သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ


နာဂစ်မုန်တိုင်း တိုက်ခတ်လို့ ဒုက္ခသည်တွေ၊ ဒုက္ခရောက်နေသူတွေကို အကူအညီတွေ ပေးနေရင်းနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက ထောင်ဒဏ် ၄၅ နှစ် ဒီကနေ့ အပြစ်ပေးလိုက်ပါတယ်။ သူ့အတွက် နောက်ဆက်တွဲ အမှုတွေလည်း ကျန်နေသေးတယ်လို့ လူရွှင်တော် ဇာဂနာရဲ့ ရှေ့နေက ပြောပါတယ်။ တခါ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် ကိုယ်တော်တပါး ဖြစ်တဲ့ အရှင် ဂမ္ဘီရ ကိုလည်း နောက်ထပ် ထောင်ဒဏ်တွေ ဒီနေ့ ထပ်ချလိုက်လို့ စုစုပေါင်း ၆၈ နှစ် ကျခံရဖို့ ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုကျော်အောင်လွင် က စုံစမ်းတင်ပြထားပါတယ်။

ပထမဦးဆုံး လူရွှင်တော် ဇာဂနာ ကို ဒီကနေ့ပဲ အင်းစိန် အကျဉ်းထောင်ထဲက တရားရုံးမှာ ထောင်ဒဏ် ၄၅ နှစ် စီရင်ချက် ချလိုက်တဲ့ကိစ္စကို သူ့ရဲ့ ရှေ့နေဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုသူရ ခေါ် ဇာဂနာ ကို ဒီနေ့ စီရင်ချက် ချတယ် ကြားပါတယ်။ ဘယ်လို အခြေအနေ ရှိပါသဲခင်ဗျ။ -

“အမှု ၃ မှု ချတာပေါ့နော်။ အီလက်ထရောနစ် ၃၃ (ဃ) နဲ့၊ တမှုစီမှာ ၁၅ နှစ်စီနဲ့ ၃ မှုဆိုတော့ ၄၅ နှစ်ပေါ့။”

တကယ်တမ်းတော့ သူ့ရဲ့ အမှုက ကျန်သေးလားခင်ဗျာ။ -

“ကျန်ပါသေးတယ်။ ကြာသပတေးနေ့ကို ၄ မှု ကျန်သေးတယ်။”

ကိုဇာဂနာ ရဲ့ အမှုကို လိုက်တဲ့ ရှေ့နေတဦးအနေနဲ့ အခုလို ချမှတ်တဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီးတော့ ဘယ်လို ဝေဖန်ချက် ပေးချင်ပါလဲ။ -

“ဒါကတော့ ကျမတို့ ဥပဒေ နဲ့ ငြိစွန်းချက် မရှိဘူးပေါ့နော်။ မရှိဘဲနဲ့ ချတယ်လို့ပဲ ကျမတို့က ပြောရမှာပဲ။”

ကိုသူရ ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။ ဒီနေ့ တွေ့ခဲ့ရပါလား။ -

“တွေ့ရပါတယ်။ ကောင်းပါတယ်။ သူကတော့ ပျော်ပျော် ပါပဲ။ လူရွှင်တော် ပီသစွာနဲ့ ပျော်ပျော် ပါပဲ။”

ဟုတ်ကဲ့၊ အခုလောက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထား ဘယ်လို ရှိပါသလဲခင်ဗျ။ -

“ခန့်မှန်းလို့တောင်မရဘူး။ သူ ပျော်နေလို့ ကျမတောင် စိတ်ညစ်နေတယ်။ သူကတော့ အမြဲတမ်း အမြဲ ပျော်နေတာပဲ။ အမိန့်မချခင်လည်း ပျော်တာပဲ။ သူ ရုံးမထွက်ခင်က ဟိုလူ့ကို နောက်၊ ဒီလူ့ကို နောက်၊ ပျက်လုံးထုတ်လိုက် နဲ့ သူ ပြောနေတာပဲ။”

အဲဒါကတော့ လူရွှင်တော် ဇာဂနာ ရဲ့ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ဌေးကြွယ် ဖြစ်ပါတယ်။ လူရွှင်တော် ဇာဂနာ ရဲ့ ညီမဖြစ်သူ မငြိမ်း ကလည်း ဒီကနေ့ အင်းစိန် အကျဉ်းထောင်မှာ သူ့ရဲ့ အစ်ကိုနဲ့ တွေ့နိုင်မလား ဆိုပြီးတော့ တနေကုန် လာ စောင့်ကြည့်နေတာပါ။

“အစ်ကိုအတွက် ကျမ ဂုဏ်ယူပါတယ်။ သူတို့တွေ ဘယ်လိုပဲပြောပြော ဒါ နာဂစ် အတွက် လုပ်ရင်းနဲ့ ဖြစ်တာပါပဲ။ အများအတွက် လုပ်ရင်းနဲ့ ဖြစ်တဲ့အတွက် ဂုဏ်ယူစရာ ကိစ္စပါပဲ။ မဖြစ်သင့်တဲ့ကိစ္စတွေတော့ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့က ဘာမှလုပ်ပိုင်ခွင့် မရှိဘူးလေ။”

ဒီနေ့ လူချင်း ဆုံခဲ့ရပါသလားခင်ဗျ။ -

“မတွေ့ခဲ့ရဘူး။ ကျမတို့ တနင်္ဂနွေနေ့မှာ ပါဆယ် ပို့ရမယ်။ ကိုသူရ အမှု ပြတ်ရင်တော့ တွေ့ရမယ်ပေါ့နော်။”

ဟုတ်ကဲ့။ လူတွေရဲ့ ကောင်းကြိုးကိစ္စတွေကို ဖန်တီးနေတဲ့သူ အားလုံးကို ပျော်ရွှင်အောင် လုပ်နေတဲ့ လူတယောက်ကို ဒီလောက် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရတာ ဘာပြောချင်ပါသလဲ ခင်ဗျ။ -

“ကျမကတော့လေ ဒီဟာတွေကို ရယ်ပဲ ရယ်ချင်ပါတယ်။”

လူရွှင်တော် ဇာဂနာ ရဲ့ ညီမ မငြိမ်း ပြောပြခဲ့တာဖြစ်ပါတယ်။

လူရွှင်တော် ဇာဂနာကို အခုလိုမျိုး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဟာ မြန်မာစစ်အစိုးရ က သွားနေတဲ့ လမ်းကြောင်းရဲ့ ဆန့်ကျင်ဘက်ကို လုပ်နေတာပဲလို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သူ အရှင် ဂမ္ဘီရ ကိုလည်း ဒီနေ့ ထောင်ဒဏ်တွေ တိုးမြင့်ချလိုက်လို့ စုစုပေါင်း ၆၈ နှစ် ထောင်ဒဏ်ကျခံရမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ရှင်းပြပါတယ်။

“၁၉ ရက် ၁၁ လ ၂၀၀၈ ခုနှစ် နေ့ရက်က ကြည့်မြင်တိုင် တရားရုံး ကနေ စွဲတာ။ ၂၉၅ (က) ရယ်၊ ၅၀၅ (ခ) ရယ်၊ ၂၀ ရက်နေ့ကျတော့ သူက အနောက်ပိုင်း ခရိုင်ရုံးကနေ ၃၃ (ဃ) အီလက်ထရောနစ် ဥပဒေ နဲ့ ၁၅ နှစ် ချတယ်။ နောက် ကမာရွတ် ကနေ စွဲတဲ့အမှု၊ စုစုပေါင်း ၉ ခုနဲ့ ၂၉ နှစ် ချတယ်။ ၂၀ ရက်နေ့မှာ ၄၄ နှစ် ချတယ်။ ဒီနေ့ ၂၁ ရက် ဒီနေ့ နေ့စွဲနဲ့ပေါ့ အလုံ တရားရုံးကနေ ၂၉၅ (က) ရယ်၊ ၅၀၅ (ခ) ရယ် က ၂ နှစ်စီ၊ နောက် မတရားအသင်း ဆက်သွယ်တဲ့ပုဒ်မ ၁၇/၁ နဲ့ ၁၃/၁ ကို ၅ နှစ်၊ အားလုံးပေါင်း ၁၂ နှစ်၊ စုစုပေါင်း ဆိုရင် ၆၈ နှစ်။”

အေအေပီပီ အဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ အရှင် ဂမ္ဘီရ လို သံဃာတော်တပါးကို လူ့သက်တမ်းတခုစာလောက် ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ ထောင်ထဲမှာပဲ သေအောင် သတ်လိုက်တာနဲ့ အတူတူပဲလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG