သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစိုးရိမ်ရ


မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူ ၂၀၀ကျော်ကို ဒီ နိုဝင်ဘာလ တလအတွင်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား တရာကျော်ကိုတော့ မိသားစုတွေနဲ့ ဝေးလံတဲ့ နယ်စွန်နယ်ဖျားထောင်တွေကို ပို့ခဲ့ပါတယ်။ ပြောင်းရွှေခံရတဲ့ နယ်ထောင်အတော်များများမှာ ထောင်ဆေးရုံ ထောင်ဆရာဝန်မရှိတာကြောင့်၊ အဲဒီကိုရောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်ပူပင်မိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့ ထိုင်းအခြေစိုက်လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ပြောပါတယ်။ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်ကို - ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဘိုကြည်တို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို ဘယ်လိုများသိထားပါသလဲ။

သူတို့စိုးရိမ်နေတာက တချို့ဆေးရုံတွေမှာ ထောင်ဆေးရုံးမရှိဘူး။ ဆရာဝန်မရှိဘူး။ အဲလို နေရာမျိုးကိုရောက်သွားတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးက ပိုပြီး စိုးရိမ်ဖွယ်ရာရှိတယ်။ အဖမ်းအဆီးခံထားရတဲ့သူတွေထဲမှာ တချို့တွေက ကျန်းမာရေး အခြေအနေ တော်တော်မကောင်တာမျိုးရှိတယ်။ ဥပမာ ကိုဆန်းတင်ဆိုရင်လည်း ကျန်းမာရေး တော်တော်မကောင်းဘူး။ ဒေါ် စန်းစန်းတင်ဆိုရင်လည်း ဆီးတို့၊ ကျောက်ကပ်တို့ ခံစားနေရတဲ့ ဝေဒနာရှိတယ်။ ခွဲစိတ်ကုသဖို့ လိုအပ်နေတာရှိတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ ခွဲစိတ် ကုသမှုခံရတယ်ဆိုတာမျိုး ကျွန်တော်တို့ မကြားသေးဘူး။ တချို့ နိုင်ငံရေး အကျဉ်းသားတွေက သေဆုံး သွားနိုင်တဲ့ အနေအထားမျိုးတောင်ရှိတယ်။ ဥပမာ ကိုလှမျိုးနောင်ဆိုရင် မျက်စိတဘက်က ကွယ်ထားပြီးသားဖြစ်တယ်။ နောက်တဘက်လည်း ထပ်ကွယ်မယ့် သဘောရှိတယ်။

အခုဆိုရင် ICRC က ထောင်တွေထဲကို ဝင်လို့မရဘူး။ သူတို့လုပ်ငန်းတွေလည်း မြန်မာနိုင်ငံတွင်းမှာ ကန့်သတ်ခံနေရပါတယ်။ ICRCက နိုင်ငံရေး အကျဉ်းသမားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်မယ့် အလားအလာ ရော ဘယ်လို မြင်ပါသလဲ။

ICRC က ကူညီလုပ်ဆောင်ပေးချင်တဲ့ သဘောရှိတယ်။ သူတို့ လုပ်ပိုင်ခွင့်မရှိဘူး။ ICRCက ကျန်းမာရေးကိုတော့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ အများဆုံး လုပ်ပေးနိုင်တာက နိုင်ငံရေး အကျဉ်းသားတွေအတွက် မိသားစုတွေ သွားတဲ့အခါ ခရီးစရိတ် ထောက်ပံ့နိုင်မယ်။ ၂ယောက်စာမရှိတယ်ဆိုရင်တော့ တယောက်စာကို ပဲ ထောက်ပံ့နိုင်တယ်။ လေယာဉ်လက်မှတ်တွေ ဝယ်ကြရတဲ့အခါ မှောင်ခို ဈေးကွက်နဲ့ ဝယ်ရတယ်။ တရားဝင်ဈေးနဲ့ဆိုရင်လဲ တော်တော်လေး ခက်ခဲတာရှိတယ်။ ဆိုတော့ ICRCက ပြန်ထုတ်ပေးတဲ့အခါမှာ သူတို့က တရားဝင်ဈေးနဲ့ ပဲ ထုတ်ပေးနိုင်တဲ့အတွက် မိသားစုတွေ အတွက် ပိုပြီး ဒုက္ခရောက်ကုန်တယ်။

အရင်တုန်းက ထောင်ထဲကို ဆေးဝါးတွေ ICRCက သွင်းခွင့်ရပါတယ်။ အခုရော ဘယ်လို အခြေအနေရှိပါသလဲ။

အခုတော့ ဆေးဝါးသွင်းခွင့်က ICRCက ဘာမှ မလုပ်ပေးနိုင်ဘူး။ မိသားစုတွေအနေနဲ့ သွင်းချင်လဲ လွတ်လွတ်လပ်လပ် သွင်းလို့ မရဘူး။ ဆရာဝန်ဆေးလက်မှတ်မပါရင် ထောင်ထဲကို ဆေးလုံး၀ သွင်းလို့ မရတဲ့ သဘောရှိတယ်။

ဟိုအရင်က နယ်ထောင်တွေထဲမှာ ကျန်းမာရေး အရမ်းချို့တဲ့တယ်ဆိုရင် မြို့ပေါ်က ထောင်တွေကို ပြန်ခေါ်တာရှိတယ်။ အခုရော ဘယ်လို အခြေအနေရှိပါသလဲ။

နယ်ဝေးထောင်တွေမှာ အမိန့်ကို အဆင့်ဆင့် တောင်းခံနေတာနဲ့ကိုပဲ ဒီလူတွေရဲ့ အနေအထားက ဆေးဝါးကုသနိုင်မယ့် အခြေအနေဟာ တော်တော်ခက်ခဲပါတယ်။ ဒါဟာ မလိုလားအပ်ဘဲနဲ့ အသက် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်မယ့် အခြေအနေပါ။

အေအေပီပီ တွဲဖက် အတွင်းရေးမှုး ကိုဘိုကြည်ဖြစ်ပါတယ်။ နယ်ထောင်တွေကို ပြောင်းရွှေခံရသူတွေကို တွေ့ဆုံနိုင်ဖို့ မိသားစုဝင်တွေက အခုမှ ကြိုးပမ်းနေကြဆဲ ရှိပါတယ်။ ဒါပေမယ့် အချို့နယ်ထောင်ပြောင်းခံရသူတွေဟာ သက်ဆိုင်ရာ ထောင်တွေမှာမရှိဘူးလို့ အာဏာပိုင်တွေက ဖြေကြာားတဲ့အပြင် ဒီလူတွေကို ဘယ်ထောင်ပြောင်းသလဲဆိုတာကိုလည်း မိသားစုဝင်တွေကို အကြောင်းကြားမှုမရှိတာကြောင့် မိသားစုတွေမှာ ဒီလူတွေကို ဘယ်မှာ ရှာရမှန်းကို မသိဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် စက်တင်ဘာလကတည်းက ဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အာဏာပိုင်တွေကနေ အခု ဒီတလအတွင်းမှာပဲ နှစ်ရှည်ထောင်ဒဏ်တွေချခဲ့ပါတယ်။ ဒီနောက်တော့ အတော်များများကို
မြန်မာနိုင်ငံ အရှေ့ဖျား အနောက်ဖျား တောင်ဖျား မြောက်ဖျားအထိ ထောင်တွေ အကျဉ်းစခန်းတွေကို အာဏာပိုင်တွေက ပြောင်းပစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG