သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံတရားရုံး ဆုံးဖြတ်ချက် ထိုင်းဝန်ကြီးချုပ် နာခံမည်


ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်
(Somchai Wongsawat) က သူ့ကို နိုင်ငံရေး
၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေးပါတီကိုလည်း
ဖျက်သိမ်းဖို့ ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံရေးရာ
တရားရုံးရဲ့ စီရင်ချက်ကို သူလက်ခံပါတယ်လို့
ပြောဆိုလိုက်ပါတယ်။

အရင်သီတင်းပတ်အတွင်း ဘန်ကောက်က
အဓိကလေဆိပ်များကို အစိုးရဆန့်ကျင်ရေး
ဆန္ဒပြသမားများ သိမ်းပိုက်ထားလို့ မြောက်ပိုင်း
ချင်းမိုင်မြို့မှာ ရုံးထိုင်နေရတဲ့ မစ္စတာဆွန်ချိုင်း
က သူ့တာဝန်ကုန်ဆုံးသွားပြီမို့ သူဟာ သာမန်
နိုင်ငံသားတယောက်ပဲ ဖြစ်တော့တယ်လို့
သတင်းထောက်များအား ပြောကြားပါတယ်။

ဆွန်ချိုင်း ဝေါင်ဆာဝတ်ရဲ့ ညွန့်ပေါင်းအစိုးရထဲ အဓိကနိုင်ငံရေးပါတီကြီးသုံးခု
မဲမသမာမှုများရှိခဲ့ကြောင်း တွေ့ရှိရလို့ ဖျက်သိမ်းရမယ်လို့ ထိုင်းဖွဲ့စည်းပုံရေးရာ
ရုံးတော်က ဒီနေ့ စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မစ္စတာဆွန်ချိုင်း အပါအဝင်
ပြည်သူ့အာဏာပါတီ၊ ချတ်ထိုင်းပါတီနဲ့ မတ်ချီမာ သီပါတရာပါတီ ခေါင်းဆောင်များ
လည်း နိုင်ငံရေး ၅ နှစ်မလုပ်ရလို့ ရုံးတော်က ပိတ်ပင်လိုက်ပါတယ်။

တရားရုံးတော်စီရင်ချက် ထွက်လာပြီးခြင်းမှာပဲ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က အာဏာရ
ညွန့်ပေါင်းအစိုးရထဲ ပါဝင်တဲ့ ခြောက်ပါတီစလုံးက အမတ်များဟာ ပါတီသစ်များဆီ
ပြောင်းကာ ဝန်ကြီးချုပ်လောင်းတယောက် ရွေးချယ်ရေးအတွက် စတင်လုပ်ဆောင်
နေကြပြီလို့ ပြောဆိုနေကြပါတယ်။

ဒုတိယဝန်ကြီးချုပ် ချောင်ဗာရတ် ချန်ဝီရာကူးလ် (Chaovarat Chanweerakul)
ကတော့ ထိုင်းဝန်ကြီးချုပ်သစ် ပါလီမန်က ရွေးချယ်တဲ့အချိန်အထိ အိမ်စောင့်ဝန်ကြီး
ချုပ် ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

ရုံးတော်ရဲ့စီရင်ချက်နဲ့ပတ်သက်ပြီး ပီအေဒီဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ
သမားများဘက်က တုံ့ပြန်မှု ထွက်ပေါ်မလာသေးပါဘူး။ လေဆိပ်တာဝန်ခံများကလည်း
ခရီးသည်များ ပုံမှန်ပျံသန်းမှု ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် ပြန်စနိုင်ဖွယ်မရှိဘူးလို့
ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG