သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ နှုတ်ထွက်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းစစ်တပ် တောင်းဆို


မြန်မာပြည်နဲ့ ကပ်လျက် ထိုင်းနိုင်ငံမှာတော့ နိုင်ငံရေး တင်းမာမှုတွေ တနေ့တခြား ကြီးမားလာနေပါတယ်။ အစိုးရ ဆန့်ကျင်ရေး အင်အားစုက အဓိကကျတဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ကတော့ ရွေးကောက်ပွဲ အသစ် ကျင်းပ နိုင်အောင် အစိုးရကို တိုက်တွန်းမယ်လို့ ပြောနေပါတယ်။ ထိုင်းနိုင်ငံက နောက်ဆုံး အခြေအနေတွေ သိရအောင် ဘန်ကောက်ကို ရောက်နေတဲ့ ကိုကျော်အောင်လွင်က ရှင်းပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် အနုပုံ ပေါင်ချင်ဒါ (Anupong Paochinda) က တိုင်းပြည်ကို စစ်တပ်ကနေ အာဏာ ထပ်ပြီး သိမ်းမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲ အသစ်ကို ပြန်ခေါ်နိုင်အောင် လွှတ်တော်နဲ့ ဝန်ကြီးချုပ်ကို သူ့အနေနဲ့ တိုက်တွန်းမယ်။ ပြဿနာ တွေ ပြေလည်သွားအောင်လို့ ကူညီဖို့ စစ်တပ်ဘက်က အဆင်သင့်ပဲလို့ ဒီနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား ခဲ့ပါတယ်။

ပြည်သူတွေရဲ့ အာဏာကို ပြည်သူတွေဆီ ပြန်ရောက်အောင် စစ်တပ်အနေနဲ့ ကူညီပေးမယ်။ အကောင်းဆုံး အဖြေရအောင် ကြိုးစားသွားမယ်။ အားလုံး သည်းခံကြဖို့နဲ့ ဆန္ဒပြသူတွေလည်း ဆန္ဒပြတွေကို အဆုံးသတ်ကြဖို့ မကြာခင် နာရီပိုင်းကပဲ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ်ကနေ ပြောသွားခဲ့တာပါ။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က အဓိက ကျတဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်မှာတော့ အစိုးရ ဆန့်ကျင်တဲ့ PAD အဖွဲ့တွေက အခုချိန်ထိ သိမ်းပိုက်ထားတုန်းပါ။ ဒီနေ့မနက်ပိုင်း စောစောက ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီးတော့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ယာယီ ရုံးဖွင့်ထားတဲ့ ဒွန်မောင်း လေဆိပ် နားမှာတော့ ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။ စုစုပေါင်း ဗုံး ၄ လုံး ပေါက်ကွဲတာမှာ လူအသေအပျောက်မရှိပါဘူး။ ဒါပေမယ့် လူ ၁၀ယောက် ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ ဒီဗုံးတွေကို ဘယ်သူ ဖောက်ခွဲသလဲ ဆိုတာကတော့ အခုချိန်ထိ မသိရသေးပါဘူး။ အစိုးရဆန့်ကျင်ရေး PADဆန္ဒပြသူတွေဟာ မနေ့က စပြီးတော့ တညလုံး မအိပ်ဘဲနဲ့ အခုအချိန်အထိ တောက်လျောက် ဆန္ဒတွေ ပြနေကြတာပါ။

"ကျွန်တော်တို့ အားလုံးဟာ လူကောင်းတွေကြီးပါပဲ။ လူဆိုး သူခိုးတွေ မဟုတ်ကြပါဘူး။ ရုပ်သေးရုပ်တွေလည်း မဟုတ်ပါဘူး" လို့ လေဆိပ်မှာ ဆန္ဒပြနေတဲ့ အစိုးရ ဆန့်ကျင်ရေး PADအဖွဲ့ဝင် တဦးကနေ ပြောနေတာပါ။

လက်ရှိ ဝန်ကြီးချုပ် ဆွန်ချိုင်းဝန်ဆာဝတ် ဟာ အခု ပြည်ပမှာ ဝရမ်းပြေး ဘဝနဲ့ နေထိုင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှီနာဝတ်ရဲ့ ရုပ်သေးအစိုးရအဖွဲ့ဖြစ်တယ်ဆိုပြီး သူတို့ဘက်က စွပ်စွဲနေတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆွန်ချိုင်းကတော့ ထိုင်းစံတော်ချိန် ဒီနေ့ည ၂နာရီလောက်မှာ ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ APEC အစည်းအဝေးကနေ ထိုင်းနိုင်ငံကို ပြန်ရောက်လာဖို့ ရှိပါတယ်။ သူဘယ်လေဆိပ်မှာ ဆင်းမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ အစီအစဉ်အတိုင်းဆိုရင် သုဝဏ္ဏဘူမိလေဆိပ်မှာ ဆင်းရမှာပါ။ အခုတော့ ဆန္ဒပြသူတွေက အဲဒီလေဆိပ်ကို ဆီးထားတော့ လေယာဉ်အသွားအလာတွေလဲ ရပ်တန့်နေပါတယ်။ နောက်တခါ ဘန်ကောက်မြို့ကနေပြီး ၂နာရီ လောက် ကားမောင်းရင် ရောက်တဲ့ ဥတပေါင် လို့ ခေါ်တဲ့ လေဆိပ်မှာလည်း ဝန်ကြီးချုပ် ဆွန်ချိုင်း အဲဒီကိုလာနိုင်တယ် ဆိုပြီး PADအဖွဲ့ ဆန္ဒပြသမားတွေထဲက တချို့က အဲဒီကို သွားနေကြပါပြီ။ သုဝဏ္ဏဘူမိလေဆိပ်ထဲမှာတေ့ ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ပိတ်မိနေပါတယ်။ သူတို့တွေဟာ လေဆိပ်ထဲမှာပဲ ဖြစ်သလို အိပ်နေကြရပါတယ်။ သြစတေးလျနိုင်ငံကို ပြန်မယ့် ခရီးသည်တဦးကတော့ သူကြုံတွေနေရတဲ့ မရေရာတဲ့ အခြေအနေတွေကို အခုလို ရှင်းပြပါတယ်။

"ဒီနေ့ ဘယ်အချိန်ကျမှ လေယာဉ်ပျံစီးရမယ့် ဆိုတာ မသေချာပါဘူး။ သတင်းတွေကတော့ မျိုးစုံကို ကြားနေရတာပါပဲ"

ဂျာမနီနိုင်ငံကို ပြန်မလို့ စောင့်နေတဲ့ ခရီးသည် တဦးကလည်း

"ကျွန်တော်တို့ ဒီမှာ စောင့်နေရတာ ၂၄နာရီလောက် ရှိနေပြီ အားလည်း မရှိတော့ဘူး။ တော်တော့ကို စိတ်ပျက်ဖို့ ကောင်းတယ်။"

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုတာ ထိုင်းနိုင်ငံကို အဓိကကျတဲ့ ဝင်ငွေတွေကို ပေးနေတဲ့ စီးပွားရေး လုပ်ငန်းတွေပါပဲ။ အခုလတွေဟာ ခရီးသည်တွေ အများဆုံးလာနေတတ်တဲ့ ကာလပါပဲ။ ဒါပေမယ့် အခု ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ခရီးသည်တွေ အလာ သိပ်နဲနေလို့ တိုင်းပြည်ရဲ့ ဝင်ငွေကို တော်တော်လေး ထိခိုက်နေပါပြီ။ ထူးခြားတာတခုကတော့ အစိုးရကို ဆန့်ကျင်တဲ့ PADအဖွဲ့နဲ့ အပြိုင်ဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို ထောက်ခံတဲ့ PPPအဖွဲ့သားတွေဟာ ဒီရက်ပိုင်းတွေအတွင်း လှုပ်ရှားမှုတွေ မရှိသလောက်ကို တိတ်ဆိတ်နေတာပါ။ ဘာကြောင့် သူတို့တွေ တိတ်ဆိတ်နေရသလဲဆိုတာကတော့ အတိအကျရပါဘူး။ ဒီနေ့ညပိုင်းမှာတော့ ဝန်ကြီးချုပ် ဆွန်ချိုင်း ပြန်လာတဲ့အခါကျရင် နိုင်ငံတော်ရဲ့ အရေးပေါ် ကြေညာချက်ကို ထုတ်ပြန်မယ် ဆန္ဒပြပွဲတွေကို ထိမ်းချုပ်ဖို့ စစ်တပ်တွေကို အသုံး ပြုမယ်ဆိုတဲ့ သတင်းတွေကတော့ ထွက်နေတာပါ။ ဒါပေမယ့် အခုချိန်အထိ အတည်ပြုဖို့ ခက်နေပါသေးတယ်။ ဒီနေ့ ညပိုင်းမှာပဲ ထူးခြားလာနိုင်တာတခုကတော့ ဝန်ကြီးချုပ် ဆွန်ချိုင်း ဒီနေ့ည ပြန်ရောက်ပြီးတဲ့အခါ လက်ရှိတက်နေတဲ့ နိုင်ငံရေး ပြဿာနာတွေကို ဖြေရှင်းဖို့အတွက် သူ့အနေနဲ့ ဘယ်လို ဆုံးဖြတ်ချက်တွေကို ချသွားမလဲတာပါပဲ။

အခု နောက်ဆုံး ရရှိတဲ့သတင်း အရ ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းဟာ ဒီနေ့ ညနေ ၅နာရီမှာ ပီရူးနိုင်ငံကနေ ဘန်ကောက် က ဒွန်မောင်းလေဆိပ်ကို ဆိုက်ရောက်ပြီး ချင်းမိုင်လေဆိပ်ကို ဆက်လက် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အခု လက်ရှိမှာ ထိုင်းဝန်ကြီးချုပ်ဟာ ချင်းမိုင်မှာ ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG