သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ


နိုင်ငံတကာမိသားစုက ဝိုင်းဝန်းကန့်ကွက်နေတဲ့ ကြားမှာပဲ မြန်မာစစ်အစိုးရက
လူ့အခွင့်အရေးလှုပ်ရှားသူ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ထပ်ပြီး ထောင်ဒဏ်တွေ
ချမှတ်နေသလို ဖမ်းဆီးထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကိုလည်း
ထောင်တွေ ရွှေ့ပြောင်းနေပါတယ်။ အနည်းဆုံး အန်န်အယ်လ်ဒီအဖွဲ့ဲဝင် ၁၄ ယောက်ကို
ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဧရာဝတီတိုင်း အိမ်မဲမြို့နယ်က အန်န်အယ်လ်ဒီပါတီဝင် ဦးမောင်မောင်ကြီးက ဒီနေ့
စီရင်ချက်ချမှတ်ခံရတဲ့ လူစာရင်းကို အခုလိုပြောပါတယ်။

"ဦးစန္ဒိမာခေါ် ကိုမင်း၊ ဘုန်းကြီးကို လူဝတ်လဲထားတာ။ ဦးသိန်းဝင်း၊ တောင်ဥက္ကလာ
က။ ဦးမြင့်ဆွေ၊ ကြည့်မြင်တိုင်က။ ဦးမောင်မောင်သိန်း၊ မင်္ဂလာဒုံ။ ဦးဟန်စိန်၊ အင်းစိန်။
ဦးတင်အုန်း၊ အောင်ဆန်း။ ဦးတင်အုန်းဆိုရင် အခု အမိန့်ချမှတ်ခံခဲ့ရတဲ့အထိ ရန်ကုန်
ဆေးရုံကြီးမှာ ဆေးကုသခံနေရတယ်။ ဦးစံဘော်၊ တွံတေး။ ဦးချစ်ခင်၊ တွံတေး။
ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် အတွင်းရေးမှူး။ ဦစိုးအုပ်၊ ဗဟန်းမြို့နယ် တွဲဖက်အတွင်း
ရေးမှူး။ ကိုကျော်ဆန်း၊ ညောင်လေးပင်။ ရောဘတ်သန်းအောင်၊ ဦးမောင်စိန်၊
ဦးမြင့်အောင် ဝါးခယ်မမြို့နယ် ဒု-ဥက္ကဋ္ဌ။"

အခုထောင်ချခံရတဲ့ လူ ၁၄ ယောက်ဟာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို
တက်လာရုံသက်သက်နဲ့ အဖမ်းဆီးခံခဲ့ရတာဖြစ်လို့ မတရားတဲ့ဆုံးဖြတ်မှုတွေပဲလို့
ဦးမောင်မောင်ကြီးက ဆက်ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ ဖမ်းသွားတဲ့ ပုဂ္ဂိုလ် ၁၄ ယောက်ဟာ တခြား
သူတွေလိုလည်း လမ်းမလျှောက်ရ၊ ဘာမှမလုပ်ရဘဲ ဒီမွေးနေ့ပွဲကို လာရောက်ပြီးတော့
တက်ရုံလေး၊ ကြည့်ရုံလေးနဲ့ အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးပြီး ဘာမှအပြစ်မရှိဘဲနဲ့၊
တရားရုံးမှာဆိုရင်လည်း ပုလိပ်ရုံးကြီးမှာ ဆယ်ခါ၊ ဆယ့်ငါးခါလောက် ရုံးချိန်းပြီးတော့
လုံးဝမစစ်ဘဲ ဒုက္ခပေးထားတယ်။

"အဲဒီနောက် လူတွေ များများလာတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ရုံးပြောင်း
အမိန့်ဆိုပြီး ရွှေပြည်သာကို ပြောင်းချိန်းတယ်။ အဲတော့ ရွှေပြည်သာကိုလိုက်ကြပြန်
တော့ ရွှေပြည်သာမှာမထုတ်ဘဲ အင်းစိန်ထဲမှာပဲ သူတို့ကိုထားတယ်။ ရှေ့နေခေါ်ပေးဖို့
ပြောတော့လည်း တရားသူကြီးက သူ့တာဝန်မဟုတ်ဘူးလို့ပြောတယ်။ တရားလို
သက်သေတွေကို ပြန်ခေါ်ပြီး စစ်ဆေးဖို့ တောင်းဆိုတော့လည်း မပေးဘူး။ တရားခံ
သက်သေတွေ ကျနော်တို့ပေးပါ့မယ်၊ ကျနော်တို့ကို စစ်ဆေးဖို့ ခေါ်ပေးပါဆိုတော့လည်း
မပေးဘူး။ သူတို့ တရားခံတွေလို့ သတ်မှတ်ထားတဲ့၊ ကျနော်တို့အဖွဲ့ချုပ်က ဘာမှအပြစ်
မရှိတဲ့သူတွေကို ဒီနေ့ မတော်မတရားတွေ စွပ်စွဲပြီးတော့ နောက်ဆုံး အခုလို ထောင်ချ
လိုက်ခြင်းဖြစ်ပါတယ်။"

ဒီနေ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ အပြစ်ပေးခံရတဲ့ ၁၄ ယောက်အုပ်စုထဲမှာပါတဲ့
ကိုထွန်းမြင့်ရဲ့ဇနီး မစန်းစန်းဝေကလည်း သူကြုံတွေ့ရတဲ့ အခက်အခဲတွေကို အခုလို
ရှင်းပြပါတယ်။

"သူစဝင်သွားကတည်းက ကျမယ်ဆိုတာတော့ ကျိန်းသေသိနေပါတယ်။ အဲဒီအတွက်
ပြင်ဆင်ထားရတာပေါ့။ စိတ်ဓာတ်ကိုလည်း ခိုင်ခိုင်ထားရတာပေါ့။ ခါတိုင်းက
ကိုထွန်းမြင့်က အချုပ်ပဲကျဖူးတာ။ အဲလို နှစ်ကြာကြာတော့ မကျဖူးဘူးပေါ့။ ဒီတခါ
လည်း ၂ နှစ်ခွဲက နည်းတော့နည်းပါတယ်၊ ပါးပါးလေးပါ။ မှုတော့မမှုပါဘူး။"

အိမ်ထောင်ဦးစီးတယောက်က အခုလို ထောင်ကျသွားတဲ့အတွက် မိသားစုမှာ ဘယ်လို
အခက်အခဲတွေ ကြုံရပါလဲ။

"အခက်အခဲတွေကတော့ အများကြီးကြုံရပါတယ်။ သူပဲ စီးပွားရှာနေတယ်ဆိုတော့
ကျမတို့မှာ တော်တော်လေး အခက်အခဲဖြစ်ပါတယ်။ သားသမီးကလည်း သုံးယောက်
ရှိတဲ့အတွက် အခက်အခဲကတော့ ဖြစ်တယ်။ ဒါပေမယ့် အဖွဲ့ဝင်တယောက် ဖြစ်တဲ့
အတွက် စိတ်ဓာတ်တော့ ခိုင်ခိုင်ထားရတာပေါ့။ မှုတော့လည်း မမှုပါဘူး။"

တွံတေးမြို့နယ် အန်န်အယ်လ်ဒီအဖွဲ့ဝင် ဦးစံဘော်ရဲ့ ဇနီးဖြစ်သူကလည်း ဒီနေ့
ထောင်ဒဏ်ချမှတ်တဲ့အထဲမှာ သူ့ရဲ့အမျိုးသားလည်း ပါဝင်တာမို့ မတရားတဲ့လုပ်ရပ်
တွေကြောင့် သူ့ရဲ့မိသားစု ဒုက္ခရောက်ရတယ်လို့ ဆိုပါတယ်။

"ဦးစံဘော်က ကျန်းမာရေး သိပ်မကောင်းဘူး။ ခဏခဏ ဆေးသွင်းရတယ်၊ ကျမမှာ
အဲလိုအခက်အခဲတွေ ရှိတယ်။"

ဘာရောဂါလဲခင်ဗျာ။

"သေးပြစ်တဲ့ရောဂါလို့ ပြောတာပဲ၊ ကျမလည်း မသိပါဘူး။ အဲလိုပြောလို့ ကျမလည်း
သွေးကျဲဆေးတွေ ဘာတွေ ဝယ်ပေးရတယ်။"

အခု ထောင်ထဲမှာ နောက်ဆုံးတွေ့ခဲ့ရတော့ ကျန်းမာရေးအခြေအနေက ဘယ်လို
ရှိပါသလဲ။

"အခု သွားတွေလည်း နှုတ်ပစ်ရတယ်လို့ ကျမကို နောက်ဆုံးပြောပါတယ်။"

သွားတွေက ထောင်ထဲမှာနှုတ်ရတာလား ခင်ဗျာ။

"ဟုတ်ကဲ့၊ ထောင်ထဲမှာပဲ နှုတ်ရတယ်။"

ဘာဖြစ်လို့လဲခင်ဗျ။

"သွားတွေနာတယ်ဆိုပြီး နှုတ်တာပဲ၊ ကျမကို အဲလိုပဲပြောပါတယ်။ သုံးချောင်းဆိုလား
နှုတ်ရတယ်တဲ့။ သူတို့က တမင်သက်သက် ယုတ်မာတာပေါ့ဗျာ။ ဆန္ဒပြတာတို့ ဘာတို့
မရှိဘူးလေ၊ ဦးစံဘော်တို့မှာ။"

ဦးစံဘော် ထောင်ကျသွားတော့ မိသားစုအခြေအနေ ဘယ်လိုရှိပါသလဲ။

"ကျမတို့မှာ မိသားစုနှစ်ယောက်ရှိတယ်။ သားလေးက ၈ တန်းကျောင်းသား။ အခုလို
ဆိုရင် သားလေးအတွက်လည်း ကျမတို့မှာ သိပ်ပြီး ဒုက္ခရောက်တယ်။ ကျမတို့မှာ
စားဝတ်နေရေးလည်း သိပ်ဒုက္ခရောက်တယ်။ ကျမတု့ိက တောင်ယာသမားလေ။"

ဒီနေ့ပဲ ထောင်ချခံထားရတဲ့လူ ၁၄ ယောက်ကိုလည်း ဝေးလံတဲ့ထောင်တွေဆီ
ရွှေ့ပြောင်းလိုက်ပါတယ်။ အဲဒီထဲမှာ အများစုက ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်းစိန်တရားရုံးက ရရှိ
ထားတဲ့ လူစာရင်းကို အန်န်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

"ဒီနေ့ပြောင်းတာက ကိုမာကီးက ဘိတ်ကိုပြောင်းတယ်။ မမီးမီးက ပုသိမ်။
ကိုဇော်ဇော်မင်းက တောင်ငူ။ ကိုအံ့ဘွယ်ကျော်က ကသာ။ ကြီးသန်းခေါ် ဦးသန်းတင်က
စစ်တွေ။ မသက်သက်အောင်က မြင်းခြံ။ ကိုဂျင်မီက တောင်ကြီး။ ဖုန်းမူခေါ်
သင်းကြည်လှိုင်ကျော်က ပြည်။ ကိုသိန်းအေး မြစ်ကြီးနား။ သက်ဇော်ခေါ် ဇော်မိုးက
မော်လမြိုင်။ ပဏ္ဍိတ်ထွန်းက ဗန်းမော်။ မင်းဇေယျက လားရှိုး။ ကိုမင်းဟန်လည်း
လားရှိုးပဲ။ မမာမာဦးက သာယာဝတီ။ အဲဒီ ၁၄ ဦးပြောင်းတယ်။

"ပြီးခဲ့တဲ့လကလည်း ၆၅ နှစ်ကျပြီး မအူပင်ပြောင်းတာတွေရှိတယ်။ မအူပင်က ပြန်ခေါ်
လာတယ်။ အခုထပ်ပြီး နယ်ကိုပြန်ရွှေ့တယ်။ အဲဒီလို နယ်ထောင်ပြောင်းပြီးမှ ပုဒ်မ
တပ်ပြီး ပြန်ခေါ်လာတာမျိုးလည်း ရှိသေးတယ်။ HRDB က ဇော်မင်း၊ အောင်ဇော်ဦး၊
ဝင်းမော်၊ ၃၃(က) အီလက်ထရောနစ်ဥပဒေနဲ့ ထပ်စွဲဖို့ ဒီက အထူးတရားရုံးမှာ အမှုတွဲနဲ့
ကပ်တယ်။ ၃၃(က) နဲ့ပြန်ပြီးစွဲတာ။"

ဒီနေ့ ထောင်ချခံရသူတွေနဲ့ ထောင်ပြောင်းခံရသူတွေအကြောင်း အန်န်အယ်လ်ဒီ ပါတီ
ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ပြောပြခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးရရှိတဲ့သတင်းအရ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းကိုလည်း
သရက်ထောင်ကို ရွှေ့လိုက်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG