သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်း အကြမ်းဖက် တိုက်ခိုက်မှု ပြီးဆုံး


ရက်ပေါင်း ၃ ရက်အတွင်းမှာ အိန္ဒိယနိုင်ငံတဝှမ်းလုံး တုန်လှုပ်ခဲ့ကြရတဲ့ သေနတ်သမား တွေရဲ့ စီးနင်း တိုက်ခိုက်မှုကို ရဲတွေက အခုခါမှာ ထိန်းချုပ်နိုင်လိုက်ပါပြီ။ အိန္ဒိယနိုင်ငံ ငွေကြေးဈေးကွက်နဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ မွမ်ဘိုင်းမြို့ ကို ဝင်ရောက် တိုက်ခိုက်ပြီးတော့ ဟိုတယ်ကြီးတွေကို စီးနှင်းထားခဲ့တဲ့ သေနတ်သမားတွေကို သုတ်သင်နိုင်ခဲ့သလို အရှင် ဖမ်းမိတာလည်း ရှိတယ်လို့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ တွေက ပြောပါတယ်။ သွေးထွက်သံယို တိုက်ခိုက်မှုတွေ အဆုံးသတ် သွားပေမယ်လို့ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်ကနေပြီးတော့ ကြိုးကိုင်သူတွေကိုလည်း ရှာဖွေ ဖော်ထုတ်ဖို့ ကြိုးစားနေကြပါပြီ။ အခုလို အိန္ဒိယနိုင်ငံ သမိုင်းမှာ ဆိုးရွားလှတဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ မနက် အစောပိုင်းအထိ Taj ဟိုတယ်ကို သိမ်းပိုက်ထားတဲ့ အကြမ်းဖက်သမား တွေနဲ့ အိန္ဒိယ ကွန်မန်ဒိုတွေ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်နေကြတုန်းပါ။ ဟိုတယ်ထဲက သောင်းကျန်းသူတွေ ရှိနိုင်တဲ့နေရာလို့ ယူဆရတဲ့ ဒီ ဇိမ်ခံ ဟိုတယ်ကြီးထဲကို ကွန်မန်ဒိုတွေ က လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက် ဖောက်ခွဲခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေက အတော်ကြာမယ့် သဘောရှိပေမယ့် ကွန်မန်ဒိုတွေ၊ ရဲတွေ၊ စစ်တပ်တွေက အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် အခု ညနေပိုင်းမှာတော့ ကျန်နေသေးတဲ့ အကြမ်းသမားတွေကို သုတ်သင်ပြီးတော့ အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဒီစစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့က အကြီးအကဲ ဂျေကေ ဒက် (J.K. Dutt) က ပြောကြောင်း နယူးဒေလီမြို့ကနေ ဗီအိုအေ သတင်းထောက် Steve Herman က သတင်းပေးပို့ခဲ့တာပါ။

မွန်ဘိုင်းမြို့ က နောက်ဆုံးအခြေအနေတွေကို သိရှိရအောင် မြို့ ခံတဦးဖြစ်တဲ့ ဦးခင်ဝင်းကို ကျနော် မေးကြည့်တော့ အခုချိန်မှာ မြို့အနေအထားဟာ ပုံမှန်နီးပါး ပြန်ဖြစ်လာနေတဲ့ အကြောင်း သူက အခုလို စပြောပြပါတယ်။

“အားလုံး အခြေအနေ ကောင်းနေပါတယ်။ အခုဖြစ်နေတာက ဒီနေ့ဆိုရင် တက်ဂျ် ဟိုတယ် နဲ့ အိုဘရိုင် ဟိုတယ်တွေမှာ သူတို့ အားလုံးကို ဖမ်းပြီးတော့လေ၊ ၂ ယောက်ကိုတော့ အရှင်မိတယ်။ ကျန်တဲ့သူတွေ လူမိုက်တွေ အားလုံး သေသွားပြီ။ အားလုံး ၁၉၅ ယောက် သေတယ်။ အဲဒီထဲမှာ နိုင်ငံခြားသား ၂၂ ယောက် ပါ ပါတယ်။ ကျနော် သိသလောက်တော့ သူတို့ နောက်ဆုံး ဟိုတယ်ခန်း ၆၀၀ ကျော် ရှိတဲ့အထဲမှာ သူတို့ အခု တခန်းစီကို လိုက်ပြီး ရှာနေပါတယ်။”

အခု မွမ်ဘိုင်းမြို့ အနေအထားကရော။ -

“မွမ်ဘိုင်းမြို့ အနေအထားက ပုံမှန်ဖြစ်သွားပါပြီ။ အားလုံး အသွားအလာ ဖြစ်နေပါပြီ။ ဒါပေမယ့် အရင်ထက် နည်းနည်းလေး လျော့ပါတယ်။ တချို့ ကြောက်ပြီးတော့ မထွက်တဲ့သူလည်း မထွက်ပါဘူး။ နောက်ပြီးတော့ ဒီနေ့ကလည်း စနေနေ့ ဆိုတော့ အလုပ်လည်း နည်းပါတယ်။”

ဆိုတော့ အဲဒီမှာ ဘာများ ပြောနေဆိုနေကြလဲခင်ဗျ။ လူထု ကြားထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြောက်တာတွေ စိုးရိမ်တာတွေများရှိလား။ -

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့က အခု လာတဲ့ထဲမှာ တယောက်ကို အရှင်မိတယ်၊ တယောက်က ဒဏ်ရာနဲ့ ဟော်တယ်မှာ မိတယ်။ အဲဒီလူကို ဆေးရုံပို့ထားပါတယ်။ နောက် နိုင်ငံရေးသမားတွေကို လူထုက ဆဲနေတယ်။ သူတို့တွေကို ဘယ်သူမှ လာပြီး ကြည့်မယ်သူ ကူညီမယ့်သူ မရှိဘူး။ မဲလိုချင်တဲ့အခါပဲ လာကြတယ် ဆိုပြီးတော့ ဆဲနေကြတာ။ အခုဖြစ်တဲ့အချိန်မှာ နိုင်ငံရေးသမားတွေ တယောက်မှမလာဘူးတဲ့ အဲဒီလို ပြောနေတယ်။ ဒီ လူမိုက်တွေက ဟိုတယ်ထဲမှာ လူဖြူတွေ အားလုံးကို သတ်တော့ အခန်းတွေ ဖွင့်တဲ့အခါမှာ သေတဲ့အလောင်းတွေကို ထပ် ထပ် တွေ့ရတယ်။ သူတို့က မပြေးခင် ရှိသမျှ တွေ့သမျှ သူတွေ အားလုံးကို ပစ်ကြတယ်။ နောက် လက်နက်ခဲယမ်း မီးကျောက် တွေလည်း ပစ်ကြတယ်။ အခန်းနံပါတ် (၆၀၃) မှာ ဆိုရင် သူပုန်နဲ့ ဟိုတယ်က ၃ ယောက်နဲ့ ပေါင်းလုပ်တယ်လို့ သတင်းရပါတယ်။”

ဟိုတယ် အလုပ်သမားနဲ့ ပေါင်းလုပ်တာလား။ -

“ဟိုတယ်ထဲမှာ ဒီ ၃ ယောက်က အရင် ၄ လောက်ကတည်းက လာပြီးတော့ ထမင်းချက်လုပ်ပြီးတော့ သူတို့ အဲဒီထဲမှာ ဝင် နေတယ်။ အဲဒီတွေနဲ့ပေါင်းပြီးတော့ လက်နက်တွေကို တဖြည်းဖြည်း အထဲ ထဲမှာ ထည့်ထားတယ်။ ခဲယမ်းမီးကျောက် တွေ။ အခန်းနံပါတ် (၆၀၃) မှာ တပုံကြီးတဲ့။ အဲဒီအခန်း ပေါက်ကွဲ သွားရင် ဟိုတယ်တောင် ပြိုကျသွားနိုင်တယ်။ အဲဒီလောက်ထိ များတယ်။ ဒါပေမယ့် ကံကောင်းသွားတယ်။ မပေါက်ဘူး။ တော်တော်ကို စီမံပြီး လာတာ သူတို့လူတွေ ၃ ယောက်ကို ၄ လ အရင်ကတည်းက ကြိုထည့်ထားတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက် ခဲယမ်းမီးကျောက်တွေ ဟိုတယ်ထဲ ရောက်ဖို့ဆိုတာ အတွင်းလူ မပါရင် မဖြစ်နိုင်ဘူး။”

မွမ်ဘိုင်းမြို့နယ်ခံ ဦးခင်ဝင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG