွေဟာ ဝန်ထမ်းတွေ ဖြစ်ပေမယ့်လည်း အခုလို စစ်အစိုးရရဲ့ မတရားတဲ့အမိန့်အာဏာတွေကိုအသုံးချပြီး အခုလိုမျိုး အပြစ်မဲ့တဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အပေါ် တာဝန် မကင်းဘူး လို့ဆိုပါတယ်။

“နုရင်းဘတ်နဲ့ အီရတ်မှာ ဖြစ်ခဲ့တဲ့ တရားစီရင်မှုတွေကို ကြည့်မယ်ဆိုရင်လည်း တရားစီရင်တဲ့တရားသူကြီးတွေဟာ တရားစီရင်ရေး တာဝန်ကို ထမ်းဆောင်ရင်း မတရားတဲ့ အမိန့်အာဏာကို လိုက်နာပြီး ပြစ်ဒဏ်တွေ ချမှတ် နေခဲ့ပါတယ်။ အခုလဲ ဒီတရားသူကြီးတွေက တရားစီရင်ရေး စနစ်ကို ဖန်တီးနေသူတွေ မဟုတ်ပေမယ့် ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နအဖအစိုးရက ခိုင်းတာကြောင့်လုပ်ရတာ ဖြစ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ တရားသူကြီးများလည်း ဒီနိုင်ငံတကာဥပဒေနဲ့ ငြိစွန်းနေပါတယ်။”

အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံးက မြန်မာ အစိုးရအာဏာပိုင်တွေနဲ့ တရားသူကြီးတွေကို လက်ရှိအာဏာရှိနေတဲ့အချိန်မှာ နိုင်ငံတကာရာဇဝတ်တရားရုံး တရားစွဲ ဆိုလို့ရ၊ မရဆိုတာနဲ့ ပတ်သက်လို့ သူက အခုလိုဆက်ပြီးပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းတဲ့ နိုင်ငံတကာ ရာဇဝတ် တရားဥပဒေအရ အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံးက မြန်မာနအဖအစိုးရ လက်ရှိအာဏာရှိနေတဲ့အချိန်မှာပဲ တရားစွဲဆို အပြစ်ပေးနိုင်ကြောင်း၊ ဒီဥပဒေအရပဲ ဆူဒန်နိုင်ငံသမ္မတကိုလည်း အာဏာရှိနေစဉ်မှာပဲ နိုင်ငံတကာတရားရုံးက တရားစွဲဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို မြန်မာ နအဖအစိုးရက ထောင်ဒဏ် ၂ နှစ် ကနေ ၆၅ နှစ် အထိ ချမှတ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် အခြား နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေကိုလည်း မြန်မာစစ်အစိုးရက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG