သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရရဲ့ အရေးပေါ်အခြေအနေ ဆန္ဒပြသူများ ဖီဆန်


ထိုင်းနိုင်ငံ လေဆိပ်တွေမှာ အစိုးရက အရေးပေါ်အခြေအနေတွေ ကြေညာထားပေမယ့် ဆန္ဒပြသူတွေကတော့ နောက်မဆုတ် ကြပါဘူး။ ဒီမနက် နောက်ဆုံးအခြေအနေကို ထိုင်းနိုင်ငံမှာရောက်နေတဲ့ ကိုကျော်အောင်လွင် ကို ကိုရန်နိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

“အခုနောက်ဆုံး အခြေအနေထိတော့ သုဝဏ္ဏဘူမိ လေဆိပ်နဲ့ ဒုံမောင်း လေဆိပ်မှာ ဝင်ပြီးတော့ သိမ်းပြီး ဆန္ဒပြနေကြတဲ့ PAD အစိုးရ ဆန့်ကျင်ရေးအဖွဲ့သားတွေက ဆက်ပြီးတော့ ဆန္ဒပြမှုတွေကို ဆက်လုပ်နေတုန်းပါပဲ။ ရဲချုပ်သစ် ခန့်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ အစိုးရ ဆန့်ကျင်ရေးသမားတွေကို ရှင်းမယ် ဆိုပြီးတော့ လူတွေက တော်တော်များများ ထင်ထားတာက အခုချိန်ထိတော့ သူတို့ရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေ၊ အရေးယူမှုတွေကို မတွေ့ရသေးပါဘူး။ ဒါပေမယ့် မနေ့က ရဲချုပ်သစ် လဲပြီးတဲ့နောက်ပိုင်း ထိုင်းစံတော်ချိန် ည ၇ နာရီလောက်မှာ သုဝဏ္ဏဘူမိ လေဆိပ်ကို သွားတဲ့ အဓိက လမ်းမကြီးရဲ့ တနေရာမှာ လေဆိပ်မရောက်ခင် တနေရာမှာ ရဲတွေက လက်နက်အင်အား ကြီးကြီးမားမား နဲ့ ပိတ်ဆို့ထားပါတယ်။ သဘောကတော့ အရင်တုန်းကလိုမျိုး လေဆိပ်ထဲကို လူတွေ သွားလို့လာလို့ မလွယ်တော့ဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြသမားတွေက တောက်လျှောက် ဆက်ပြီးတော့ ဆန္ဒပြနေရတာက သူတို့မှာကလည်း ထောက်ခံမှုတွေက တော်တော်များများ ရှိတယ်။ သူတို့ဆီမှာ ရိက္ခာတွေကလည်း တော်တော်များများ ရှိနေတယ်။ ဆိုတော့ သူတို့ဘက်ကလည်း ဒါဟာ နောက်ဆုံးတိုက်ပွဲ ဆိုပြီးတော့ မလျော့တမ်း ခံတိုက်သွားမယ် ဆိုပြီးတော့ အသေခံ တိုက်သွားမယ် ဆိုပြီးတော့ ကြေညာပြီးတော့ သူတို့ လုပ်နေတဲ့အတွက် အခုချိန်ထိတော့ ဆန္ဒပြမှုကလည်း မလျော့သေးဘူး။ ရဲတွေဘက်ကလည်း သိမ်းဆည်းတာတွေ မတွေ့ရသေးပါဘူး။”

ဒါဟာ ဆန္ဒပြသမားတွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာလားခင်ဗျ။ -

“အဲဒီသဘောလို့တော့ အကြမ်းဖက် တွက်လို့ ရပါတယ်။ တခြားလမ်းကြောင်းတွေက လေဆိပ်ကို ဝင်ဖို့ဆိုတာကလည်း မလွယ်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရဲကတွေ လာမှာစိုးလို့ ဆိုပြီးတော့ PAD အစိုးရ ဆန့်ကျင်ရေးအဖွဲ့တွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ လမ်းတွေကို ပိတ်ထားတာ ရှိတယ်။ သူတို့ ပိတ်ထားတာရဲ့ မတိုင်ခင် ရှေ့ကကြိုပြီးတော့ ရဲတွေက ထပ်ပိတ်ထားတာ ဆိုတော့ ဟိုဘက်ပိတ်၊ ဒီဘက်က ပိတ်နဲ့ အထဲကလူကလည်း ရုန်းထွက်ဖို့မလွယ်၊ အပြင်ကလူကလည်း အထဲကို ဝင်ဖို့မလွယ် ဆိုတဲ့ အခြေအနေမှာတော့ ရှိနေပါတယ်ခင်ဗျ။”

စစ်တပ်ရဲ့ လှုပ်ရှားမှုကရော ဘယ်လို ရှိနေလဲခင်ဗျ။ -

“စစ်တပ်ရဲ့ လှုပ်ရှားမှုကလည်း ထူးထူးခြားခြား ကို တိတ်ဆိတ်နေပါတယ်။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က ဆိုရင် စစ်တပ်ဘက်က အာဏာတွေ သိမ်းမယ်၊ နောက်ပြီးတော့ မြို့ထဲမှာလည်း စစ်သားအင်အားတချို့ လုံခြုံရေးချထားတာ တွေ့ရတော့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ မကြာခင် ပေါ်လာတော့မယ် ဆိုပြီးတော့ လူတွေက မျှော်လင့်နေတာပါ။ ဒါပေမယ့် ရဲချုပ်သစ် ပြောင်းပြီးနောက်ပိုင်း လေဆိပ်မှာရှိတဲ့ ဆန္ဒပြသမားတွေကို ရှင်းဖို့ အစိုးရဘက်က အမိန့်ထုတ်ပြီးတဲ့နောက်ပိုင်း စစ်တပ်ဘက်က အသံတိတ်ဆိတ်သွားတာ။ စစ်သားတွေကို မတွေ့ရတော့တာကို ထူးထူးခြားခြား သတိထားမိပါတယ် ခင်ဗျ။”

နောက်ထပ် ထူးခြားချက်တွေရော ဘာများ ရှိပါသလဲခင်ဗျ။ -

“ဒီ အစိုးရ ဆန့်ကျင်ရေး PAD အဖွဲ့တွေ သိမ်းထားတဲ့ လေဆိပ် ၂ ခုစလုံးကို အစိုးရဘက်က ခပ်မြန်မြန် ရှင်းရင်ရှင်း မဟုတ်လို့ရှိရင်တော့ အစိုးရ ထောက်ခံတဲ့အဖွဲ့သားတွေက သူတို့ ဝင်ရှင်းရလိမ့်မယ် ဆိုပြီးတော့ မနေ့တုန်းကပဲ ပြောဆိုမှုတွေ ရှိပါတယ်။ နောက်တခါ ဒီ ၃-၄ ရက်အတွင်း ဒီလို လေဆိပ်ကိုပိတ်ပြီးတော့ ဆန္ဒပြမှုတွေ လုပ်တဲ့ အတွက်ကြောင့်မိုလို့ ဒီခရီးသည်ပေါင်း တသိန်းလောက် ခရီးစဉ် ပျက်ခဲ့ရပါတယ်။ နောက်ထပ် ထူးခြားတာ တခုကတော့ အမေရိကန်အစိုးရဘက်ကနေပြီးတော့ ထုတ်ပြောလာတာပါ။ အဲဒါက ဒီလို လေဆိပ်ကို သိမ်းပြီးတော့ အခုလို ဆန္ဒပြတာဟာ သင့်လျော်တဲ့ ဆန္ဒပြမှုမျိုး မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနဘက်က ပြောပါတယ်။ ဒါကြောင့်မိုလို့ ဆန္ဒပြသမားတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ကြဖို့ တိုက်တွန်းပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံသားတွေကိုလည်း အခြေအနေတွေ ပုံမှန် မဖြစ်မချင်း ထိုင်းနိုင်ငံကို ခရီးမသွားဖို့ ဆိုပြီးတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကနေပြီးတော့ သတိပေးထားပါတယ်။ နောက်တခုကတော့ ပြည်ပြေးဘဝနဲ့ ဒူဘိုင်း နိုင်ငံမှာရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ချီနာဝဒ် ရဲ့ ရေဒီယို သတင်းစကား ကြေညာချက်တခု ထွက်လာတာပါပဲ။ အဲဒီအထဲမှာ အဓိက က လက်ရှိ သုဝဏ္ဏဘူမိ နဲ့ ဒုံမောင်းလေဆိပ်တွေကို သိမ်းပြီးတော့ ဆန္ဒပြနေသူတွေရဲ့ လုပ်ရပ်တွေကို ဝန်ကြီးချုပ်ဟောင်း တက်ဆင် ကနေပြီးတော့ ကန့်ကွက်ရှုတ်ချတာပါပဲခင်ဗျ။”

ဒီသတင်းနဲ့တဆက်တည်း ထိုင်းဝန်ကြီးချုပ် တက်ဆင် ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ထူးခြားတာတခုကတော့ အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နာတာဝဒ် ကနေပြီးတော့ အကယ်၍ စစ်တပ်ကသာ အာဏာသိမ်းမယ်ဆိုရင် ယခု ပြည်ပမှာရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရဲ့ အကူအညီကို ရယူမယ်လို့ ပြောပါတယ်။ အစိုးရအနေနဲ့ စစ်တပ်ကိုလည်း မကြောက်ဘူး။ အကောင်းဆုံး အခြေအနေကို သူတို့ စောင့်ကြည့်နေတယ်။ ဆန္ဒပြသမားတွေကို နှိမ်နှင်းဖို့အတွက် အင်အားသုံး ဖြေရှင်းဖို့အတွက် သူတို့ စောင့်ကြည့်နေတယ် လို့ ဆိုပါတယ်။ ဒီ အင်အားသုံးပြီးတော့ ဖြေရှင်းရေးကိစ္စမှာ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား သံတမန်တွေရဲ့ အားပေးမှုကိုလည်း သူတိုဘက်က ရနေတယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

နောက်တခုက မစ္စတာ တက်ဆင် က အစိုးရအဖွဲ့ကို ၂၄ နာရီ ပတ်လုံး အချိန်မရွေး ဖုန်းဆက်ပြီးတော့ ပြောနိုင်တယ်လို့ ဆိုပါတယ်။ မစ္စတာ တက်ဆင်ဟာ ထိုင်းနိုင်ငံရေးလောကထဲကို ပြန်လာမယ်လို့ အခုလိုမျိုး တင်းမာမှုတွေ အကြီးအကျယ် မဖြစ်ခင်က သတင်းတွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ နောက်ပြီးတော့ သူကလည်း သူ့ကို ထောက်ခံသူတွေကို နိုင်ငံခြားကနေ တယ်လီဖုန်း နဲ့ဆက်ပြီး စကားပြောမယ်လို့ အခြေအနေ ကို ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် အခုလို တင်းမာမှုတွေ တင်းမာလာတော့ သူ့ရဲ့ အစီအစဉ်တွေလည်း ပျက်ပါတယ်။ ဒါပေမယ့်လည်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ နာတာဝဒ် ရဲ့ ပြောဆိုချက်ကို ကြည့်ခြင်းအားဖြင့် ဒီ လက်ရှိအစိုးရနဲ့ မစ္စတာ တက်ဆင် ဟာ အဆက်အစပ်တွေ ကောင်းကောင်းရှိနေတယ် ဆိုတာ ပိုပြီးတော့ ထင်ရှားလာနေပါတယ်။ ဆိုတော့ မစ္စတာ တက်ဆင်ကို ထောက်ခံတဲ့ နေရာမှာ မိသားစုတွေရှိတဲ့ ချင်းမိုင်မြို့မှာ ဆိုရင် မစ္စတာ တက်ဆင် နဲ့ ယောက်ဖ တော်တဲ့ လက်ရှိ ဝန်ကြီးချုပ် မစ္စတာ ဆွမ်ချိုင်း ဟာလည်း အစိုးရ ရုံးအဖွဲ့ကို ဘန်ကောက်ကနေ ပြောင်းပြီး ထိုင်နေပါတယ်။ ဆိုတော့ မစ္စတာ တက်ဆင် နဲ့ လက်ရှိအစိုးရအဖွဲ့တို့ ပတ်သက်မှုက အုပ်စုတခု၊ နောက်တခါ အစိုးရ ဆန့်ကျင်ရေး PAB အင်အားစုတွေ ဆန္ဒပြနေတဲ့ ပုဂ္ဂိုလ်တွေက အုပ်စုတခု၊ နောက်ပြီးတော့ အစိုးရဝန်ထမ်းတွေလို့ ပြောလို့ရတဲ့ ရဲတို့ စစ်တပ်တို့က အုပ်စုတစု ဆိုပြီးတော့ အုပ်စု သုံးခု အခြေခံအားဖြင့် ခွဲလို့ရနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG