သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ချမှတ်ခံရ


မြန်မာစစ်အစိုးရ ကနေ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၂ ကို ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပြန်ပါတယ်။ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ ဦးမြင့်အေး အပါအဝင် လှုပ်ရှားသူအချို့ ကိုတော့ ဖောက်ခွဲ ဖျက်ဆီးရေး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တသက်တကျွန်း အပြစ်ဒဏ် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦး က တင်ပြထားပါတယ်။

ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရတဲ့အထဲမှာ HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ က ဦးမြင့်အေး အပါအဝင် အဖွဲ့ဝင်အချို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ၊ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေ၊ နောက် စာနယ်ဇင်းဖက်ဆိုရင် မြန်မာနေရှင်း ဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့ အားလုံး စုစုပေါင်း အနည်းဆုံး ၂၂ ဦး ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကိုတော့ ဖောက်ခွဲဖျက်ဆီးရေး ပုဒ်မနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး က အခုလို ပြောပါတယ်။

“ဦးမြင့်အေးက ပုဒ်မ ၃/၆ ဖေါက်ခွဲကူညီ ပေါ့နော်။ အဲဒါနဲ့ တသက်တကျွန်း၊ ရန်ရွှေက ဖေါက်ခွဲ နဲ့ တသက်တကွျွန်း ပုဒ်မ (၃)။ နောက်တခါ ၁၇/၁ နဲ့ ၃ နှစ်။ ၁၃/၁ နဲ့ ၅ နှစ်၊ ၁၃/၅ နဲ့ ငါးနှစ်၊ ရန်ရွှေက ပေါင်း တသက်တကျွန်းနဲ့ ၁၃ နှစ်။ နောက် ဇော်ဇော်အောင်။ ဖေါက်ခွဲသုံးနဲ့ တစ်သက်တကျွန်း၊ ၁၇/၁ နဲ့ ၃ နှစ်၊ ၁၃/၁ နဲ့ ၅ နှစ်၊ တသက်တကျွန်းနဲ့ ရှစ်နှစ်။”

အခြား HRDP အဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် နောက်ထပ် ၄ ဦး ကိုလည်း ရွှေပြည်သာ တရားရုံးကနေ ထောင်ဒဏ် ၈ နှစ်စီ အမိန့် ချလိုက်တယ်လို့ သိရပါတယ်။ မြန်မာနေရှင်းဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့နှစ်ဦး ကိုတော့ ၁၇/၂၀ ပုံနှိပ်အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ က ၁၃ ဦး ကိုလည်း ထောင်ဒဏ် ၆ နှစ်စီ အမိန့် ချခဲ့တယ်လို့ ကိုမောင်မောင်လေး ကပဲ အခုလို ပြောပါတယ်။

“ဒီနေ့ အရှေ့ပိုင်း ခရိုင် ရုံးကပေါ့နော် ကိုသိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘယ်အေး (ခေါ်) မေဦး၊ မနွဲ့နှင်းရီနိုးနိုး၊ သရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကျော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ မောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင် အဲဒီ ၁၃ ယောက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သုံးကြိမ် စွဲပြီးတော့ ထောင်ဒဏ် ၆ နှစ် ချလိုက်တယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖောက်ခွဲရေးပုဒ်မတွေနဲ့ အရေးယူခံရတဲ့ ကိုမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ မိသားစုဝင်တွေ ကတော့ သူတို့ကို အပြစ်စီရင်ခံတဲ့ တရားရေးစနစ်ဟာ မျှတမှုမရှိသလို၊ အခု အရေးယူခံရတဲ့ ပြစ်မှုတွေမှာလည်း ဘာမှ ထင်ရှားတဲ့ အထောက်အထားတွေ မရှိပါဘူးလို့ ပြောကြပါတယ်။

“ကိုမြင့်အေး ဟာ မြန်မာနိုင်ငံ ကသာမကဘူး ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးသမား တယောက် ဖြစ်ပါတယ်။ မနှစ်ကတုန်းက (၅၉) နှစ်မြောက် လူ့အခွင့်အရေးနေ့မှာဆိုလို့ရှိရင် လူ့အခွင့်အရေး ကောင်စီကနေ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးဆီက သဝဏ်လွှာ ပေးပို့ခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလို လူတယောက်ဟာ ဒီလို ဖောက်ခွဲပုဒ်မ နဲ့ တသက်တကျွန်း ချခံရတယ်ဆိုတာ မုန်တိုင်းထန်တဲ့ ရက်တွေပြီးလို့ရှိရင် လေပြေလာမယ့် ရက်တွေကို စောင့်မျှော်နေပါတယ် ဆိုတဲ့ စကားပဲ ပြောလိုပါတယ်။”

“တော်တော်ကို နည်းလမ်းမကျတဲ့ ကိစ္စတွေပါ။ ဘယ်ကမှ သတင်းမရဘူး။ ဖမ်းတာဆီးတာလည်း မသိဘူး။ ၂ လလောက် နေမှ သိတာ။ သိတော့ ဖမ်းထားတယ် ဒီလို ဖောက်ခွဲရေး ကိစ္စနဲ့ပတ်သက်ပြီး အဲလို သတင်းကြားလို့လိုက်တော့ ထောင်မှာ ရောက်နေတယ်။ တို့ မိဘတယောက် အနေနဲ့ကတော့ကွာ ဟုတ်တယ်ဆိုရင်တော့ မပြောလိုပါဘူး။ ဘာမှလည်း မသိရတာ၊ ဟုတ်လည်း မဟုတ်ဘဲနဲ့။ နောက်ပြီးတော့ ဦးနဲ့ ကိုယ်တိုင် အလုပ်လုပ်နေရင်းနဲ့ ဖြစ်တဲ့ဖြစ်ရပ်ပဲကွ၊ မမှန်မကန်ဆိုတော့ စိတ်ထိခိုက်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် အမှန်အကန်ဆိုရင် တို့ မပြောလိုပါဘူး။ မခံထိမခံသာ ဖြစ်တယ် ပေါ့ကွာ။ ပြောမယ် ဆိုလို့ရှိရင်တော့ သူတို့အခု လုပ်နေတဲ့ လုပ်ရပ်က အကုန်လုံး ရုံးမှာ ရှေ့နေတွေ မလိုက်နိုင်တဲ့ အဆင့်မှာတောင်မှပဲ တို့ လူစိမ်းတွေတောင်မှပဲ မမှန်ကန်ဘူးဆိုတာ ပေါ်လွင်နေတယ်။”

“ရင်ထဲမှာ ခံစားရတာက အပြင်ဘက်မှာ ထုတ်ဖော်လို့ရှိရင် ရှုံးရာ ကျမှာစိုးလို့ မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။ ရင်ထဲမှာတော့ ခံစားရတာ အတိုင်းထက်အလွန်ပေါ့။ မွေးထုတ်ထားတဲ့ မိခင် ပဲ သားရယ်။ အန်တီသား က ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ သူများ သွေး ထွက်သံယိုဖြစ်အောင်လည်း မရိုက်နှက်ခဲ့ဘူး။ အဲဒီတော့ ဒီ ဗုံးကြီးကို သွားထောင်တယ်ဆိုတာ အန်တီ က လုံး၀ မယုံကြည်ဘူး။ ရပ်ကွက်ထဲက သူတွေကလည်း လုံး၀ မယုံကြည်ဘူး။ အန်တီ့သားက ဒါကြောင့်မိုလို့ သူတို့ လာပြောတဲ့အချိန်မှာ ခင်ဗျားသား က ကြံ့ခိုင်ရေး ရုံး ဗုံးဖေါက်တဲ့အထဲမှာ ပါတယ် ဆိုတော့ အန်တီ က မကြားဘူးတဲ့စကား ကြားလိုက်ရတဲ့အတွက် ရင်ထဲမှာ ဆို့ပြီးတော့ ပစ်လဲကျသွားတယ်။”

ဒါကတော့ ဖောက်ခွဲရေးပုဒ်မတွေနဲ့ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုမြင်အေး။ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ရဲ့ မိသားစုဝင်တွေ ပြောသွားတာပါ။ သူတို့ကို တော့ ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေးအသင်း ရန်ကုန်တိုင်း မြို့နယ်ရုံးတရုံးကို ဗုံးခွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တွေ အခုလို ချခဲ့တာပါ။ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး ကတော့ အာဏာပိုင်တွေ အနေနဲ့ ဦးမြင့်အေး ကို လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ဖမ်းမရလို့ အခု အမှုနဲ့ အကွက်ဆင် ဖမ်းခဲ့တာလို့ ယူဆပါတယ်။

“ရဲဘော်တွေနဲ့ ကျနော် လုပ်ခဲ့ကိုင်ခဲ့တဲ့တလျှောက် ဒီကိစ္စမျိုးတွေနဲ့ ပတ်သက်တာမျိုး တစုံတရာမှ ကျနော်တို့ စဉ်းစားခြင်း၊ တွေးခေါ်ခြင်းတောင် မရှိဘူး။ ဒါကြောင့် ဒီကိစ္စကို ၁ အချက် လုံး၀ ငြင်းတယ်။ ၂ အချက် - အခုလို စွပ်စွဲတဲ့အချက်တွေက ကျနော်တို့ ဖမ်းဆီးသွားတဲ့ အနေအထားမျိုးမှာ သော်လည်းကောင်း၊ စစ်ကြောရေးကာလမှာ သော်လည်းကောင်း၊ လက်ရှိ တရားရေးအရ တင်လာတဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်လိုက်လို့ရှိရင် ဖမ်းဆီးတဲ့အခါမှာ သူတို့ ဥပဒေနဲ့ မညီမျှပါဘူး။ ဥပဒေနဲ့ မညီစွာ ဖမ်းသွားတယ်ဗျာ။ စစ်ကြောရေး ကာလတွေမှာလည်း ဦးမြင့်အေး ကိုဆိုရင် ၇ ရက် ၇ ည ဆက်တိုက် ပေါ့နော်။ သူ့အသက်အရွယ် ၆၀ နားနီးနဲ့ မတန်အောင် စစ်ဆေးခံရတယ်။ ရန်ရွှေ ဆိုရင် ၈ ရက်နဲ့ ၈ ည ပြင်းပြင်းထန်ထန် စစ်ဆေးခံခဲ့ရတယ်။ မျိုးမင်းတို့၊ သန့်ဇော်မြင့် တို့ ဆိုရင်လည်း အဲဒီလိုပဲ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ဆေးခံရတယ်။ စ ဖမ်းကတည်းက တရားဥပဒေနဲ့ မဆီလျော်တဲ့ကိစ္စတွေကို စလုပ်တာပဲ။ တရားဥပဒေ စိုးမိုးရေး အကြောင်းပြပြီးတော့ ရှေ့မှာ မြန်မာပြည်မှာ ဖောက်ခွဲမှု ဖြစ်စဉ်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့ပါတယ်။ တခါမှ စစ်မှန်တဲ့ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိတဲ့ကိစ္စအပေါ်မှာ အစားထိုး တရားခံ ရှာလိုက်တယ်ဗျ။ အဲဒီအထဲမှာ HRDB ကို သူတို့ ရှာလို့ ပိုပြီးတော့ အဆင်ပြေသွားတယ်လို့ တွေ့ရပါတယ်။”

HRDP အဖွဲ့က ကိုမောင်မောင်လေးဖြစ်ပါတယ်။ မိသားစုဝင်တွေက အခု ထောင်ချခံရသူတွေကို အရင်လူတွေလိုပဲ နယ်ဝေး ထောင်တွေကို ပို့မှာ စိုးရိမ်နေကြပါတယ်။ မနေ့ကအထိဆိုရင်တော့ တလအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူပေါင်း ၂၀၈ ဦးကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ခန့်မှန်းချေ ၁၀၀ ကျော်ကိုတော့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG