သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမား ဖမ်းဆီး ထောင်ချရာမှာ မြန်မာနိုင်ငံ တတိယ အဆိုးဆုံး


မြန်မာနိုင်ငံမှာ သတင်းစာနယ်ဇင်း သမားပေါင်း ၁၄ ယောက်မက ဖမ်းဆီးထောင်ချ ခံထားရသလို ပြည်သူတွေအတွက် သတင်းဖြန့်ဖြူး ထုတ်ဝေနေသူတွေ အပေါ်ကိုလည်း အပြင်းအထန် ပိုပြီး ဖိအားပေးလာနေတာ တွေရတယ်လို့ CPJ လို့ခေါ်တဲ့ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အနည်းဆုံး နဲ့ အဖိနှိပ်ဆုံး နိုင်ငံတွေရဲ့ တတိယ နေရာမှာ ရှိတယ်လို့ CPJ က ပြောတယ် ဆိုတော့ မသင်းသီရိ က အပြည့်အစုံ တင်ပြထားပါတယ်။

CPJ က အင်္ဂါနေ့ က ထုတ်ပြန်ခဲ့တဲ့ သူတို့ရဲ့ ၂၀၀၈ ခုနှစ် သတင်းနဲ့ စာနယ်ဇင်း လွပ်လပ်ခွင့် အစီရင်ခံစာ မှာ ပြောထားတာပါ။ ၂၀၀၇ ခုနှစ် ရွေဝါရောင် သံဃာ့လှုပ်ရှားမှုတွေ ပြီးကတည်းက မြန်မာစစ်အစိုးရဟာ သတင်းသမားတွေပေါ် မျက်ခြေမပြတ် ပိုမိုစောင့်ကြည့်ခဲ့တယ် ဆိုတာက ဒီသတင်းတွေကို ကမ္ဘာသိအောင် ပြည်တွင်း သတင်းသမားတွေ ကြိုစားချက်ကြောင့် လို့လည်း ရေးထားပါတယ်။ ဒါ့အပြင် ၂၀၀၈ မေလ နာဂစ် မုန်တိုင်းအပြီး သတင်းတွေကို ဖုန်းကွယ်ဖို့အတွက် မြန်မာစစ်အစိုးရ က တယ်လီဖုန်းလိုင်း နဲ့ အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်တာတွေ လုပ်ခဲ့တယ် လို့လည်း သူတိုရဲ့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဇာဂနာ နဲ့ ဘလော့ဂါသမား အပါအဝင် သတင်းသမားတွေကို နာဂစ်မုန်တိုင်း ကိစ္စတွေ အပြီး ဖမ်းဆီးရာကနေ အခုတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး မြို့ပြနဲ့ ဝေးကွာလွန်းလှတဲ့ နယ်ထောင်တွေကို ပို့ပစ်နေတာတွေ ကိုလည်း မြန်မာစစ်အစိုးရ လုပ်နေတာတွေ ဟာ သတင်းသမားတွေပေါ် စီမံကိန်းနဲ့ စနစ်တကျ ဖြိုခွဲဖိနှိပ်နေတာ ဖြစ်တယ်လို့ CPJ အဖွဲ့က အာရှတာဝန်ခံ Bob Dietz က ပြောပါတယ်။

“မြနု်မာပြည်တဝှမ်း ဘာတွေ ဖြစ်နေတယ်။ ဘယ်လို အခြေအနေတွေ ဖြစ်နေတယ် ဆိုတာကို ကျနော်တို့ အသေအချာ မသိနိုင်ပါဘူး။ သတင်းတွေ ရနိုင်မယ့် နည်းလမ်းတွေ မှန်သမျှ မြန်မာစစ်အစိုးရ က အသေအချာ စောင့်ကြည့် ပိတ်ပင်ထားပါတယ်။ အထူးသဖြင့် ဒီ အခြေအနေတွေက ပြည်တွင်းသတင်းသမားတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက် လာနေတာကို ကျနော်တို့ မြင်နေရပါတယ်။”

အခုလိုမျိုး သတင်းသမားတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖိနှိပ်နေတာတွေဟာ လာမယ့် ၂၀၁၀ မှာ ကျင်းပပေးမယ် ဆိုတဲ့ ရွေးကောက်ပွဲ ကိစ္စတွေကြောင့်လို့ အများက ပြောနေကြတာတွေလည်း ရှိနေတော့ အဲဒီ့အပေါ်ကို CPJ အဖွဲ့အနေနဲ့ ဘယ်လိုထင်ပါသလဲလို့ မေးကြည့်ပါတယ်။

“စစ်ခေါင်းဆောင်တွေ ရွေးကောက်ပွဲ ပြုလုပ်မယ် ဆိုတဲ့ ပြောဆိုချက်တွေမှာ တရားမျှတပြီး လွတ်လပ်မယ့် အရိပ်အယောင်တော့ အခုချိန်ထိ မတွေ့ရသေးပါဘူး။ ဒါပေမယ့် အခုချိန်ကတည်းက သတင်းသမားတွေကို ကြိုပြီး ဖိအားပေးတာ၊ ဖမ်းဆီးတာတွေ လုပ်နေတာ တွေ့ရပါပြီ။ တကယ့်ကို ခြိမ်းခြောက်ခံနေရမှုနဲ့ အဆိုးဆုံး အခြေအနေတွေ ပါပဲဗျာ။”

အခုမြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ် အစီရင်ခံစာနဲ့ ၂၀၀၈ ခုနှစ် အခြေအနေတွေမှာ သတင်းလွတ်လပ်ခွင့် အခြေအနေ နဲ့ ပတ်သက်လို့ တိုးတက်လာတဲ့ အနေအထားမျိုးတွေရော မတွေ့ရဘူးလားရှင့်။ -

“ဘာမှ မရှိပါဘူး။ သတင်းသမားတွေဟာ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေမှာပဲ ရှိနေသေးတာပါ။ ပိုပြီး တင်ကျပ်လာတယ်။ ဖိနှိပ်လာတယ်။ ဖမ်းဆီးထောင်ချလာတယ်။ အဲဒါတွေကလွဲရင် ဘာမှ တိုးတက်တာ မရှိပါဘူး။ ခြွင်းချက်အနေနဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင် လွတ်လာတာ ပြောနိုင်ပေမယ့် တယောက်ထက်မကတဲ့ သတင်းသမားဦးရေ အများအပြား ဖမ်းဆီးထောင်ချတာတွေ ရှိနေတော့ ဘယ်ထောင့်ကမှ တိုးတက်မှု ရှိတယ်လို့ မမြင်ရဘူး။ အင်တာနက်ဆိုင်တွေ၊ တယ်လီဖုန်း လိုင်းတွေ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်နိုင်မယ့် ကိစ္စတွေမှာ ပို တင်းကျပ်လာတာကိုလည်း တွေ့နေရပါတယ်။”

ဒါ့အပြင် သူတို့ရဲ့ အစီရင်ခံစာထဲမှာ ကိုဇာဂနာ ကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ပြီး မိသားစုနဲ့ ဝေးကွာလွန်းလှတဲ့ မြစ်ကြီးနားထောင်ကို ပို့လိုက်တဲ့ အကြောင်းတွေ ဘလော့ဂါသမား ကိုနေဘုန်းလတ် ကို ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ပြီး ဖားအံထောင် ပို့လိုက်တဲ့ အကြောင်းတွေကိုလည်း ရေးထားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာအရ သတင်းသမား အများဆုံး ဖမ်းဆီးဖိနှိပ်တာ တရုတ်နိုင်ငံ ဖြစ်ပြီး ဒုတိယ အများဆုံး နိုင်ငံက ကျူးဘားနိုင်ငံ ဖြစ်သလို မြန်မာနိုင်ငံ က တတိယ သတင်းသမား ဖမ်းဆီးထားမှု အများဆုံး လို့လည်း ဖော်ပြထားပါတယ်။

ဒီ CPJ သတင်းနဲ့တဆက်တည်း ပြင်သစ်အခြေစိုက် RSF အဖွဲ့ကလည်း ကိုဇာဂနာ ကို အင်းစိန်ထောင်ကနေ ဒီဇင်ဘာ လ ၃ ရက်နေ့က မြစ်ကြီးနားထောင် ရွှေ့လိုက်တဲ့အပေါ် ဝေဖန်ပြောဆိုခဲ့သလို ဒီလိုနယ်ထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု မရှိတဲ့အတွက် စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG