သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်


မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ပြင်းပြင်းထန်ထန် ရူတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီက မနေ့က ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြင်သစ်နိုင်ငံ အဆိုတင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းကို မနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မယ် ၂၉ မဲနဲ့ မဲပေးဘဲ နေခဲ့တဲ့ နိုင်ငံ ၆၃ မဲရှိခဲ့တဲ့အကြောင်း အထွေထွေညီလာခံ သဘာပတိက ကြေညာလိုက်ပါတယ်။ ဒီ ဆုံးဖြတ်ချက်ကို ချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာနေတာကို နိုင်ငံတကာက အာရုံစူးစိုက်လာနိုင်အောင် ရည်ရွယ်တာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာကို ဝိုင်းဝန်း အဖြေရှာ နိုင်အောင် ကြိုးပမ်းကြဖို့ ရည်ရွယ်ပါတယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက အထွေထွေညီလာခံကြီးမှာ ပြောဆိုသွားပါတယ်။ မြန်မာစစ်အစိုးရဟာ အရင် အထွေထွေ ညီလာခံကြီးနဲ့ လူ့အခွင့်အရေးကောင်စီ က ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်း မရှိဘူးဆိုပြီး ဘာသာပြန်ကတဆင့် အခုလို ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဆုတ်ယုတ်မှု အခြေအနေတချို့ကြောင့် စိုးရိမ်နေရတဲ့ အနေအထားတွေ ရှိနေရတာပါ။ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကလည်း လွတ်လပ်မျှတတဲ့ အထွေထွေရွေးကောက်ပွဲတခု ပေါ်လာဖို့အတွက် အနိမ့်ဆုံးအဆင့် လိုအပ်တဲ့ သတ်မှတ်ချက်တွေတောင် ပြည့်မှီတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ သဘာ၀ ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့အချိန် ဒီ လူထုဆန္ဒခံယူပွဲကို ကျင်းပခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကိုလည်း ထောင်ဒဏ်တွေ ချမှတ်အရေးယူနေပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ ပြင်သစ်နိုင်ငံ အပါအဝင် အီးယူ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ဖိအားပေးဘို့အတွက် ဒီ ဆုံးချက်မှုကြမ်းကို တင်သွင်းခဲ့တာလို့ ပြောပါတယ်။ ဒီ ဆုံးဖြတ်ချက်စာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ မူကြမ်းဖြစ်ပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေကို မသိကျိုးကျွံပြုနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို နိုင်ငံရေးအရ အသုံးချနေတာမျိုးတွေကို ဆန့်ကျင်ပါတယ်။ ပဋိဉာဉ် စာတမ်းအရ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် လုပ်ဆောင်တဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်လာအောင် ကြိုးပမ်းသင့်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တာမျိုးတွေနဲ့ ဖိအားမပေးသင့်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖိအားပေးဖို့ ပစ်မှတ်ထားတဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ဆန့်ကျင်ပါတယ်။” - လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်က ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အအချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာနေတဲ့အခြေအနေကို အသိအမှတ်ပြုဖို့ တောင်းဆိုသွားပါတယ်။

“စောစောပိုင်းက ကျနော် ပြောခဲ့တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့အတိုင်း မြန်မာနိုင်ငံဟာ အကျဉ်းသား ၉,၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့မရှုတဲ့ မူတွေကို ကိုင်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးကို လည်း ဖွင့်ထားပါတယ်။ အဆင့် (၇) ဆင့်ပါ နိုင်ငံရေးလမ်းပြ အစီအစဉ်တွေကို အကောင်အထည်ဖေါ်ရေး ကြိုးပမ်းချက်တွေမှာလည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရနေပါပြီ။” - ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်တင့်ဆွေ က ပြောသွားတာပါ။

ဒီလို မြန်မာသံအမတ်ကြီးက ပြောသွားပေမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ရေးဆွဲခဲ့တဲ့ နှစ် (၆၀) ပြည့် အခါသမယ နီးကပ်လာတဲ့အချိန် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နှစ် ၆၀ ကျော် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေအပေါ် နိုင်ငံတကာက စောင့်ကြည့်နေတယ် ဆိုတာကို မနေ့က ကုလသမဂ္ဂ ဆုံးဖြတ်ချက်က ပြလိုက်တာပါ။

ကမ္ဘာ့နိုင်ငံတွေက မျက်ကွယ်မြန်မာနိုင်ငံ အပြင် အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေကိုလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အတွက် ရှုတ်ချတဲ့အကြောင်း မနေ့က အထွေထွေညီလာခံရဲ့ တတိယကော်မတီ က ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံကလည်း အထွေထွေညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်ကို ငြင်းပယ်လိုက်ပြီး ဒီလို ဆုံးဖြတ်ချက် ချနိုင်အောင် ပူးတွဲ အဆိုပြုခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကို အထိုက်တန်ဆုံး ပြန်ပေးဆပ်ရမယ်လို့ သတိပေး ခြိမ်းခြောက် ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG