သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် နယူးယောက်ခ် ဗဟိုဘဏ်ဥက္ကဋ္ဌကိုရွေးချယ်


အရွေးကောက်ခံ သမ္မတ အိုဘားမား (Obama)
က သူ့ရဲ့ အကြီးတန်း စီးပွားရေးအဖွဲ့ဝင်တွေကို
လူထုနဲ့ မနေ့က မိတ်ဆက်ပေးလိုက်ပြီး နယူး
ယောက်ခ်ဗဟိုဘဏ်ဥက္ကဋ္ဌ တီမိုသီ ဂိုက်သ်နာ
(Timothy Geithner) ကို သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး
သစ်အဖြစ် အဆိုပြုလိုက်ပါတယ်။ အိုဘားမားရဲ့
ယာယီရုံးချုပ်ရှိရာ ချီကာဂိုမြို့ကနေ ဗွီအိုအေ
သတင်းထောက် ကိန်း ဖရာဘိုး (Kane
Farabaugh) သတင်းပေးပို့ထားတာကို
ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ငါးနှစ်အတွင်းမှာ အမေရိကန် အစုရှယ်ယာဈေးကွက် မကြုံဘူးအောင် ဈေးထိုးကျနေ
တာ၊ အမေရိကန် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ပြိုကွဲလုနီးပါး အခြေအနေဆိုက်
နေတာ၊ သန်းနဲ့ချီတဲ့ အမေရိကန်တွေ အလုပ်လက်မဲ့ဘ၀ ရောက်နေကြရတဲ့ အဖြစ်
တွေ၊ အကြွေးနဲ့ဝယ်ထားတဲ့အိမ်တွေကို ဘဏ်တွေက ပြန်သိမ်းကြတဲ့ အဖြစ်တွေနဲ့
အမေရိကန်စီးပွားရေး မျက်ဖြူဆိုက်နေတဲ့အချိန်မှာ အရွေးကောက်ခံသမ္မတ
အိုဘားမားက သူ့ရဲ့ ဘဏ္ဍာရေးအဖွဲ့ကြီးကို ခပ်မြန်မြန်ဖွဲ့စည်းဖို့ သိပ်အရေးကြီးတယ်
ဆိုတာကို ပေါ်ပေါ်ထင်ထင် ပြသလိုက်တာပါ။

"သမိုင်းတွင်လောက်တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ကျနော်တို့ ရင်ဆိုင်နေကြရတာပါ။
ဘဏ္ဍာရေးဈေးကွက်လည်း အတော့်ကို ကမောက်ကမ ဖြစ်နေပါတယ်။ အောက်တိုဘာ
လအတွင်း အိမ်ဝယ်ကြတဲ့အခြေအနေဟာ နှစ် ၅၀ အတွင်း အရေအတွက်အနည်းဆုံး
ရောက်ခဲ့ပါတယ်။ မကြာခင်ကဘဲ အလုပ်လက်မဲ့ အကျိုးခံစားခွင့် တောင်းခံသူ
၅၀၀,၀၀၀ ကျော်သွားလို့ ၁၈ နှစ်အတွင်း အများဆုံးဖြစ်သွားပါတယ်။ ကျနော်တို့အနေနဲ့
ခပ်သွက်သွက်၊ ပြတ်ပြတ်သားသား အရေးတယူ မလုပ်ဘူးဆိုရင်တော့ ရှေ့နှစ်မှာ
အလုပ်အကိုင်တွေ သန်းနဲ့ချီ ဆုံးရှုံးရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြပါ
တယ်။"

မစ္စတာအိုဘားမားက နယူးယောက်ခ်ဗဟိုဘဏ်ဥက္ကဋ္ဌ တင်မိုသီ ဂိုက်သ်နာကို ဘဏ္ဍာ
ရေးဝန်ကြီးအဖြစ် အဆိုပြုဖို့ ရွေးချယ်လိုက်ပါတယ်။ မစ္စတာဂိုက်သ်နာဟာ အမေရိကန်
ဘဏ်လုပ်ငန်းရဲ့ နယ်ပယ်အတော်များများမှာ အတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့် ရှိထား
သူတဦး ဖြစ်ပါတယ်။ ဘဏ္ဍာရေးကဏ္ဍရဲ့ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို အသစ်
တက်မယ့် အစိုးရအနေနဲ့ ကောင်းကောင်းနားလည်ထားပြီးသား ဖြစ်တယ်ဆိုတာကို
သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး ရွေးချယ်မှုက သက်သေပြလိုက်တာပဲလို့ မစ္စတာအိုဘားမားက
မျှော်လင့်ထားပုံရပါတယ်။

"နှံ့နှံ့စပ်စပ်သိထားတဲ့ တင်မ်ရဲ့ နိုင်ငံတကာအတွေ့အကြုံက ဒီအလုပ်အတွက် သိပ်ကို
အဆင်ပြေ သင့်တော်စေပါတယ်။ တင်မ်ဟာ အာဖရိကမှာ ကြီးပြင်းနေထိုင်ခဲ့ဖူးသလို
အာရှမှာလည်း တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။ နိုင်ငံတကာရေးရာ
လက်ထောက်ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတကာနယ်ပယ်မှာလည်း
ကျင်လည်သူပါ။ တရုတ်နဲ့ ဂျပန်ဘာသာစကားကိုလည်း သင်ယူဖူးသူဖြစ်လေတော့
ဒီနေ့ နိုင်ငံတကာဈေးကွက်ရဲ့ ဘာသာစကားတွေကို တခုထက်ပိုပြီး နားလည်မယ့်
လူကတော့ တင်မ်ပါပဲခင်ဗျာ။"

မစ္စတာအိုဘားမား ရွေးချယ်လိုက်တဲ့ နောက်တဦးကတော့ သမ္မတကလင်တန် အစိုးရ
လက်ထက်က ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်ခဲ့တဲ့ လယ်ရီ ဆမ်းမားစ် (Larry
Summers) ဆိုသူပါပဲ။ သူ့ကို အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌ ရာထူးနေရာအတွက်
လျာထားလိုက်တာပါ။ မစ္စတာဆမ်းမားစ်အနေနဲ့ မစ္စတာအိုဘားမားရဲ့ ထိပ်တန်း စီးပွား
ရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။ ကွန်ဂရက်စ်လွှတ်တော်အနေနဲ့
လည်း သူတို့နှစ်ယောက်စလုံးကို အဆိုပြုထားတာတွေကို အမြန်ဆုံး အတည်ပြုပေးလိမ့်
မယ်လို့ မစ္စတာအိုဘားမားက မျှော်လင့်နေပါတယ်။

ဒါမှသာ အမေရိကန်စီးပွားရေး ပြန်လည်နိုးထစေရေးနဲ့ မော်တော်ကားထုတ်လုပ်တဲ့
ကုမ္ပဏီကြီးတွေကို ကျားကန်ပေးရေး အစီအစဉ်တွေကို ချက်ချင်းလက်ငင်း အကောင်
အထည်ဖော်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရားဝင် သမ္မတအဖြစ် တာဝန်
ယူဖို့က အချိန် ၂ လ ကျန်ပါသေးတယ်။

ပီရူးနိုင်ငံ လီမာမြို့မှာ ကျင်းပခဲ့တဲ့ အေးပက်ထိပ်သီးညီလာခံကနေ ပြန်လာတဲ့ သမ္မတ
ဘုရှ်က သူ့ရဲ့ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ ပေါ်လ်ဆင် (Henry Paulson) ဟာ အရွေး
ကောက်ခံသမ္မတ အိုဘားမားရဲ့ ဘဏ္ဍာရေးအဖွဲ့နဲ့ အနီးကပ် ဆက်သွယ်ညှိနှိုင်းနေတယ်
လို့ ပြောပါတယ်။

"အိုဘားမားရဲ့ အသွင်ကူးပြောင်းရေး ကြားကာလအဖွဲ့နဲ့ မစ္စတာပေါ်လ်ဆင် အနီးကပ်
ညှိနှိုင်းနေပါတယ်။ သူတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို
အမေရိကန်ပြည်သူတွေသိဖို့က သိပ်အရေးကြီးပါတယ်။ ဘဏ္ဍာရေးစနစ်ကြီး လုံခြုံ
စိတ်ချရအောင်လုပ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါဟာ သိပ်ပြီးလိုအပ်တဲ့ ပထမခြေလှမ်း
ဖြစ်တယ်" လို့ သမ္မတဘုရှ်က ပြောပြသွားပါတယ်။

အရွေးကောက်ခံသမ္မတ အိုဘားမားက သူ့ရဲ့ ဘဏ္ဍာရေးအဖွဲ့ကြီးမှာ နောက်ထပ် ၂ ဦး
ထပ်ဖြည့်ဖို့ အမည်စာရင်း အဆိုပြုလိုက်ပါတယ်။ စီးပွားရေးသမိုင်းပညာရှင်
ခရစ္စတီးနား ရိုမား (Christina Romer) ကို စီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌ၊
မူဝါဒရေးရာ ကျွမ်းကျင်သူ မယ်လိုဒီ ဘန်းစ် (Melody Barnes) ကို ပြည်တွင်းမူဝါဒ
ရေးရာကောင်စီ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးမှာဖြစ်တယ်လို့ ဗွီအိုအေသတင်း
ထောက် ကိန်း ဖရာဘိုးက ချီကာဂိုမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG