သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် နိုင်ငံရေးအကျဉ်းသားနှစ်ဦး နယ်ထောင် အပို့ခံရ


နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ပြီး ဝေးလံခေါင်ဖျားတဲ့ နယ်ထောင်တွေကို ပို့ဆောင်နေရာမှာ ဒီအထဲက မိသားစုဝင်တွေဟာ ဆိုရင်လည်း တကွဲတပြားနဲ့ နယ်ထောင်တွေကို ပို့ဆောင်ခံနေကြရပါတယ်။ ဒီနေ့ ဆိုရင်လည်း မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို ထပ်မံပို့ဆောင်လိုက်တဲ့ အထဲမှာ ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ကြရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို ပို့ဆောင်နေတဲ့ အထဲမှာ ဒီနေ့ ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ အနည်းဆုံး ၂ ဦး ပါဝင်ခဲ့တာပါ။ ထောင်ဒဏ် ၁၂ နှစ် နဲ့ ၆ လ ချမှတ်ခံထားရတဲ့ လူငယ် တက်ကြွလှုပ်ရှားသူ ကိုစည်သူမောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ် အဖွဲ့ဝင်တဦးဖြစ်ပြီး ထောင်ဒဏ် ၆ နှစ် ခွဲ ချမှတ်ခံထားရတဲ့ ကိုသိန်းဆွေကို ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာပါ။ ဒီနေ့ အစောပိုင်းမှာ ထောင်ပြောင်းလိုက်တာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ လူငယ် ကိုသိန်းဆွေရဲ့ ဖခင် ဦးမင်းဆွေ ပြောပြတာကတော့ -

“စစ်တွေကို မနက် ၆နာရီမှာ ပို့လိုက်တယ်လို့ သတင်းရပါတယ်။ ကျွန်တော် အင်းစိန် အကျဉ်းထောင်ကို သွားမေးတော့လည်း စစ်တွေကို ပို့လိုက်ပါတယ်တဲ့။ ကျွန်တော်ကတော့ အပြစ် ၂ခါ ပေးတယ်လို့ပဲ ယူဆတယ်။ ရန်ကုန်မှာ ထားလဲ ရတာပဲ။ ရန်ကုန်မှာဆို ကျွန်တော်တို့ မိဘတွေ သွားရလာရ လွယ်ကူတာပေါ့။ စစ်တွေဆိုတော့ သွားလာစရိတ်ကုန်ကျမယ်။ ကျွန်တော်တို့ ပင်ပန်းမယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို မိဘတွေ အနေနဲ့ စိုးရိမ် ကြောင့်ကြရတာပေ့ါ။”

ဒီလို ထောင်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေကို ပို့နေလို့ မိသားစုတွေ စိတ်သောက ရောက်နေရတဲ့အပြင်၊ ဖမ်းဆီး ခံနေရသူတွေထဲက မိဘတွေနဲ့ သားသမီးတွေ၊ ဇနီး နဲ့ ခင်ပွန်းသည်တွေ၊ ညီအကို မောင်နှမတွေဟာ ဆိုရင်လည်း တကွဲတပြား ထောင်တွေဆီကို ပို့ဆောင်ခံနေကြရတာပါ။ အခုနောက်ဆုံး စစ်တွေထောင်ကို ပို့ဆောင်ခံခဲ့ရတဲ့ ကိုစည်သူမောင် ဟာ ဆိုရင်လည်း သူ့ကို ဖမ်းဆီးတုန်းက ချက်ခြင်း တံခါး ဖွင့်မပေးလို့ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း ထောင်ဒဏ် ၆ နှစ် စီ ချမှတ်ခံခဲ့ရသူ မိဘတွေနဲ့ တကွဲတပြား ပို့ဆောင်ခံခဲ့ရတာပါ။ အခုဆိုရင် ကိုစည်သူမောင် က စစ်တွေထောင်၊ ဖခင်ဖြစ်သူ ဦးပီတာ က ကယားပြည်နယ် လွိုင်ကော်ထောင် နဲ့ မိခင်ဖြစ်သူ ဒေါ်နုနုဆွေ ဟာ ဆိုရင် ဧရာဝတီတိုင်း မြောင်းမြ အကျဉ်းထောင်တွေကို ပို့ဆောင်ခံနေရတာပါ။ နောက်ပိုင်းမှာ ညီမငယ် ၂ ဦး နဲ့ အသက် (၇၀) ကျော် အဖွားသာ ကျန်ရစ်တဲ့ ကိုစည်သူမောင်ရဲ့ မိသားစု အနေနဲ့ အခုလို အခြေအနေမှာ ထောင်ဝင်စာတောင်တွေ့ဖို့ အခက်ကြုံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။ ကိုစည်သူမောင် ရဲ့ ရင်းနှီးသူ မိသားစု မိတ်ဆွေ တဦးလည်းဖြစ်တဲ့ ဦးမင်းဆွေ ကတော့ အခုလို ဆိုပါတယ်။

“သူတို့ မိသားစုတွေကို တကွဲတပြားထား ထားတယ်။ ရုံးထုတ်တဲ့အချိန်မှာတော့ သူ့အဘွားလာတယ်လေ။ အဘွားနဲ့ပဲ တွေ့ရတာပေါ့။ အဘွားကြီးဆို အသက် ၇၀ကျော်လောက် ရှိပါပြီ။ ဒုက္ခရောက်ပါတယ်။ ရုံးထုတ်တုန်းက လာရင် မောမောနေတယ်။ နောက်ပိုင်း မဝင်ရတဲ့အခါကျတော့ အဲဒီ အဘွားနဲ့လဲ မတွေ့ရပါဘူး။”

ဒါကတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်တွေချ၊ နယ်ထောင်တွေကို ပို့နေလို့ ဖမ်းဆီးခံရသူ မိသားစုဝင်တွေကြား တကွဲတပြား ဖြစ်နေရတဲ့ အခြေအနေတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG