သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းကိုတိုက်ခိုက်သူ အကြမ်းဖက်သမားတွေကို အိန္ဒိယတပ်ဖွဲ့ နှိမ်နင်း


အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ မွမ်ဘိုင်းမြို့မှာ သေနတ်သမားတွေ
သိမ်းပိုက်ထားတဲ့ ဇိမ်ခံဟိုတယ်နှစ်ခုအတွင်း ဝင်ရောက်ရှင်းလင်းဖို့ အိန္ဒိယ ကွန်မန်ဒို
တွေ၊ အိန္ဒိယစစ်သားတွေဟာ အတော်ရောက်ရှိလာကြပါပြီ။ နောက်ဆုံးအခြေအနေ
အဖြစ်အပျက်တွေကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မနေ့ညပိုင်းတုန်းက အကြမ်းဖက်သမားတွေရဲ့
စီစဉ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၁ ဦး
အနည်းဆုံးသေဆုံးခဲ့ပြီး ၂၈၇ ဦးကျော် ဒဏ်ရာ
ရထားတယ်လို့ နယူးဒေလီမြို့ကနေ ဗွီအိုအေ
သတင်းထောက် အန်ဂျနာ ပတ်စ်ရစ်ချာ
(Anjana Pasricha) က သတင်းပေးပို့ခဲ့ပါတယ်။
မွမ်ဘိုင်းမြို့က ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ်နှစ်ခု
ဖြစ်တဲ့ တာ့ချ် မဟာ (Taj Mahal) ဟိုတယ်နဲ့
အိုဘရိုင်း (Oberoi) ဟိုတယ်တွေမှာ အကြမ်းဖက်
သမားတွေက ဓားစာခံလုပ် သိမ်းယူထားတာကို
ကယ်တင်ဖို့ အခု ကြာသပတေးနေ့ အစောပိုင်းကပဲ နယူးဒေလီကနေ မွမ်ဘိုင်းက
အယောက် ၂၀၀ ပါတဲ့ ကွန်မန်ဒိုအဖွဲ့တခု ချက်ချင်းရောက်လာပါတယ်။ စစ်သားတွေ
ဟာ အဲဒီဟိုတယ်တွေကို ဝိုင်းရံထားပါတယ်။

ကွန်မန်ဒိုတွေ ဟိုတယ်တွေထဲ ဝင်ရာက်ချိန်မှာပဲ အပြင်မှာတော့ ပစ်ခတ်သံတွေ
တချက်တချက် ကြားနေရပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်
တိုက်ခိုက်ရာမှာ ဒီဟိုတယ်နှစ်ခုဟာလည်း ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်း
က ဟိုတယ်အတွင်းပိုင်းထဲမှာ နိုင်ငံခြားသားတွေရော အိန္ဒိယနိုင်ငံသားတွေပါ ပိတ်မိ
နေခဲ့ပါတယ်။ အထဲမှာပိတ်မိနေသူတွေ အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာ
တော့ အတိအကျ မသိရပါဘူး။ ဒီဟိုတယ်နှစ်ခုစလုံးဟာ စီးပွားရေးသမားတွေ၊
နိုင်ငံခြားခရီးသွားလာသူတွေ အများဆုံး တည်ခိုလေ့ရှိတဲ့နေရာတွေပါ။

အခု သေနတ်သမားတွေက ဓားစာခံလုပ်ထားတဲ့အထဲမှာ နိုင်ငံခြားသားတွေလည်း
ပါဝင်တယ်လို့ ယူဆရပါတယ်။ ညကတော့ တာ့ချ်မဟာဟိုတယ်မှာ အကြမ်းဖက်သမား
တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အဆောက်အဦး အစိတ်အပိုင်းအချို့
မီးသင့်ခဲ့ပါတယ်။ အဲဒီကနေ လူအတော်များများကို တညပေါက်လုံး မီးသတ်သမား
တွေက ကယ်ထုတ်ခဲ့ကြပါတယ်။

တာ့ချ်ဟိုတယ်ထဲမှာ လူတွေပိတ်မိနေတဲ့အထဲက တချို့ကတော့ ပြင်ပသတင်းထောက်
တွေနဲ့ ဖုန်းလိုင်းတွေကတဆင့် အဆက်အသွယ် လုပ်နိုင်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ၁၅ မိနစ်လောက်အထိ ကျနော့်အခန်းနား လှေကားမှာ ပစ်ကြခတ်ကြပါတယ်။
မောင်းပြန်သေနတ်တွေနဲ့ပါ။ ဟိုတယ်အုပ်ချုပ်ရေးပိုင်းက အတော်လေးကို ကျနော့်
အတွက် လုပ်ပေးခဲ့ပါတယ်။ ကျနော်တို့ကို မီးတွေပိတ်ထားဖို့ ပြောတယ်။ လိုက်ကာတွေ
ချထားဖို့ မှာတယ်။ အထဲမှာပဲနေပြီးတော့ တံခါးခေါက်လာရင် ပြန်မဖြေဖို့၊ မဖွင်ပေးဖို့
မှာပါတယ်။"

အိန္ဒိယနိုင်ငံရဲ့ အငယ်တန်း ပြည်ထဲရေးဝန်ကြီး ရှရီ ပရာကေ့ရှ် ဂျေဆွယ်လ်
(Sri Prakash Jaiswal) ကတော့ အခုအကြမ်းဖက်မှုဟာ အတော်လေးကို အစီအစဉ်
တကျ လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ အိန္ဒိယနိုင်ငံမှာ အဆိုးဆုံးထဲက တခုဖြစ်တယ်လို့ ပြောပါ
တယ်။

"အခု အကြမ်းဖက်တိုက်ခိုက်မှုဟာ စစ်ပွဲတခုသဘော အစိုးရအနေနဲ့ မြင်ထားပြီး ဒါကို
စစ်ပွဲတပွဲ ရင်ဆိုင်တိုက်ခိုက်သလိုမျိုး ကိုင်တွယ်ဖြေရှင်းသွားမယ်" လို့ သူက ဟင်ဒီ
စကားနဲ့ ပြောသွားတာပါ။

မွမ်ဘိုင်းမြို့တွင်းမှာတော့ လူတွေ အိမ်အပြင်မထွက်ကြဖို့ ရဲက တိုက်တွန်းထားတာမို့
မွမ်ဘိုင်းမြို့တမြို့လုံးကတော့ လုံး၀ ငြိမ်သက်ခြောက်ကပ်နေပါတယ်။ စတော့ခ်
ဈေးကွက်ကိုလည်း ပိတ်ထားရပါတယ်။ အာဏာပိုင်တွေအဖို့တော့ အိန္ဒိယနိုင်ငံသမိုင်း
မှာ အဆိုးဆုံးတခုလို့ ပြောရမယ့် ဒီအကြမ်းဖက်မှုနဲ့ လုံးပမ်းနေရပါတယ်။ အခုသေဆုံး
သွားတဲ့အထဲမှာတော့ မွမ်ဘိုင်းမြို့ရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ရဲအကြီးအကဲတဦးနဲ့
အနည်းဆုံး ရဲတပ်သား ၁၁ ဦး ပါဝင်ပါတယ်။

မွမ်ဘိုင်းမြို့အစွန်ပိုင်းမှာ ဗုဒ္ဓသာသနာပြု ဦးဂိုအင်ဂါကျောင်းတိုက် ရှိလေတော့ မွမ်ဘိုင်း
မြို့ဟာ မြန်မာနိုင်ငံသားတွေ အဝင်အထွက်ရှိတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ အဲဒီ
ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အခြေအနေကတော့ အခုအချိန်အထိ အားလုံး
အေးအေးချမ်းချမ်းပါပဲလို့ ဦးဂိုအင်ကာကျောင်းတိုက်က မစ္စတာဗားမားက ပြောပြပါ
တယ်။

"ကျနော့် ဓမ္မဂီရိမှာ ရောက်လာတဲ့ အင်္ဂလန်က ယောဂီတွေက ကျန်းကျန်းမာမာပါပဲ။
ပြီးတော့ ဗမာပြည်က ဘုန်းကြီးတပါးလည်း ရောက်တယ်။ သူတို့လည်း ကျန်းကျန်း
မာမာပဲ။ အခု ဘုံဘေမှာရောက်နေတယ်။ အပြင်မှာတော့ အခြေအနေ ကောင်းနေ
တုန်းပဲ။ တကယ်တော့ အဲဒီရပ်ကွက်ကို သွားခွင့်မရှိဘူး၊ ထွက်ခွင့်မရှိဘူး။"

အသွားအလာတွေရော ဘယ်လိုနေပါလဲခင်ဗျ။

"သွားလာနေပါပြီ။ ရထားတွေလည်း ထွက်နေတယ်။ အခု ဗမာပြည်ကရောက်နေတဲ့
ဧည့်သည်တွေက မိုးရီးပနီကနေ မူဂျယားပြည်နယ်ကိုသွားမယ်။ သူတို့ကိုပို့ဖို့အတွက်
ကျနော် ဒီဘူတာရုံကိုရောက်နေတယ်။ ဒါ ဘုံဘေဘူတာရုံတခုပါ။"

ဦးဗားမား ဘူတာရုံမှာရောက်တော့ရော ဒီအခြေအနေနဲ့ပတ်သက်လို့ လူတွေက
ဘာများပြောကြပါလဲ။

"ဘာမှမပြောပါဘူး။ ကျနော် ဘယ်သူနဲ့မှလည်း စကားမပြောရသေးပါဘူး။ ပုလိပ်
တွေက နေရာတကာမှာ ရှိနေပါတယ်။"

နောက်ဆုံးအခြေအနေ ဘာများကြားပါသလဲ။ သေနတ်သမားတွေက ဘယ်နေရာမှာ
အဓိကနေရာယူထားပါလဲ။

"အဓိကကတော့ သူတို့က အိုဘရိုင်းဟိုတယ်ရယ်၊ တာ့ချ်ဟိုတယ်ရယ်။ အဲဒီနေရာတွေ
မှာ ပုလိပ်တွေ အများကြီးပဲ။ အဲတော့ ဝင်ခွင့်ထွက်ခွင့် မရှိတော့ဘူး။"

အခု အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ ထိခိုက်ဒဏ်ရာရသူတွေ
ဟာ ဆေးရုံတွေမှာတော့ ပြည့်နှက်နေပါတယ်။ ဒီအထဲမှာ နိုင်ငံခြားသားတွေလည်း
ပါဝင်ပါတယ်။ အခုတိုက်ခိုက်မှုကိုတော့ ဒီကန် မူဂျာဟစ်ဒင် (Deccan Mujahideen)
အဖွဲ့က သူတို့လုပ်တာလို့ ကြေညာထားပါတယ်။ ဒီအဖွဲ့ကိုတော့ လူသိနည်းပါတယ်။
မျက်မြင်အချို့ အပြောအရတော့ သူတို့ဟာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေကို
ပစ်မှတ်ထား ရှာဖွေနေတယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးသိရတဲ့ အခြေအနေအရ သေနတ်သမားတွေသိမ်းထားတဲ့ ဟိုတယ်နှစ်ခု
ထဲက တာ့ချ်ဟိုတယ်က ဓားစာခံတွေ ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
ဟိုတယ်အတွင်းမှာတော့ အကြမ်းဖက်သမားတွေ ရှိနေတုန်းလို့ သိရပါတယ်။ ဟိုတယ်
အပြင်ဘက်မှာတော့ ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ တချက်တချက် ကြားနေရတယ်
လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG