သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်


ဇင်ဘာဘွေနိုင်ငံမှာ အာဏာခွဲဝေရေး အခြေအနေ ဆောလျင်စွာ တိုးတက်မလာဘူး
ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပစ်မှတ်ထား အရေးယူမှုအသစ်တွေ ချမှတ်ရ
လိမ့်မယ်လို့ ဇင်ဘာဘွေနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျိမ်းစ် မက်ဂီး
(James McGee) က သတိပေးလိုက်ပါတယ်။ နိုင်ငံရေးအခြေအနေ တိုးတက်
ကောင်းမွန်လာခြင်း မရှိတာကြောင့် ဘက်ပေါင်းစုံ လူမှုရေးအခြေအနေတွေ ပိုပြီး
ယိုယွင်းဆုတ်ယုတ်လာတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် ဒေးဗစ်
ဂေါလပ်စ် (David Gollust) အမေရိကန်နိုင်ငံခြားရေးဌာနက ပေးပို့ထားတဲ့သတင်းလွှာ
ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ဇင်ဘာဘွေနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စက်တင်ဘာလကစပြီး တိုးတက်မှုမရှိခဲ့
တဲ့အတွက် လူထုရဲ့ ကျန်းမာရေးအပါအဝင် ဘက်ပေါင်းစုံ အခြေအနေတွေဟာ မြန်မြန်
ဆန်ဆန် ကျဆင်းလာနေပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ဝမ်းရောဂါဖြစ်ပွားမှုတွေလည်း
ရှိနေတယ်လို့ ဟာရာရီးမြို့တော်ရဲ့ အမေရိကန်သံအမတ်ကြီးက ဆိုပါတယ်။ ဒီရောဂါ
ကြောင့် သေဆုံးရသူပေါင်းလည်း ၃၀၀ ခန့် ရှိနေပြီလို့ ဆိုပါတယ်။

သမ္မတမူဂါဘီ (Mugabe) အနေနဲ့ MDC ခေါ် ဒီမို
ကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုပါတီ
ခေါင်းဆောင် မော်ဂန် ချန်ဂရိုင်း (Morgan
Tsvangerai) နဲ့ အာဏာခွဲဝေရေးကိစ္စကို သဘောရိုး
နဲ့ စတင်ဆောင်ရွက်ခြင်းမှတပါး တိုင်းပြည်အခြေ
အနေ ကောင်းလာနိုင်စရာနည်းလမ်း မမြင်ဘူးလို့
သံအမတ်ကြီး မက်ဂီးက သတင်းထောက်တွေကို
ပြောသွားပါတယ်။

ဒါပေမယ့် အခုအချိန်အထိတော့ မစ္စတာမူဂါဘီဟာ
မတ်လ ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့
MDC ပါတီကို အရေးမပါတဲ့ ဝန်ကြီးဌာနတချို့
လောက် လွှဲပေးရုံကလွဲပြီး ဒါ့ထက်ပိုပြီး အာဏာခွဲဝေဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။
တိုင်းပြည်မှာ စီးပွားရေးပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုတွေ ဖြစ်နေပေမယ့် မစ္စတာ
မူဂါဘီဟာ သူ့ရဲ့မဟာမိတ်တွေကို ငွေကြေးတွေ ပံ့ပိုးထားပြီး ထောက်ခံမှုကို ထိန်းသိမ်း
ထားနိုင်တဲ့အတွက် အာဏာကို လွယ်လွယ်နဲ့ စွန့်လွှတ်လိမ့်မယ်မဟုတ်ဘူးလို့လည်း
သံအမတ်ကြီးက သုံးသပ်ပါတယ်။

"ဇင်ဘာဘွေမှာ သူ့အနေနဲ့ အာဏာကို လွယ်လွယ်နဲ့ မစွန့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း
ပြောထားပြီးပါပြီ။ SADC လို့ခေါ်တဲ့ တောင်အာဖရိကဖွံ့ဖြိုးရေး အဖွဲ့အစည်းကဆိုရင်
စည်းလုံးညီညွတ်သော အစိုးရတရပ်ရှိရမယ်၊ အာဏာခွဲဝေရေး လုပ်ရမယ်လို့ ကြေညာ
ချက်တွေ ထုတ်နေပါတယ်။ မူဂါဘီကတော့ မော်ဂန် ချန်ဂရိုင်းကို အာဏာအစစ်အမှန်
ပေးပြီး အစိုးရထဲ ဘယ်တော့မှ ပါဝင်ခွင့်မပေးနိုင်ဘူးဆိုတာ ပြသနေပါတယ်။"

မစ္စတာမူဂါဘီရဲ့ ပါးနပ်တဲ့ ကြီးကြပ်ကွပ်ကဲမှုကြောင့် သူ့ရဲ့ အာဏာကို ချုပ်ကိုင်နိုင်မှုဟာ
အရင်ကထက်တောင် ပိုပြီး ခိုင်မာလာနေပါတယ်တဲ့။ သို့သော်လည်း နိုင်ငံတကာက
ဖိအားပေးမှုတွေ၊ ဒီသမ္မတနဲ့ သူ့မိသားစုတွေ၊ အပေါင်းအသင်းတွေကို ပစ်မှတ်ထား
အရေးယူပိတ်ဆို့မှုတွေကို အခိုင်အမာ တစိုက်မတ်မတ် ပြုလုပ်ခြင်းအားဖြင့် အမှန်
တကယ်ပဲ ထိရောက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီနိုင်ငံရေးအခြေအနေ
တိုးတက်မလာရင် သမ္မတဘုရှ်အစိုးရကတော့ အရေးယူပိတ်ဆို့မှု အသစ်တွေကို
ဆက်လုပ်မယ်လို့ ရှင်းရှင်းပဲ ပြောသွားပါတယ်။

"ကျနော်တို့မှာ အသင့်ပြင်ထားတဲ့ နောက်ဆက်တွဲ အရေးယူပိတ်ဆို့စရာတွေ ရှိပါတယ်။
အခုလောလောဆယ်တော့ ဒီနိုင်ငံမှာ ဖြစ်ပျက်နေသမျှ ကျနော်တို့ စောင့်ကြည့်နေပါ
တယ်။ သိပ်တိုတောင်းတဲ့အချိန်မှာ တိုးတက်ပြောင်းလဲမှု မရှိဘူးဆိုရင်တော့ ကျနော်တို့
အဖို့ တခြားရွေးစရာလမ်း မရှိပါဘူး။ ပိုမိုခက်ခဲ ကြမ်းတမ်းတဲ့ အရေးယူပိတ်ဆို့မှုတွေ
ချမှတ်ဖို့ပဲ ရှိပါတယ်။"

ဇင်ဘာဘွေနိုင်ငံကို အမေရိကန်ရဲ့ ပေးနေကြ စာနာမှုအကူအညီတွေကိုတော့ သူတို့
လျှော့ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီအကူအညီတွေဟာ တနှစ်တနှစ်ကို ဒေါ်လာ
သန်းပေါင်း ၂၀၀ ကျော်ထိရှိပါတယ်။ ဇင်ဘာဘွေအာဏာပိုင်တွေဟာ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ဖို့ လာတဲ့အခါ ကျေးလက်ဒေသအရောက် သွားလာ
ရေး လွယ်ကူနိုင်အောင်အတွက် အကန့်အသတ် အတားအဆီးတွေကို လျှော့ချပေးထား
တဲ့အတွက်လည်း သံအမတ်ကြီး မက်ဂီးက ကြိုဆိုပါတယ်။ သို့သော်လည်း မကြာခင်က
သူ တောင်အာဖရိကကနေ ဟာရာရီးမြို့တော်အထိ သွားလာခဲ့တဲ့ လေ့လာရေးခရီးစဉ်
အတွင်းမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေဟာ အင်မတန် ထိတ်လန့်စရာကောင်းတယ်လို့
ဆိုပါတယ်။

"သိပ်ကိုဆိုးရွားနေပါတယ်။ ဘာမှမလုပ်မကိုင်ဘဲ ရပ်နေသူတွေ အများကြီးပါ။ ဗိုက်ပူ
နံကား ကလေးသူငယ်တွေ အမြောက်အမြား တွေ့နေရပါတယ်။ လူတွေဟာ ဘာမှ
အာဟာရမရှိတဲ့ သစ်ရွက်တွေကို စားလို့ ရလိုရငြား ခူးဆွတ်နေကြပါတယ်။ ရွာတွေကို
ဖြတ်သွားတိုင်း လူတွေဟာ မျှော်လင့်ချက်ကင်းတဲ့အကြည့်နဲ့ ကြည့်နေကြပါတယ်။"

ဒီလို အခြေအနေတွေ ဆိုးရွားနေပေမယ့် သဘာ၀ သယံဇာတ ပေါကြွယ်ပြီး တချိန်တခါ
က စားနပ်ရိက္ခာတင်ပို့တဲ့ နိုင်ငံကြီးတခုဖြစ်ခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံဟာ နိုင်ငံရေးပြဿနာ
သာ ပြေလည်သွားပြီဆိုရင် စီးပွားရေးအခြေအနေ ပြန်လည်ကောင်းလာနိုင်တယ်လို့
လည်း အမေရိကန်သံအမတ်ကြီးက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG